SSA တောင်ပိုင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

SSA တောင်ပိုင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား
by -
ဇော်ကြီး

ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းအဖွဲ့နှင့် ဌာနေပြည်သူ့စစ် တပ်ဖွဲ့များ ရှမ်းပြည်နယ် အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသများတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ သည်ဟု(SSA) ကပြော ...

ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းအဖွဲ့နှင့် ဌာနေပြည်သူ့စစ် တပ်ဖွဲ့များ ရှမ်းပြည်နယ် အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသများတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ သည်ဟု(SSA) ကပြောသည်။

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းဒေသအတွင်း SSA တောင်ပိုင်း လှုပ်ရှားတပ်ဖွဲ့များက ဌာနေပြည်သူ့စစ် တပ်ဖွဲ့စခန်းချရာ နေရာအား  ဇန္နဝါရီလ (၂၈) ရက် နေ့က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရမိ သည်ဟု (SSA) အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ယခုလို ပြောသည်။

“ကျနော်တို့ဆီက ခွဲထွက်သွားပြီးတော့ ပြည်သူ့စစ်သွားလုပ်တဲ့ မိန်းစင့်တို့ အဖွဲ့လေ။ အဲဒီသူတို့ဖက်ကို ကျနော်တို့ ၀င်သိမ်းတာ။ ဟမ်းငိုင်းဖက်မှာပေ့ါ။ လက်နက် ၃၀ လက်တော့ သိမ်းရတယ်လို့ ပြောတယ်။ ခဲယမ်းတွေလည်း ပါတာပေ့ါနော်။  အဲဒီထက်ပိုပြီးတော့ မပြောပြဘူး ကျနော်တို့ကို။ သေကြေထိခိုက် ကြတာတော့ ရှိမယ်ထင်တယ်။”  

စစ်အစိုးရ၏ ဌာနေပြည်သူ့စစ်တပ်ဖွဲ့စည်းရေးကို လက်ခံထားသည့် ဗိုလ်မှူးကြီးမိန်းစင့်(ကွယ်လွန်) ဦးဆောင်သည့် တပ်ဖွဲ့များသည် မိုင်းကိုင်နှင့် လဲချားဒေသ တဝိုက်တွင် လှုပ်ရှားနေပြီး ယခုအခါ ယင်းတပ်ဖွဲ့အား ဗိုလ်မှူးမိန်းစင့်၏ညီ ခေးစင့်မှ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာအရ ဦးဆောင်နေကာ တပ်ပိုင်းဆိုင်ရာအရ အိုက်တနှင့် အိုက်ထွဲ့တို့က ဦးဆောင်နေသည်။

ဗိုလ်မှူးကြီးမိန်းစင့်မှာ လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် မေလ(၂၄)ရက်နေ့က ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့များ၏ ခြံုခိုတိုက်ခိုက်ခံခဲ့ရပြီး ကျဆုံးသွားခဲ့သည်။

ထို့အပြင် ဦးအောင်ခမ်းထီ ဦးဆောင်သည့် ပအို၀်းပြည်သူ့စစ် (PNO) အဖွဲ့နှင့်လည်း နမ့်စမ်မြို့နယ် အတွင်းရှိ မိန်းကျစ်ဒေသတွင် လွန်ခဲ့သည့် ဇန္နဝါရီလ(၂၇)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက် လေးလက်နှင့်အတူ PNO တပ်ဖွဲ့ဝင်ငါးဦး အသေဖမ်းမိခဲ့သည်ဟု ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောသည်။

ယင်းနေ့တွင် လွယ်လမ်မြို့တောင်ဖက် နောင်တောင်ဒေသ၌ PNO တပ်ဖွဲ့များနှင့် ထပ်မံ၍တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအား စစ်ဆေးနေဆဲဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ပြည်သူ့စစ်တပ်ဖွဲ့များအနေနှင့် စစ်အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းလှုပ်ရှားနေသည့်အပြင် ပြည်သူ လူထုအား အနိုင်ကျင့်မှုများပြုလုပ်သည့်အတွက် တိုက်ခိုက်ရခြင်း  ဖြစ်သည်ဟု ယခုလိုဆက်လက် ပြောဆိုသည်။

“ပြည်သူ့စစ်တိုင်းကို ကျနော်တို့က တိုက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နအဖ လမ်းစဉ်ကို စွဲကိုင် ထားပြီးတော့ ကျနော်တို့ရှမ်းပြည်သူပြည်သားတွေကို နအဖလိုမျိုးလာပြီးတော့ အနိုင်ကျင့်မယ်၊ အုပ်ချုပ်မယ်ဆိုရင်တော့ ကျနော်တို့နဲ့တော့ တိုးမိမှာပဲ။ သေခြာပါတယ်။”  

လွန်ခဲ့သည့် ဇန္နဝါရီလ (၇)ရက်နှင့် (၈)ရက်နေ့ကလည်း ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဟိုနမ်းဒေသရှိ ထီပျဉ်ကျေးရွာအနောက်ဖက်တွင် PNO တပ်ဖွဲ့နှင့် SSA-S တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

Most read this week