ဧရာဝတီမြစ်ဆုံ အိမ်သစ် နေထိုင်သူများ အခြေအနေ ၀န်ကြီး၏ စကားနှင့် ဆန့်ကျင်နေ

ဧရာဝတီမြစ်ဆုံ အိမ်သစ် နေထိုင်သူများ အခြေအနေ ၀န်ကြီး၏ စကားနှင့် ဆန့်ကျင်နေ
by -
KNG

ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းဧရိယာအတွင်းမှ ရွာသစ်များသို့ ပြောင်းရွှေ့ခံရသည့် ကချင်ပြည်သူများ ကျေနပ် ဝမ်းသာနေကြသည်ဟု နအဖ အစိုးရဝန်ကြီးက အမျိုးသားလွှတ်တော် အစည်းအဝေး ...

ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းဧရိယာအတွင်းမှ ရွာသစ်များသို့ ပြောင်းရွှေ့ခံရသည့် ကချင်ပြည်သူများ ကျေနပ် ဝမ်းသာနေကြသည်ဟု နအဖ အစိုးရဝန်ကြီးက အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြောဆိုသည်မှာ လက်တွေ့နှင့် မကိုက်ညီ်ကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီမြစ်ဆုံအနီး လုန်ဂါဇွပ်ရွာသစ်သို့ ရွှေ့ပြောင်းခံရသော ကချင်ရွာသားများ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ယခုလို ပထမဆုံး ကျေးဇူးတော်ချီးမွမ်းပွဲ ပြုလုပ်ခဲ့စဉ်။“အိမ်ကလည်း သေး၊ မြေကလည်း ခြောက်၊ စိုက်ပျိုးလို့လည်းမရ၊ ကြက်၊ ဝက်လည်း မွေးမြူလို့မရဘူး၊ စိတ်ချမ်းသာမှု ဘာမှမရှိဘူး” ဟု နေရာသစ် အပြောင်းခံရသည့် တန်ဖရဲ ဒေသခံတစ်ဦး ပြောသည်။

ကချင်ပြည်နယ် အင်ဂျန်ယန်မြို့နယ် အမျိုးသားလွှတ်တော် အမတ် ဦးဇခုန်တိန့်ယိန်းက မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသူများအတွက် လတ်တလော အခွင့်အရေးနှင့် အနာဂတ် အခွင့်အရေးအကြောင်း မေးမြန်းခြင်းကို အမှတ်(၁) လျှပ်စစ် စွမ်းအားဝန်ကြီးက ဝန်ကြီး ဦးဇော်မင်းက မူလနေထိုင်သော အဆင့်ထက် များစွာသာလွန်အောင် စီမံပေးထားသဖြင့် ဒေသခံများ ကျေနပ်နှစ်ခြိုက် ဝမ်းသာနေကြသည်ဟု ယမန်နေ့က အမျိုးသား လွှတ်တော် စည်းဝေးပွဲအတွင်း ဖြေကြားခဲ့သည်ကို ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖေါ်ပြထားသည်။

အစားထိုး ဆောက်ပေးသည့် အဆောက်အဦးများမှာ ကချင်တိုင်းရင်းသားရိုးရာ နှစ်ထပ်ပျဉ်အိမ်များဖြစ်ပြီး၊ အခြား အဆောက်အအုံများသည်လည်း အခိုင်အမာ RC အဆောက်အအုံများ အဖြစ် တည်ဆောက်ထားကာ ရေ၊ မီး၊ လမ်း ပြည့်စုံသည့် စံပြကျေးရွာ အဆင့်ဖြစ်သည်ဟု ဝန်ကြီးက ဆိုသော်လည်း လူနေအိမ်များမှာ ခိုင်ခန့်မှုမရှိဟု ဒေသခံက ငြင်းဆိုသည်။

“အိမ်ကလည်း အပေါ်ယံပါပဲ၊ လေတိုက်ရင် ယိမ်းတော့မယ့်အတိုင်းပဲ၊ ဒါတောင် တစ်နှစ်တောင် မရှိသေးဘူး၊ အိမ်မှာ ပိုးစား၊ ချစားနဲ့၊ သစ်သားတွေက နေပူပြီး ခြောက်သွားတော့ အိမ်က အပေါက်တွေ ဖြစ်ကုန်တယ်၊ ရေကလည်း ညစ်ပတ်နေတယ်၊ ဒါပေမယ့် သုံးရတာပဲ မတတ်နိုင်ဘူး၊” ဟု သူက ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းအား ၂၀၀၉ခုနှစ် ဒီဇင်ဘာလတွင် တရားဝင် စတင််ကာ တရုတ်အစိုးရပိုင် (China Power Investment Corporation)၊ အေရှားဝေါလ် ကုမ္ပဏီနှင့် စစ်အစိုးရ၏ အမှတ်(၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနတို့ ပူးတွဲ အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်သည်။

ယခုလို တည်ဆောက်နေခြင်းကြောင့် ရေကာတာဧရိယာအတွင်းရှိ တန်ဖရဲ၊ ကျိန်ခရန်၊ မြစ်ဆုံကျေးရွာများကို မြစ်ဆုံမှ ၂၈မိုင်အကွာရှိ အောင်မြင်သာစံပြကျေးရွာသစ်အဖြစ်လည်းကောင်း၊ ခရန်ဘူ၊ ဒေါင်ပန်ကျေးရွာ (၂)ရွာတို့ကို မလိယန် စံပြကျေးရွာအဖြစ် လည်းကောင်း ယခင်နှစ် မေလကုန်ပိုင်းမှစ၍ အဓမ္မ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ယင်းကျေးရွာ ၅ ရွာကို စီမံကိန်းဧရိယာနှင့် မလွတ်ကင်းဟုဆိုကာ ပြောင်းရွှေ့ခြင်းဖြစ်ပြီး လူဦးရေ ၂၀၀၀ကျော်၊ အိမ်ခြေ (၄၁၀) ရှိသည်။

အသစ်တည်ဆောက်သည့် ရွာသစ်များသို့ သွားရောက် စစ်ဆေးခဲ့သည့် အာဏာပိုင် အဖွဲ့နှင့်ပါဝင်ခဲ့သူ မြစ်ကြီးနားမြို့ခံ ဆောက်လုပ်ရေး အင်ဂျင်နီယာကလည်း “အေးရှားဝေါလ်က ဆောက်လုပ်ပြီးတယ် ဆိုတဲ့ အိမ်တွေက လူနေဖို့ အိမ်တွေနဲ့ မတူဘူး၊ သစ်သားစိမ်းတွေနဲ့ ဆောက်လုပ်ထားပြီး တံခါးတောင် ပိတ်လို့မရဘူး၊ အကြမ်းပဲ လုပ်ထားပေးတယ်၊ ပျဉ်အိမ်တွေကလည်း အပေါက်ကျဲကျဲ လုပ်ထားပေးတယ်၊ မီးလည်း ကောင်းကောင်း မဆင်ထားပေးဘူး၊” ဟု ပြောသည်။

ကချင်ပြည်နယ် အင်ဂျန်ယန် အမျိူးသားလွှတ်တော် အမတ် ဦးဇခုန်တိန့်ယိန်း။ ဓါတ်ပုံ-ကချင်သတင်းဌါနယခုအခါ အနီရောင်ရှိပြီး ခြောက်သွေ့နေသည့် မြေပေါ်တွင် မည်သည့် သီးနှံမှ စိုက်ပျိုး၍ မရသည့်ပြင် တစ်အိမ်နဲ့ တစ်အိမ် နီးကပ်လွန်းသဖြင့် အိမ်မွေး တိရိစ္ဆာန်များဖြစ်သည့် ကြက်၊ ဝက် မွေးမြူရန်လည်း အဆင်မပြေ ဖြစ်ရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ရွာသစ်များ၌ ည ၈နာရီကျော်ပါက ရွာပြင်သို့ ထွက်ခွင့် မပေးသည့်အပြင်၊ ဝင်ခွင့်လည်း ပိတ်ပင်ထားသည်။ သတ်မှတ်ထားသည့် အချိန်ထွက်ပါက စစ်ဆေးမေးမြန်းမှု တင်းကြပ်စွာ လုပ်ဆောင်ထားသည်ဟု သိရသည်။

ဧရာဝတီမြစ်ဆုံနှင့် အထက်ဘက်ရှိ မေခ၊ မလိခ မြစ်ဝှမ်းတွင် မြစ်ဆုံ၊ ယီနန်၊ ခေါင်လံဖူး၊ ဖီဇော်၊ ဝူဆောက်၊ ချီဖွေ၊ ချီဖွေငယ်၊ လိုက်ဇာ စသည့် ရေအားလျှပ်စစ်စီမံကိန်း(၈)ခုတည်ဆောက်မည်ဖြစ်ပြီး တပ်ဆင်စက်အင်အား ၁၈၄၉၉ မဂ္ဂါဝပ်ရရှိမည် ဖြစ်သည်။

ဦးဇခုံတိန့်ယိန်းနှင့် မြစ်ဆုံအနီးတွင်အခြေစိုက်သည့် လဝါယန်ဌာနေ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးလဆန်အောင်ဝါတို့ကမူ ရေကာတာစီမံကိန်းကြောင့် ရေလွမ်းမိုးနိုင်သည့် မေခ၊ မလိခ၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကျေးရွာများတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိနေသည်။

Most read this week