NDA-K နယ်ခြားစောင့်တပ်ရှိ ၀န်ထမ်းများ လစာအတွက် မသေချာ

NDA-K နယ်ခြားစောင့်တပ်ရှိ ၀န်ထမ်းများ လစာအတွက် မသေချာ
by -
KNG

မြန်မာ စစ်အစိုးရ လက်အောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းသွားသည့် ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) ၏ ဒေသဖွံ့ဖြိုးရေး ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ လစာ မရေမရာ ဖြစ်နေ ...

မြန်မာ စစ်အစိုးရ လက်အောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းသွားသည့် ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) ၏ ဒေသဖွံ့ဖြိုးရေး ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ လစာ မရေမရာ ဖြစ်နေကြောင်း ၎င်းဝန်ထမ်းတစ်ဦးပြောသည်။

ယခင် NDA-K ခေါင်းဆောင်၊ ယခု တသီးပုဂ္ဂုလအမျိုးသားလွှတ်တော် အမတ် (ဆော့လော်/ချီဖွေ/အင်ဂျန်းယန်)ဦးဇခုန်တိန့်ယိန်း။NDA-K အသွင်ပြောင်းစဉ် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့မှ အသက် ၅၀ ကျော်သူများကို တာဝန်မှ ရပ်နားစေပြီး ယခုအခါ အရပ်ဖက်မှ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား အချက် (၉) ချက်ပါ ကိုယ်ရေးရာဇဝင်အကျဉ်းပုံစံဖြည့်စွက်စေပြီး လျှောက်လွှာ တင်စေခဲ့ကြောင်း သိရသည်။

“ဆေးဆရာ/မတွေ၊ ကျောင်းဆရာ/မတွေကို ကိုယ်ရေးအကျဉ်းချုပ်တောင်းနေတယ်၊ အစိုးရခန့် ပေးမယ် မ ပေးဘူးဆိုတာကတော့ မသိဘူး” ဟု ၀န်ထမ်းတစ်ဦးပြောသည်။

ကျန်းမာရေးဝန်ထမ်း ၁၀၀ ခန့်နှင့် ပညာရေးဝန်ထမ်း ၂၀၀ ခန့်ရှိပြီး လစာအတွက် NDA-K ဌာနချုပ် ပန်ဝါမှ လစဉ် တရုတ်ယွမ်ငွေဖြင့် လစာပေးခဲ့သော်လည်း ဧပြီလ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်သစ်တွင် မည်သူက လစာပေးမည်ကို မသိကြောင်း ပြောသည်။

ဖေဖော်ဝါရီလအတွက် လစာထုတ်ပေးခြင်းမရှိဘဲ အချို့ ဆရာ/မများမှာ အလုပ်မှရပ်နားကာ အိမ်ပြန်ကုန်ကြောင်းကို  “၁၀ယောက်လောက်ရှိမယ် စစ်ကိုင်း၊ မကွေးတိုင်း ရေစကြိုဘက်ကဆရာမတွေ ပြန်ကုန်ပြီ” ဟု ဒေသခံတစ်ဦးပြောသည်။

ဘွဲ့ရဆရာ/မ တစ်ဦး ၂၀၅ ယွမ် (၃၀၇၅၀ ကျပ်)၊ ဘွဲ့မရ ဆရာ/မတစ်ဦး ယွမ် ၁၆၅ (၂၄၇၅၀ ကျပ်) လစာရကြောင်းနှင့် NDA-K နယ်မြေတစ်ခုလုံးတွင် အခြေခံပညာကျောင်းသူ/သား ၁၀၀၀၀ ခန့်ရှိသည်ဟု ပညာရေးပိုင်းတွင် လုပ်နေသူတစ်ဦးပြောသည်။

NDA-K ခေါင်းဆောင်၊ တသီးပုဂ္ဂုလအမျိုးသားလွှတ်တော် (ဆော့လော်/ချီဖွေ/အင်ဂျန်းယန်)ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း နေပြည်တော်လွှတ်တော်အစည်းအဝေး တက်နေသဖြင့် လစာထုတ်မပေးရသေးခြင်းဖြစ်သည်ဟု ကောလဟလဖြစ်ပေါ်နေသည်ဟု သိရသည်။

၂၀၁၁ နှစ်ဆန်းပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်ကိုယ်တိုင် ပန်ဝါနှင့် ကန်ပိုင်တီအား မြို့နယ်ခွဲမြို့နယ်အဖြစ်သတ်မှတ်သည့်ဖွင့်ပွဲအခမ်းအနားများ ပြုလုပ်ခဲ့ပြီး ၎င်းမြို့နယ်ခွဲများတွင် အစိုးရဌာနဆိုင်ရာရုံးပေါင်းစုံစတင် အခြေစိုက်လာကြောင်း သိရသည်။

အမျိုးသားလွှတ်တော်အမတ် ဦးဇခုန်တိန့်ယိန်းသည် ဆန်းလင်းသွင်းကုန်ထုတ်လုပ်ငန်းကို ပိုင်ဆိုင်ပြီး မြန်မာနယ်ရှင်နယ်လိပ်ပြိုင်ပွဲဝင် မနောမြေဘောလုံးအသင်းကိုလည်းထူထောင်ထားသည်။

Most read this week