မွန်နှစ်ဖွဲ့ ပစ်ခတ်မှုဖြစ်

မွန်နှစ်ဖွဲ့ ပစ်ခတ်မှုဖြစ်
by -
ဇော်ကြီး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မယ်တရိုကျေးရွာတွင် မွန်သောင်းကျန်းသူနှစ်ဖွဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့သည်ဟု စစ်အစိုးရ၏ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြ ...

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မယ်တရိုကျေးရွာတွင် မွန်သောင်းကျန်းသူနှစ်ဖွဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့သည်ဟု စစ်အစိုးရ၏ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြပါရှိသည်။

မွန်ခွဲထွက်အဖွဲ့မှ တပ်စုမှူးအဆင့်ရှိ ကိုရင်လေးခေါ် ကွန်ဟပွေး ဦးဆောင်အဖွဲ့နှင့် မွန်ပြည်သစ် ပါတီမှ တပ်ခွဲမှူးအဆင့်ရှိ ဘကျော်ဦးဆောင်သည့်အဖွဲ့တို့ လွန်ခဲ့သည့် ဇန္နဝါရီလ (၃၁) ရက်နေ့ ညပိုင်းအချိန်က ကျေးရွာဥက္ကဌ အိမ်နောက်ဖက်တွင် နာရီဝက်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် (၈၃)နှစ်အရွယ် ကျေးရွာဥက္ကဌ၏ဖခင် ဦးကလိုင် သေနတ်မှန်၍ သေဆုံးခဲ့သည်ဟု ဆက်လက် ဖော်ပြသည်။

ယင်းအဖွဲ့သည် အင်အား(၁၃)ယောက်ခန့်ပါ၀င်ပြီး မွန်ပြည်သစ်ပါတီမှ တရားဝင်ခွဲထွက်သွားသည့် အဖွဲ့မဟုတ်ကြောင်း ပါတီနိုင်ငံခြားရေးတာဝန်ခံ နိုင်ဟံသာဗွန်ဆိုင်းက ယခုလိုပြောသည်။

“အဲဒီကိစ္စက ဖြစ်တာတော့ မှန်ကန်တယ်။ သူတို့က ရွာတွေမှာ ဆက်ကြေးလိုက်ကောက်တာတို့ ဘာတို့ လုပ်တယ်လေ။ အဲဒီအဖွဲ့က ဆက်ကြေးတွေဘာတွေကောက်လုပ်တော့ အဲဒီမှာ ကျနော်တို့ ဖက်က ကာရင်းနဲ့ သူတို့နဲ့တိုက်ပွဲဖြစ်တာပေ့ါ။ သူကခွဲထွက်တာတော့ မဟုတ်ဖူး။ ဒီလိုပဲ တစင်ထောင်တဲ့သူတွေပဲ။ တခုတော့ရှိတာပေ့ါ။ ခေါင်းဆောင်တဲ့သူတွေကတော့ မွန်ပြည်သစ်မှာ တာဝန် ထမ်းပြီးတော့ အနားယူပြီးတော့ သူ့ဟာသူတစင်ထောင်ပြီးမှ အဲလိုဖြစ်တာလေ။ ဟပွေး သန်းလွင်လေ။”  

ပစ်ခတ်မှုဖြစ်စဉ်၌ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးခြင်းကို အတည်ပြု၍ မရသေးသော်လည်း ယင်းပစ်ခတ်မှုတွင် ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် မွန်ပြည်သစ်ပါတီအား သောင်းကျန်းသူအဖွဲ့အစည်းအဖြစ် သတင်းစာ၌ ရေးသားဖော်ပြ သည့်အပေါ် ယခင်က သွယ်ဝိုက်၍အသုံးပြုမှုများ ရှိခဲ့သော်လည်း ယခုပထမဆုံးအကြိမ် အဖြစ် တိုက်ရိုက် အသုံးပြုလာခြင်းဖြစ်ပြီး “ကျနော်တို့က သောင်းကျန်းသူမှမဟုတ်တာ။ ကိုယ့်လူမျိုး အခွင့်အရေးအတွက် တိုက်ပွဲဝင်တဲ့အဖွဲ့တွေပဲလေ”  ဟု  နိုင်ဟံသာဗွန်ဆိုင်းက ဆက်လက်ပြော ဆိုသည်။

မွန်ပြည်သစ်ပါတီအား သောင်းကျန်းသူဟု စစ်အစိုးရဖက်မှ ပြန်လည်အသုံးပြုလာသည့်အပေါ် မွန်ပြည်သစ်တပ်ဖွဲ့ ၀င်ဟောင်းတဦးက ယခုလိုသုံးသပ်ပြောဆိုသည်။

“သူကသုံးမှာပဲလေ။ မွန်ပြည်သစ်တဖွဲ့လုံးလည်းသိနေတာပဲ။ စက်တင်ဘာလ (၁) ရက်နေ့က စပြီး တော့ တကယ်လို့ အဲတာ(နယ်ခြားစောင့်တပ်) ကို အကြောင်းမပြန်ရင် မူလနဂို အပစ်အခတ် မရပ်စဲ သေးသည့် ကာလကဲ့သို့ သောင်းကျန်းသူအဖြစ် သတ်မှတ်ရမည် ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်လို့  မရတော့ကြောင်း ဆိုပြီးတော့ စာရေးလာတယ်လေ။ ဗိုလ်ချုပ်ရဲမြင့်က။”  

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်ဇွန်လ (၂၉)ရက်နေ့က စစ်အစိုးရနှင့် တရားဝင်အပစ်အခတ် ရပ်စဲခဲ့ပြီး စစ်အစိုးရပြုလုပ်ပေးသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကိုလည်း ၀င်ရောက်ခြင်း မရှိသည့် အပြင် ယနေ့အထိနယ်ခြား စောင့်တပ်ဖွဲ့စည်းရေးကို လက်မခံငြင်းဆန်ထားသည့် အဖွဲ့ဖြစ်သည်။

Most read this week