မြန်မာတပ်များ ဟန့်တား တိုက်ခိုက်ခံရ ပြီးနောက် KIA နယ်မြေအနီးမှ ဆုတ်ခွာ

မြန်မာတပ်များ ဟန့်တား တိုက်ခိုက်ခံရ ပြီးနောက် KIA နယ်မြေအနီးမှ ဆုတ်ခွာ
by -
KNG

မြန်မာ စစ်အစိုးရတပ်များ တနင်္လာနေ့က ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ၏ ဟန့်တား တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှု ဖြစ်ပွားရာ ဒေသအနီးသို့ ပို့ထားသည့် ၎င်း၏ စစ်ကူများ ယခု ပြန်ဆုတ်နေ ...

မြန်မာ စစ်အစိုးရတပ်များ တနင်္လာနေ့က ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ၏ ဟန့်တား တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှု ဖြစ်ပွားရာ ဒေသအနီးသို့ ပို့ထားသည့် ၎င်း၏ စစ်ကူများ ယခု ပြန်ဆုတ်နေကြောင်း သိရသည်။

 ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရှေ့တန်းတနေရာတွင် တွေ့ရသော KIA စစ်သားများ။ ဓါတ်ပုံ - ကချင်သတင်းဌာနယင်းတပ်များသည် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ရှိ အင်မောက် (မိုးမောက်) နယ်မြေခံတပ်ရင်း ခမရ (၄၃၇)၊ မန်ဂျေ (မန်စီ) နယ်မြေခံတပ်ရင်း ခမရ (၃၁၉)၊ မိုးညှင်း နယ်မြေခံတပ်ရင်း ခလရ(၁၅) နှင့် မြစ်ကြီးနား နယ်မြေခံတပ်ရင်း ခလရ (၂၁) တို့ဖြစ်ကြောင်း KIA က ဆိုသည်။

KIA ဌါနချုပ်သို့ ခွင့်တောင်းခြင်းမရှိဘဲ KIA တပ်ရင်း ၂၇ ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်ဝိန်းမြို့နယ်အတွင်း ပုန်းလိန်-ဒိန်ခရူဒေသသို့ ဖောဝီးလ်ကားတစ်စင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသော ခလရ (၁၅)မှ တပ်ဖွဲ့အား KIA စစ်သားများမှ စတင်ဟန့်တားပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကို ဗိုလ်မှူး ယော်ထုန် ဦးဆောင်သော KIA တပ်ရင်း ၂၇ မှ တပ်သားများ နှင့် ဌာနေအရပ်သားကာကွယ်ရေးတပ်သားများ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု KIA အရာရှိများဆိုသည်။

ပစ်ခတ်မှုကြောင့် မြန်မာဘက်မှ တပ်ရင်းမှူး ဒုဗို်လ်မှူးကြီး ယဉ်ထွေး အပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ တပ်ရင်းမှူး ယဉ်ထွေးအား နမ့်ခမ်းဆေးရုံမှ တရုတ်ပြည်နယ်စပ် ရွှေလီဆေးရုံသို့ အရေးပေါ်ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားကြောင်း KIA သတင်းရပ်ကွက်က ဆိုသည်။

ထိခိုက်ဒဏ်ရာရသူများတွင် စစ်ဆေးဆရာဝန်၏ ဒဏ်ရာမှာ ပြင်းထန်ကြောင်း သိရသည်။ ယခုချိန် စစ်သား ၅ ဦးကလည်း မူဆယ်ဆေးရုံတွင် ဆေးဝါးကုသနေကြောင်းသိရသည်။

တိုက်ခိုက်ချိန်အတွင်း KIA ဘက်မှ ကျဆုံးခြင်းမရှိသော်လည်း အခင်းဖြစ်ပွါးပြီး ညနေပိုင်း ၄ နာရီခန့်တွင် မိုင်းမတော်တဆ ပေါက်ကွဲမှုတစ်ခုတွင် အရပ်သားကာကွယ်ရေးတပ်သားတစ်ဦး သေဆုံးသွားကြောင်း KIA က အတည်ပြုပြောပါသည်။

မြစ်ကြီးနားအခြေစိုက် မပခတိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်က “KIA နယ်မြေထဲ မြန်မာစစ်တပ် ဝင်ရောက်ရန် ညွှန်ကြားခြင်းမရှိကြောင်းနှင့် ဒုဗိုလ်မှူးကြီးယဉ်ထွေးဦးစီးသောတပ်များသည် အထက်ကညွှန်ကြားခြင်းမရှိဘဲ KIA နယ်မြေထဲ ဝင်ရောက်ခြင်းသာဖြစ်ကြောင်း” ကို KIA သို့ရှင်းလင်းခဲ့ကြောင်း KIA အရာရှိများ ထိုင်းအခြေစိုက်ကချင်သတင်းဌာနသို့ပြောပါသည်။

KIA ဗဟိုကော်မတီဝင်တစ်ဦးက ၎င်းတို့လိုင်ဇာဌာချုပ်သို့ “ခွင့်တောင်းခြင်း” မရှိဘဲ မြန်မာစစ်သားများ နယ်ကျော်ဝင်ရောက်လာသဖြင့် ယခုလိုစတင်ပစ်ခတ်ဟန့်တားခဲ့ရသည်ဟု ကချင်သတင်းဌာနသို့ ရှင်းလင်းခဲ့သည်။

ပြီးခဲ့သည့်နှစ် KIA နှင့် မြန်မာစစ်အစိုးရကြား စစ်ရေး၊ နိုင်ငံရေး တင်းမာလာချိန်မှစ၍ “ဒိုင်လောန်ရုန်း” ခေါ် KIA စစ်ဌာနချုပ်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ ၎င်းတို့တပ်ဖွဲ့ဝင်အားလုံးကို KIA နယ်မြေထဲ ထိုးဖောက်ဝင်ရောက်လာသော မြန်မာစစ်သားများအား ဟန့်တားပစ်ခတ်ရန် “ပစ်မိန့်” ပေးထားသည်။

၁၇ နှစ်ကြာအပစ်အခတ်ရပ်ဆိုင်းကာလအတွင်း မြန်မာစစ်တပ်က KIA စစ်သား အနည်းဆုံး ၁၆ ဦး ကို သတ်ဖြတ်ခဲ့သည်။ သို့သော် KIA ဘက်မှ မြန်မာစစ်တပ်အားတုန့်ပြန်တိုက်ခိုက်ခြင်းကို ယခုချိန်တွင် စတင်ပြုလုပ်လာခြင်းလည်းဖြစ်သည်။

၂ဝ၁ဝ စက်တင်ဘာ ၁ တွင် မြန်မာစစ်အစိုးရနှင့် KIO ကြား ၁၉၉၄ အပစ်အခတ်ရပ်ဆိုင်းစာချုပ်ကို စစ်အစိုးရဘက်မှ စတင်ဖျက်ဆီးခဲ့သည်။

၂ဝဝ၉ ဧပြီ် မှ ၂ဝ၁ဝ သြဂုတ်ထိ စစ်အစိုးရက KIO အား ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးခဲ့ပြီး နောက်ဆုံး လက်နက်ချရန် ရာဇသံပေးခဲ့သည်။

သို့သော်လည်း KIO က နှစ်ဖက်နိုင်ငံရေးပြဿနာ ဆွေးနွေးဖြေရှင်းခြင်းလုံးဝမရှိဘဲ တပ်ဖွဲ့ အပြောင်းအလဲလုပ်ရန် ငြင်းဆန်ခဲ့သည်။

ထို့နောက် ၂ဝ၁ဝ အောက်တိုဘာ ၁၅ တွင် KIO အား “သောင်းကျန်းသူ” ဟု စစ်အစိုးရက စတင်ခေါ်ဆို သတ်မှတ်ခဲ့သည်။

ယခုတိုက်ခိုက်မှုနှင့်ဆက်နွယ်ပြီး မြန်မာစစ်အစိုးရက KIA အား စစ်ရေးဖြင့်သာ တုံံ့ပြန်ချေမှုန်းရန် ပြင်ဆင် ကြိုးပမ်းလာပါက ပြည်တွင်းစစ် ဖြစ်လာမည်ဟု KIA အရာရှိများ ပြောသည်။

Most read this week