မွန်ခေါင်းဆောင်တစ်ဦး ရုတ်တရက် ကွယ်လွန်

မွန်ခေါင်းဆောင်တစ်ဦး ရုတ်တရက် ကွယ်လွန်
by -
ဇော်ကြီး

မွန်ပြည်သစ်ပါတီ (NMSP) ၏ဗဟိုအလုပ်အမှုဆောင် ကော်မတီလည်းဖြစ်၊ အုပ်ချုပ်ရေးဌာနကြီး၏ တာဝန်ခံလည်းဖြစ်သူ နိုင်ထာဝရ ယနေ့နံနက်က ရုတ်တရက် ကွယ်လွန်ခဲ့သည်။ ...

မွန်ပြည်သစ်ပါတီ (NMSP) ၏ဗဟိုအလုပ်အမှုဆောင် ကော်မတီလည်းဖြစ်၊ အုပ်ချုပ်ရေးဌာနကြီး၏ တာဝန်ခံလည်းဖြစ်သူ နိုင်ထာဝရ ယနေ့နံနက်က ရုတ်တရက် ကွယ်လွန်ခဲ့သည်။

“သူ့မှာကတော့ သွေးတိုးနဲ့ ဆီးချိုအခံ ရှိတာပေ့ါနော်။ ဒီမနက် နှစ်နာရီလောက်မှာ အသက် ရှုရခက်လာတယ်ပေ့ါ။ အသက်ရှုရ ခက်လာပြီးတော့ နှစ်နာရီ ဆယ့်ငါးမှာ ဆုံးသွားတာပေ့ါနော်။ သူက ချက်ချင်းကြီးဆိုတော့ နှလုံးလည်းဖြစ်နိုင်တာပေ့ါနော်။ သူက ဖျားနေတာ မဟုတ်ဘဲနဲ့ ချက်ချင်း သွေးတက်လာပြီးတော့ ဒီလိုပဲ ဆုံးသွားတယ်။” ဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်တလာ့ညီက ပြောသည်။

နိုင်ထာဝရသည် NMSP ၏ စစ်ရေးကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး စစ်အစိုးရ တောင်းဆိုထားသည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ငြင်းပယ်ထားချိန်တွင် ယခုလို ကွယ်လွန်သွားသည့် အတွက် ပါတီ အနေနှင့် နစ်နာမှုရှိသည်ဟု ၄င်းက ဆက်ပြောသည်။

“ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်လည်းဖြစ်တယ်။ နောက်ပြီးတော့ သူကတပ်ဖက်မှာ လည်း တော်တော်လေးကို စွမ်းရည်ရှိတဲ့ သူတစ်ယောက်လည်း ဖြစ်တယ်။ နောက်ပြီးတော့ ဒီနှစ် အနေအထားမှာ ကျနော်တို့ အဖွဲ့ရဲ့ တပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေ့ါ ဒီလိုမျိုး အချိန်ကာလမှာ ကွယ်လွန်ခြင်းအားဖြင့် ကျနော်တို့ပါတီက တော်တော်လေးကို နစ်နာမှု ရှိတာပေ့ါနော်။”  

မွန်ပြည်သစ် ပါတီအနေနှင့် ၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ယခုအချိန်ထိ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံငြင်းဆန်နေဆဲ ဖြစ်သည်။ နိုင်ထာဝရသည် ၁၉၇၆ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ပါတီမှခေတ္တ အနားယူခဲ့သည်။ ၁၉၈၁ ခုနှစ်မှစတင်၍ ပါတီ၏ တပ်ပိုင်းဆိုင်ရာတွင် ပြန်လည်တာဝန် ယူခဲ့ပြီး တိုက်ခိုက်ရေးကောင်းမွန်သူတစ်ဦးဖြစ်သည်ဟု သိရသည်။

၁၉၈၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ဒုဗိုလ်မှူးကြီးအဆင့်ဖြင့် အမှတ်(၇၇၇) တပ်ရင်း၏ တပ်ရင်းမှူး တာဝန်ကိုထမ်းဆောင်ခဲ့ကာ ၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ပါတီ၏ခရိုင်ဥက္ကဌတာဝန်ယူခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ပြုလုပ်သည့် ပါတီ၏ ဆဌမအကြိမ်ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ်ရွေးချယ်ခံခဲ့ရပြီး ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ပြည်တွင်းအလုပ်အဖွဲ့ တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၂၀၀၉ ခုနှစ်မှ ကွယ်လွန်ချိန်ထိ ပါတီအုပ်ချုပ်ရေးဌာနကြီး၏ တာဝန်ခံ အဖြစ် တာဝန်ယူခဲ့သည်။

ကွယ်လွန်ချိန်တွင် အသက်(၅၂)ရှိပြီး ဇနီးသည် မိခင်မျိုးရီနှင့်အတူ သားသမီးနှစ်ဦးကျန်ရစ်ခဲ့သည်။

Most read this week