KIO ဘိန်းတိုက်ဖျက်ရေးအား မြန်မာစစ်အစိုးရမှ ဟန့်တားနှောင့်ယှက်နေ

KIO ဘိန်းတိုက်ဖျက်ရေးအား မြန်မာစစ်အစိုးရမှ ဟန့်တားနှောင့်ယှက်နေ
by -
KNG

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ လတ်တလော ကချင်ပြည်နယ်တွင်ပြုလုပ်နေသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းအား မြန်မာစစ်အစိုးရက အနှောင့်ယှက်ပြု ဟန့်တား နေကြောင်း KIO မူးယစ်ဆေးဝါး ...

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ လတ်တလော ကချင်ပြည်နယ်တွင်ပြုလုပ်နေသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းအား မြန်မာစစ်အစိုးရက အနှောင့်ယှက်ပြု ဟန့်တား နေကြောင်း KIO မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီက ပြောသည်။

ကချင်ပြည်နယ်အရှေ့ဘက် ၀ိုင်းမော်မြို့နယ်အတွင်း ယခုလိုဘိန်းပင်များဖျက်ဆီးနေတဲ့ KIA စစ်သားတစ်ဦး။ ဓါတ်ပုံ-ကချင်သတင်းဌာနပြီးခဲ့သည့်လ ဇန်နဝါရီ ၃၀ ရက်နေ့တွင် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) က KIO အား ကချင်ပြည်နယ်အရှေ့ဘက် ၀ိုင်းမော်မြို့နယ်၊ ဆဒုံးဒေသ ယခင် NDA-K (ယခု မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်) ထိန်းချုပ်ဒေသများတွင် KIO မှ ဘိန်းခင်းဖျက်ဆီးခြင်း မပြုလုပ်ရန် သတိပေးခဲ့သည်ဟု KIO ဗဟို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဆလန်နော်ဘူ ပြောသည်။

သူက “သူတို့ (စစ်အစိုးရ) က BGF (နယ်ခြားစောင့်တပ်) ဒေသမှာ ကျနော်တို့က မူးယစ်တိုက်ဖျက်ရေး မလုပ်ဖို့ အသိအလင်းပြောတယ်။ မဟုတ်ဘဲနဲ့ ဆက်လုပ်မယ်ဆိုရင် သူတို့က ပြင်းပြင်းထန်ထန်တုန့်ပြန်ရမယ်။”

ဘိန်းတိုက်ဖျက်မှုကို နယ်ခြားစောင့်တပ်ဒေသမှာ လုပ်ခွင့်မပြုသည့်အပြင် KIO က ကျေးရွာခေါင်းဆောင်များအား စုစည်းပြီး တရားမဝင် စစ်သင်တန်းပေးနေကြောင်း မြန်မာစစ်အစိုးရက စွပ်စွဲထားကြောင်း နော်ဘူ ဆက်ပြောသည်။

“ရှင်းနေတာပဲ၊ စစ်အစိုးရက မူးယစ်ဆေးဝါးကို လက်နက်လိုသုံးပြီး ကချင်တွေကို မျိုးဖြုတ်နေတာ။” ဟု နော်ဘူကပဲဆက်ပြောပြီး၊ KIO က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းကို ရပ်တန့်ရန်မရှိကြောင်း ဆိုသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ KIO ၏ မူးယစ်ဆေးဝါးတိုက်ဖျက်လုပ်ငန်း စတင်ပြီးနောက် KIO ထိန်းချုုပ် ကချင်ပြည်နယ်အရှေ့ဘက် ၀ိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲတွင် ဧက ၆၀၀၀ ခန့် ဘိန်း မစိုက်နိုင်အောင် ဟန့်တားနိုင်ခဲ့ကြောင်း ဆလန်နော်ဘူ ထပ်ပြောသည်။

KIO က ၎င်းတို့ထိန်းချုပ်ရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်မှု ပြုလုပ်နေသော်လည်း မြန်မာစစ်အစိုးရထိန်းချုပ်ဒေသများတွင်မူ အစိုးရစစ်တပ်များ၏ ဟန့်တားခြင်းကို ရင်ဆိုင်နေရကြောင်း KIO ပြောခွင့်ရ နော်ဘူ ပြောသည်။

KIO ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီအစဉ်အား အဆင့် ၄ ဆင့်ဖြင့် လက်တွေ့အကောင်အထည် ဖော်နေကြောင်း နော်ဘူ ကရှင်းပြသည်။ ပထမ KIO အဖွဲ့အတွင်း၊ ဒုတိယ KIO ထိ်န်းချုပ်နယ်မြေရှိ ပြည်သူများအတွင်း၊ တတိယ ထိန်းချုပ်နယ်မြေတစ်ခုလုံးနှင့် နောက်ဆုံး ကချင်ပြည်နယ်တစ်ခုလုံး မူးယစ်ဆေးဝါးကင်းစင်ရေး ဖြစ်သည်။

KIO ၏ မုူးယစ်တိုက်ဖျက်ရေးအောင်မြင်ရန် ပြည်သူများ၏ထောက်ခံမှု၊ NGO နှင့် INGO များ၏ပံ့ပိုးမှု၊ နောက်နိုင်ငံတကာမှ ပံ့ပိုးမှုများ ပိုမိုလိုအပ်လျက်ရှိကြောင်းဖြစ် နော်ဘူ က “ကျနော်တို့မူးယစ် တိုက်ဖျက်ရေးကို ယုံကြည်တဲ့ ဘယ်အဖွဲ့အစည်း၊ အစိုးရနဲ့ဖြစ်စေ ယှဉ်တွဲလုပ်ဆောင်သွားမယ်။” ဟုပြောသည်။

ယခင်နှင့်မတူ KIO ဌာနချုပ်လိုင်ဇာတွင်လည်း မူးယစ်ရောင်းဝယ်မှုနှင့် သုံးစွဲမှု ရပ်တန့်သွားသည်ကိုတွေ့ရ ကြောင်း မကြာခင်က လိုင်ဇာ အလည်အပတ်ရောက်လာသူ ဆိုင်းအောင်ပြောသည်။

“ပြောင်းလဲသွားပြီ၊ အရင်ကလို ဘိန်းစားတွေကို နေ့တိုင်းမြင်နေရတာမျိုး မရှိတော့ဘူး။”

ဆိုင်းအောင်က မူးယစ်ရောင်းဝယ်မှုနှင့် သုံးစွဲမှု က ကချင်ပြည်နယ်မှာ အကြီးမားဆုံးပြဿနာဖြစ်လာပြီး ယခုအခါ KIO ထိန်းချုပ်ဒေသမှာ လုံးဝနီးပါးထိန်းချုပ်နိုင်သော်လည်း ကျန်သည့် မြန်မာစစ်အစိုးရထိန်းချုပ်သော ကချင်ပြည်နယ်အခြားဒေသများတွင်မူ မူးယစ်ဆေးဝါးလွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားနိုင်ကြောင်း ပြောသည်။

“ရောင်းတာမရပ်ဘူးဆိုရင် ဒီပြည်နယ်ကလူတွေပိုပြီး မူးယစ်ဆေးဝါးသုံးစွဲလာကြမယ်။” ဟု ဆိုင်းအောင် ဆက် ပြောသည်။

ဘိန်းဖြူနဲ့ စိတ်ကြွဆေးအားလုံးလိုလို ရှမ်းပြည်နယ် နှင့် တရုတ်ပြည််နယ်စပ်မှ ကချင်ပြည်နယ်ထဲဝင်လာတာ ဖြစ်ပါသည်။

“မူးယစ်တိုက်ဖျက်ရေးအောင်မြင်ဖို့ ပြည်သူတွေရဲ့ထောက်ခံအားပေးမှုပေါ်မူတည်တယ်။” ဟု KIO မူးယစ်တိုက်ဖျက်ရေးကော်မတီ ပြောခွင့်ရ နော်ဘူပြောသည်။

Most read this week