ငလျင်ပြီးနောက် ယင်ကျန်းမှ မြန်မာကုန်သည်များ ရွှေလီသို့ပြောင်း

ငလျင်ပြီးနောက် ယင်ကျန်းမှ မြန်မာကုန်သည်များ ရွှေလီသို့ပြောင်း
by -
KNG

ရာဂဏန်းရှိ မြန်မာပြည်မှ ကျောက်ကုန်သည်များသည် ပြီးခဲ့သည့် ကြသပတေးနေ့၊ မတ်လ ၁၀ ရက်က အင်အား ရစ်ချက်တာ စကေး ၅.၈ ရှိ မြေငလျင် ဗဟိုပြု တုန်လှုပ်ခဲ့သည့် တရုတ်ပြည် ယင်ကျန်းမြို့ ...

ရာဂဏန်းရှိ မြန်မာပြည်မှ ကျောက်ကုန်သည်များသည် ပြီးခဲ့သည့် ကြသပတေးနေ့၊ မတ်လ ၁၀ ရက်က အင်အား ရစ်ချက်တာ စကေး ၅.၈ ရှိ မြေငလျင် ဗဟိုပြု တုန်လှုပ်ခဲ့သည့် တရုတ်ပြည် ယင်ကျန်းမြို့မှ မြန်မာနယ်စပ်အနီး ရွှေလီမြို့သိို့ ပြောင်းရွှေ့နေကြကြောင်း ကုန်သည်များ ပြောသည်။

၅.၈ ငလျင်ကြောင့် ပြိုကျသွားသော အဆောက်အအုံအား ယင်ကျန်းမြို့တွင် မြင်တွေ့ရပုံ။ငလျင်ကြောင့် လူနေအိမ်နှင့် အဆောက်အအုံများပြိုကျမှုကြောင့် အနည်းဆုံး လူ ၂၅ ဦးသေဆုံးကာ ၃၀၀ ကျော် ထိခိုက်မှုရှိကြောင်း တရုတ်သတင်းများဖော်ပြသည်။

နောက်ထပ် ငလျင် လှုပ်လာမည်ကို အာဏာပိုင်များ သတိပေးနေခြင်းကြောင့် ယခုလို မြန်မာ ကျောက်ကုန်သည်များ ယင်ကျန်းမှ ရွှေလီသို့ ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း ကုန်သည်များ ပြောသည်။

ယင်ကျန်းသည် တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ထဲ ဂျိန်းဖော (ကချင်)နှင့် ရှမ်းလူမျိုးစုတို့၏ အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ Dehong Dai and Jingpo Autonomous Prefecture တွင် တည်ရှိသည်။

ငလျင်ဒဏ်ခံခဲ့ရသည့် ယင်ကျန်းမှ လူများ ထွက်ခွာမှု များသောကြောင့် ယခင် ယင်းကျန်း-ရွှေလီ ကြား Taxi ကားတစ်စီးငှါးခ ယွမ်ငွေ ၄၀၀ ရှိရာမှ ယခု ယွမ် ရ၀၀ သို့ မြှင့်တက်သွားကြောင်း ခရီးသည်တစ်ဦးပြောသည်။

ယင်ကျန်းမြို့သည် ကချင်ပြည်နယ် ဖားကန့်မှ ကျောက်စိမ်းများရောင်းချသည့် ဒုတိယအကြီးဆုံး တရုတ်နယ်စပ်ကျောက်စိမ်းစျေးကွက်မြို့ ဖြစ်သည်။

ကြသပတေးနေ့ ငလျင်ကြောင့် ယင်ကျန်းတွင် ကျောက်စိမ်းအရောင်းအဝယ် အေးသွားသည်ဟု ကျောက်ကုန်သည်တစ်ဦး ပြောသည်။

ငလျင်လှုပ်ပြီးနောက် သက်ဆိုင်ရာ တရုတ်အာဏာပိုင်များက လူထုအား အဆောက်အအုံပြင်ပတွင်သာ နေထိုင်ရန် သတိပေးထားသည်။

ယမန်နှစ် ဒီဇင်ဘာလ ကတည်းက ငလျင်သတိပေးချက်ကို ယင်ကျန်းမြို့တွင်နေထိုင်သူများအား ယင်ကျန်း တရုတ်အာဏာပိုင်များက အသိပေးအကြောင်းကြားပြီးဖြစ်သည်ဟု  ဒေသခံများပြောသည်။

Most read this week