ကချင်ပြည်နယ် ဒေသအချို့တွင် စစ်အစိုးရက တပ်အင်အား တိုးမြှင့်လာ

ကချင်ပြည်နယ် ဒေသအချို့တွင် စစ်အစိုးရက တပ်အင်အား တိုးမြှင့်လာ
by -
ဇော်ကြီး

ကချင်ပြည်နယ် ၀ုိင်းမော်မြို့နယ်အတွင်းရှိ စစ်အစိုးရတပ် စခန်းများတွင် ယခု ရက်ပိုင်းအတွင်း တပ်အင်အားတိုးမြှင် ့ချထားမှုများ ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ...

ကချင်ပြည်နယ် ၀ုိင်းမော်မြို့နယ်အတွင်းရှိ စစ်အစိုးရတပ် စခန်းများတွင် ယခု ရက်ပိုင်းအတွင်း တပ်အင်အားတိုးမြှင် ့ချထားမှုများ ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

မြစ်ကြီးနားမြို့ တဖက်ကမ်းရှိ ၀ုိင်းမော်မြို့မှ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် အခြေ စိုက်ရာ လိုင်ဇာမြို့သို့သွားသည့် ကားလမ်းတလျှောက်ရှိ စစ်အစိုးရတပ် စခန်းများတွင် ယခုရက်ပိုင်း အတွင်း စစ်အစိုးရတပ်က အင်အားတိုးမြှင့်ချထားခဲ့သည်ဟု ၀ုိင်းမော်မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“အဲဒီပါတ်ဝန်းကျင် ကန်တောင်ယမ်တို့ နမ်ဆန်ယမ်တို့ ဒီလမ်းကြောတလျှောက်တွေမှာ ဆိုလို့ရှိရင် တော့ စစ်တပ်တွေ မသိမသာတိုးချဲ့တာပေ့ါလေ။ အင်အားကတော့ ခန့်မှန်းခြေ တစ်ထောင်ကျော် လောက်တော့ ရှိမယ်ထင်တာပဲ။ ကျနော်တို့ ခန့်မှန်းခြေပေ့ါ။”  

အလားတူ ယခုလ (၂၄)ရက်နေ့ကလည်း မြစ်ကြီးနားမှ လာသည့် သံချပ်ကာကား (၁၅)စီးနှင့် စစ်ထရပ်ကား ငါးစီးခန့် ၀ုိင်းမော်မြို့ကိုဖြတ်၍ ကချင်နယ်ခြားစောင့်တပ်ဖွဲ့(NDA-K)အခြေစိုက်ရာ ဆဒုံးဒေသနှင့် ကန်ဗိုက်တီးဒေသဖက်သို့ ထွက်ခွာသွားသည်ဟု ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ KIA မှ အမည်မဖော်လိုသည့်အရာရှိတစ်ဦးက ဆဒုံးနှင့် ကန်ဗိုက်တီး ဒေသများသို့ ယခုရက်ပိုင်းအတွင်း စစ်အစိုးရတပ်ဖွဲ့များနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းအင်အား လေးရာခန့် ပို့ဆောင်ခဲ့သည်ဟု အတည်ပြုပြောဆိုသည်။

ယင်းတပ်ဖွဲ့များအား စစ်အစိုးရက ဒေသတွင်း ဘိန်းပပျောက်ရေးစီမံချက်အရ ပို့ဆောင်ခဲ့သည်ဟု ကြားရသော်လည်း လက်တွေ့နှင့် ကိုက်ညီမှု မရှိဟု ဆက်ပြောသည်။

“သူတို့လည်း ဒီဘိန်းဖျက်ဖို့ စစ်ဆင်ရေးလို့တော့ သတင်းတော့ကြားပါတယ်။ လက်တွေ့မှာတော့ ဒီလိုဖျက်တာတော့ မရှိဘူးလို့ ပြောရမှာဘဲ။ ဖျက်တယ် ဆိုတာကလည်း ကားလမ်းပေါ်ကနေ လှမ်းမြင်တဲ့ ခြံတွေကိုတော့ အရှံုးခံဆိုပြီးမှ သူတို့ကဖျက်တာ။ ကားလမ်းပေါ်ကနေ မမြင်တဲ့ မျက်ကွယ်ရာဘိန်းခင်းတွေကိုတော့ အားလုံးဒီတိုင်းပဲ ရှိနေတယ်လို့ ပြောချင်တယ်။”

ထို့အပြင် ယင်းဒေသရှိ ဘိန်းခင်းများအား စစ်အစိုးရတပ်က ကာကွယ်ပေးထားပြီး လာမည့် ၂၀၁၃ ခုနှစ်အထိ တရားဝင်စိုက်ပျိုးခွင့်ပြုထားသည်ဟု ဒေသခံများ ကပြောကြောင်း ဆက်လက်ပြောဆို သည်။

“သတင်းအရ ဆိုရင်တော့ ဘိန်းခင်းပိုင်ရှင်တွေရဲ့ အမြင်မှာဆိုရင်တော့ ဒီစစ်ကြောင်းတွေက ပြည်သူ လူထုကို အကျိုးပြုစေတာပေ့ါ။ ပြည်သူလူထု အကျိုးကို ကာကွယ်ပေးတဲ့ တပ်ဖွဲ့လို့ သူတို့ကဒီလိုပဲ နားလည်စေချင်တာပေ့ါ။ အပြင်မှာဆိုရင်တော့ ဘိန်းခင်းစစ်ဆင်ရေးစစ်ကြောင်းလို့ သူတို့နာမည် တပ်တယ်လို့ကြားတယ်။”  

KIO မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံချက်အရ ဒေသတွင်း ဘိန်းခင်းများ ဖျက်ဆီးနေမှုအပေါ်  စစ်အစိုးရက တားမြစ်ပိတ်ပင်ခဲ့ပြီး ဒေသခံများထံမှ အခကြေးငွေယူ၍ ဆက်လက်စိုက်ပျိုး စေခဲ့သည်ဟု ကချင်သတင်းဌာန သတင်းတစ်ပုဒ်၌ ဖော်ပြခဲ့သည်။

စစ်အစိုးရနှင့် KIO တို့ ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီး စစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ဖိအားပေးလာသည့်အပေါ် KIO ကလက်မခံ ငြင်းဆန်ခဲ့ပြီး နောက်ပိုင်း နှစ်ဖက်စစ်ရေးတင်းမာလာခဲ့ရာမှ ယခုလဆန်းပိုင်းက နယ်မြေကျော်ဝင်ရောက်လာ သည့် စစ်အစိုးရတပ်ဖွဲ့နှင့် KIO တို့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Most read this week