ဓါးသွားလှေကားထစ်ရဲ့နောက်ကွယ်

ဓါးသွားလှေကားထစ်ရဲ့နောက်ကွယ်
by -
Nu Pan

ကချင်မျိုးနွယ်စု လီဆူ တိုင်းရင်းသား လူမျိုးတွေဟာ ခရစ်ယာန်အဖြစ် ပြောင်းလဲလာကတည်းက နှစ်အတော်ကြာ “နတ်ပူဇော် ကျင်းပတဲ့ရိုးရာ” တွေကို လျစ်လျူရှု မေ့ပျောက်နေခဲ့ကြတာပါ။ ...

ကချင်မျိုးနွယ်စု လီဆူ တိုင်းရင်းသား လူမျိုးတွေဟာ ခရစ်ယာန်အဖြစ် ပြောင်းလဲလာကတည်းက နှစ်အတော်ကြာ “နတ်ပူဇော် ကျင်းပတဲ့ရိုးရာ” တွေကို လျစ်လျူရှု မေ့ပျောက်နေခဲ့ကြတာပါ။

မြန်မာစစ်အစိုးရမှ ကချင်ပြည်နယ် မြစ်ကြီးနားတွင် စီစဉ်ကျင်းပတဲ့ ကချင်မျိုးနွယ်စု လီဆူရိုးရာပွဲတော်။ ဓါးသွားလှေကားထစ် ပြင်ဆင်နေပုံ။ဒီယဉ်ကျေးမှုတွေကို ကချင်ပြည်နယ် မြစ်ကြီးနား အာဏာပိုင်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ရိုးရာ မပပျောက်သွားအောင်လို့ နတ်ပူဇော် ကိုးကွယ်ဆဲဖြစ်တဲ့ တရုတ်ပြည်က လီဆူလူမျိုးတွေနဲ့ တနိုင်ငံလုံးက လီဆူးများ အားလုံးကို ခေါ်ယူပြီး စီစဉ် ကျင်းပနေကြောင်း ဒေသခံကတွေက ပြောပါတယ်။

မိရိုးဖလာနတ်စားကာလက ကျင်းပခဲ့ကြတဲ့ လီဆူမျိုးနွယ်စုတွေရဲ့ ရိုးရာဓလေ့ဖြစ်ခဲ့ကြတဲ့ ချွန်ထက်တဲ့ဓါးသွား ၅၀ ထက်မနည်းနဲ့ လှေကားထစ်လုပ်ထားတဲ့အပေါ် နတ်ပူးတက်ပြတဲ့ပွဲကို နှစ်သစ်ကူးပွဲတော်နဲ့ပူးတွဲ လုပ်ဆောင်ပေးခြင်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ပထမဦးဆုံးအကြိမ် ကျင်းပနေတာဖြစ်တယ်လို့ ပါ၀င်ခဲ့သူ ဒေသခံလီဆူအမျိုးသမီးက ပြောပါတယ်။

မကြုံဖူးဘူး အဲဒါ သိသလောက်တော့ သွားကြတာပဲ။ နတ်ကိုးကွယ်တယ် ဆိုတော့ ဒီမှာတော့ မရှိတော့ဘူးလေ တရုတ်ပြည်ဘက်မှာ ပဲ ရှိကြတာကော။ ဘာလို့လဲဆိုတော့ အဲဒီမှာ ဓါးတက်ပွဲလို့ ပြောတယ်လေ ဒီညကျတော့ မီးနင်းမယ်လို့ပြောတယ်။ စော်ဘွားမျိုးရိုးတွေမှ တက်လို့ရတယ်တဲ့ ကျန်တဲ့အမျိုးတွေက တက်လို့မရဘူးလို့ ပြောတယ်။ အခု ဒီနတ်ပူဇော်တာတွေ ဘာတွေကတော့ တရုတ်ပြည်ကလာတဲ့ လူတွေပဲလုပ်တာ ဒီကလူတွေက မလုပ်ဘူး။ အခုမီးနင်းတယ်ဆိုတာတွေ၊ လှေကားတက်တယ်ဆိုတာတွေ အကုန်လုံးက တရုတ်ပြည်က လာတာလေ။ တရုတ်ပြည်က လူခူးဘက်မှာ အုပ်ချုပ်တဲ့ အရာရှိကြီးပေါ့ လီဆူထဲမှာအကြီးဆုံးတွေက လာပြီးမှ ဦးစီးဦးဆောင်ပြီးမှ လုပ်တာလေ။

ခရစ်ယာန်ဘာသာကို ရိုသေကိုင်းရှိုင်းကြတဲ့ လီဆူလူမျိုးတွေကို အခုချိန်မှာမှနတ်စားခေတ်က ရိုးရာတွေပါထိန်းသိမ်းအောင် အာဏာပိုင်တွေက တိုက်တွန်းပြီးအားပေးအားမြှောက် သီးသန့်ခွဲထုတ်လုပ်ကျင်းပပေးခြင်းဟာ အဓိကရည်ရွယ်ချက် ရှိနေတယ်လို့ ကချင်တိုင်းရင်းသားထုရိုးရာကော်မတီအဖွဲ့ ကပြောပါတယ်။

ဘာ့ကြောင့်လဲဆိုရင် ကချင်တိုင်းရင်းသားထုစုပေါင်းဖွဲ့စည်းထားတဲ့ ယဉ်ကျေးမှုကော်မတီနဲ့ ခုလိုရိုးရာပွဲတော်တွေ အတူတကွလုပ်လေ့ရှိပေမယ့် အာဏာပိုင်တွေက ကော်မတီကို ပါ၀င်ပတ်သက်ခွင့်မပေးပဲဲ လီဆူလူမျိုးများအဖြစ် သီးသန့်ခွဲထုတ်ပြီး ကူညီဆောင်ရွက်ပေးနေခြင်းဟာ အချင်းချင်းညီညွတ်မှုမရှိအောင် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ယဉ်ကျေးမှုအဖွဲ့ဝင် တစ်ယောက်ပြောပါတယ်။

 ပွဲတော်အတွင်း အံ့သြဖွယ် ဓါးသွားလှေကားထစ် တက်ပြနေပုံ။“ဒီပွဲဟာ သူတို့ အစွမ်းအစနဲ့ လုပ်တာ မဟုတ်ပါဘူး။ ဓါးသွားကို လှေကားထစ်လုပ်ပြီး တက်တယ် သလောက်ချွန်ထက်တဲ့ ဓါးသွားပေါ်မှာ ဘယ်လိုလို့ သာမာန်လူက တက်နိုင်မှာလဲ နတ်နဲ့ လုပ်တာလေ။ နောက်ပြီး ခေါင်းပေါ်မှာ အသီးတင်ထားပြီး လေးပစ်တာတို့ ပါတယ်လေ ဒါကလီဆူတွေ တရုတ်ပြည်မှာပဲ လုပ်ကြတာ။ သူတို့ရဲ့ ရိုးရာကို ချီးမြှောက်ပေးတယ် ဆိုတာ ကောင်းပါတယ် ဒါပေမယ့် အတူတကွ ပူးတွဲပြီးလည်း လုပ်လို့ရတဲ့ဟာ ဖြစ်တယ်။ တကယ်လို့ သူတို့ ယဉ်ကျေးမှု ပွဲတော်ဆိုရင် တိုင်းရင်းသားထု ယဉ်ကျေးမှု ကော်မတီနဲ့ ပူးတွဲ လုပ်ဆောင်ရတာ။ အမှန်ဆို မနောဝင်းကြီးမှာတောင် လုပ်လို့ ရတယ်။ ဒါကြောင့် ဒီပွဲကတော့ သွေးခွဲအောင် စစ်အစိုးရက အားပေးပြီး လုပ်ပေးတာ ဖြစ်တယ်။”

လတ်တလော ကချင် တိုင်းရင်းသားများထဲက လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ကချင်ပြည် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) နဲ့ မြန်မာစစ်တွေကြား ပဋိပက္ခ ဖြစ်နေချိန်ဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်ချိန် တိုင်းရင်းသားစည်းလုံးမှု အင်အားနည်း လာအောင် လူစုခွဲ စည်းရုံးနေခြင်း ဖြစ်တယ်လို့ ဒေသခံ နိုင်ငံရေး သုံးသပ်သူများက မြင်ပါတယ်။

ခုလိုစစ်အစိုးရရဲ့ သွေးခွဲတဲ့ စနစ်ဟာလည်း မြန်မာနိုင်ငံက တိုင်းရင်းသားများ အားလုံးမှာ ရှိနေကြသလို ခုလီဆူနဲ့ ကချင်ကြားထဲမှာလည်း ဘာမှ မပတ်သက်ပါဘူး ဆိုတဲ့ မတူညီတဲ့ ရိုးရာတွေနဲ့ စိတ်ဝမ်းကွဲအောင် စည်းရုံးနေခြင်း ဖြစ်တယ်လို့ ကချင်လူငယ်ခေါင်းဆောင် တစ်ယောက်က ခုလိုအမြင်ကို သုံးသပ်ပါတယ်။

ကျွန်တော့်အမြင်နဲ့ပြောရရင် ဒါကရှင်းပါတယ်။ အစိုးရရဲ့သွေးခွဲတာ အမျိုးမျိုးကြုံနေရတာက ကျွန်တော်တို့ ကချင်ထဲမှာပဲ မဟုတ်ပါဘူး။ တိုင်းရင်းသားလူမျိုးတိုင်းမှာ ဥပမာ ကရင်မှာဆိုရင်လည်း စကောကရင်၊ ပိုးကရင်ကရင်ဗုဒ္ဒ၊ ကရင်ခရယာန်ဆိုပြီး ခွဲခြားသလိုမျိုးပဲ ကျွန်တော်တို့ကချင်မှာလည်း ဘာသာရေးမှာရော ယဉ်ကျေးမှုမှာရော အဲလိုမျိုးအမျိုးမျိုး အခုလီဆူ တိုင်းရင်းသားပွဲလုပ်တယ်ဆိုတာက ဒီယဉ်ကျေးမှုကိုအားပေးတယ်။ ယဉ်ကျေးမှုကို ဒီလိုမျိုးလုပ်ပေးတယ်ဆိုတာက ကောင်းပါတယ် ဒါပေမယ့် ဒီလီဆူတိုင်းရင်းသားတွေရဲ့ ခံယူချက်ကသူတို့လုပ်ပေးတယ် အဲလိုမျိုးပဲသူတို့မြင်မှာ ဟိုကျယ်ကျယ်ပြန့်ပြန့်တော့သူတို့မြင်မှာ မဟုတ်ဘူး။ ပွဲလုပ်ရရင်ကျေနပ်နေမှာပဲ။ ဒီနအဖအစိုးရက သူတို့ကိုသွေးခွဲတာ ပြီးတော့ကြံ့ခိုင်ရေးပါတီမှာ အများကြီးပါလာအောင် သူတို့စည်းရုံးတာ အဲလိုမျိုးပေါ့။ သူတို့ရဲ့မူအရ လုပ်သွားတယ်လို့ပဲ ကျွန်တော်မြင်တယ်။

မြန်မာစစ်အစိုးရဟာ ကချင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်ကြတဲ့ ရဝမ်နဲ့ လီဆူလူမျိုးတွေကိုပြီးခဲ့တဲ့ရွေးကောက်ပွဲမှာလည်း ကချင်ထဲကဖယ်ထုတ်ပြီး သီးသန့်ပါတီဖွဲ့ပေးခဲ့ပါတယ်။

နောက်ပြီးရဝမ်လူမျိုးထဲမှလည်း ဦးအဒန်ကို ရဝမ်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အဖြစ် လက်နက်ရိက္ခာ ကူညီထောက်ပ့ံပေးပြီး ပူတာအိုမှာ တပ်ဖွဲ့စည်းပေးခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်းယဉ်ကျေးမှုကော်မတီက ဦးစီးပြီး တိုင်းရင်းသားစည်းလုံးမှုခွန်အားဖြစ်စေတဲ့ ကချင်ပြည်နယ်နေ့ မနောပွဲတော်ကိုလည်း ဒီနှစ်မှာကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့နဲ့ အာဏာပိုင်ခေါင်းဆောင်းများက စစ်တပ်အင်အားသုံးပြီး ဦးဆောင်ကျင်းပခဲ့တဲ့အတွက် အရင်နှစ်တွေလိုလူထုကတက်ကြွစွာပါ၀င်မှုမရှိပဲ စိုးရိမ်ကြောက်လန့်နေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အာဏာပိုင်တွေက ခုလိုတိုင်းရင်းသားရိုးရာပွဲတော်တွေကိုဦးဆောင်ကျင်းပတယ်ဆိုလို့ နိုင်ငံတော်ဘဏ္ဍာထဲက ကူညီပေးခြင်းမဟုတ်ပဲ ငွေကြေးတတ်နိုင်သူများအပါ၀င် လူထုများဆီကအဓမ္မကောက်ခံမှုတွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုကျင်းပနေတဲ့ လီဆူရိုးရာပွဲတော်အတွက်လည်း ကောက်ခံမှုတွေရှိတယ်လို့ ဒေသခံလီဆူးအမျိုးသမီးက ပြောပါတယ်။

“သူတို့ရံဘုံငွေလည်း ကောက်တယ်တဲ့။ မုဆိုးမဆီမှာလည်း မရှိဘူးဆိုရင်လည်း ကျပ် ၅၀၀ လောက်ပေါ့နော် အဲလိုမျိုးကောက်ပြီး မှ လုပ်တယ်လို့ပြောတယ်။ ရှိတဲ့လူက သောင်းငွေ၊ သိန်းငွေပေါ့နော် မရှိတဲ့လူက ငါးရာတစ်ထောင်ပေါ့နော် အဲလိုမျိုးကောက်တယ်လို့ ပြောတယ်။”

ဒါပေမယ့်ခုလိုပွဲတော်မျိုးကို မကြုံခဲ့ကြတဲ့လီဆူတိုင်းရင်းသားတချို့တွေအတွက်ကတော့ အားရကျေနပ်ပြီး လီဆူလူမျိုးတွေရဲ့ရိုးရာနဲ့ ဓလေ့ကိုလူများပိုသိလာပြီး ထင်ပေါ်တဲ့မျိုးနွယ်စုတမျိုးဖြစ်လာမှာကို လိုလားတယ်လို့ပြောပါတယ်။

“အခုလီဆူရိုးရာဆိုတော့ လီဆူးတွေကဘယ်လောက်တိုးတက်တယ် လီဆူတွေပညာတတ်တာ ဘယ်နှစ်ယောက်ရှိတယ် ဆိုတာပြခန်းတွေမှာ ပြထားတယ်လေ။ ဘော်လုံးသမားတွေက ဘယ်လောက်၊ ဆရာဝန်တွေကဘယ်နှစ်ယောက်ရှိတယ်၊ နောက် အားကစားသမားတွေက ထူးချွန်တဲ့လူကဘယ်လောက်ပေါ့၊ ပြီးရင် အဆိုတော်တွေဘာညာပေါ့နော် ပြီးရင် အရင်တုံးက စစ်တိုက်တဲ့အချိန်ပါခဲ့တဲ့ သူရဲကောင်းတွေအကုန်လုံး ပြခန်းမှာပြထားတာပေါ့နော်။ လီဆူလူမျိုးတွေလည်း သူများလူမျိုးတွေ လည်း ပိုပြီးမှ ပိုသိလာတာပေါ့။ အရင်ကတော့ လီဆူလူမျိုးဆိုရင် လူတွေအကုန်လုံးက အထင်သေးတာ ပေါ့နော်။ အခုကအဲလိုမျိုး တစ်နှစ်တစ်ခါပွဲကျင်းပပြီးမှ လုပ်နိုင်တယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ထင်တယ်လေ။”

ဒီလိုပွဲတော်ကို မြစ်ကြီးနားမြို့လယ် ရမ်ဘိုရပ်ကွက် ခေမာသီရိမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၄ရက်ကြာ ကျင်းပပြီး အာဏာပိုင်များဖက်ကမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်နဲ့ ပြည်သူ့လွှတ်တော် အမတ်သိန်းဇော်တို့ တက်ရောက်အားပေးကြည့်ရှုခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကချင်ပြည်နယ်နဲ့ တနိုင်ငံလုံးမှာရှိတဲ့ လီဆူလူမျိုးများအပြင် မြစ်ကြီးနားက ဒေသခံပေါင်းစုံ ဓါးတက်ပွဲကို စိတ်ဝင်စားသူ ၂သောင်းကျော်ခန့်လာရောက်ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။

Most read this week