ကရင်ပြည်နယ်တိုက်ပွဲ စစ်အစိုးရတပ်များ အထိနာ

ကရင်ပြည်နယ်တိုက်ပွဲ စစ်အစိုးရတပ်များ အထိနာ
by -
ဇော်ကြီး

ကရင်ပြည်နယ်အတွင်း စစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့တို့ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်အစိုးရဖက်မှ ထိခိုက်ကျဆုံးမှု များ ...

ကရင်ပြည်နယ်အတွင်း စစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့တို့ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်အစိုးရဖက်မှ ထိခိုက်ကျဆုံးမှု များသည်ဟု (DKBA) ကပြောသည်။

ဖလူးနှင့်ဝေါ်လေအကြားရှိ ကျောက်ခက်ဒေသအတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်အစိုးရတပ်မှ ကျဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများအား ရှင်းလင်းနေစဉ် (DKBA) တပ်ဖွဲ့၏နှောင့်ယှက်မှုမခံရစေရန် ယနေ့နံနက်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု (DKBA) တပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ တပ်မှူးတစ်ဦးက ယခုလိုပြောသည်။

“ဒီမနက်က ကိုးနာရီခွဲကနေ ဆယ်နာရီခွဲအထိပေ့ါ။ သူတို့လူနာတွေသယ်ဖို့ လက်နက်ကြီးနဲ့ ကျနော်တို့ရှိမယ်ထင်တဲ့ မသင်္ကာတဲ့နေရာတွေကို ကာပစ်ပေးတယ်။ တချို့လူနာတွေ ကျန်နေသေးတယ်။ သယ်လို့ မကုန်သေးဘူးဖြစ်နေသေးတယ်။”  

ယင်းဒေသအတွင်း လွန်ခဲ့သည့် ဇန္နဝါရီလ (၂၃) ရက်နေ့မှ ယမန်နေ့ညအထိဖြစ်ပွားခဲ့သည့် (၄) ရက်ကြာ တိုက်ပွဲအတွင်း စစ်အစိုးရဖက်မှ ထိခိုက်ကျဆုံးသူနှင့် ဒဏ်ရာရသူစုစုပေါင်း (၈ဝ) ဦးခန့် ရှိသည်ဟု ၎င်းကဆက်ပြောသည်။

“မနေ့ညကဆိုရင် လေးနေရာမှာ အားလုံးစုစုပေါင်းက အသေက(၂ဝ)၊ ဒဏ်ရာက (၂၂) ယောက်ရတယ်ဆိုတော့ ဒီကောင်တွေ မနေ့က တစ်ရက်ထဲထိတာ မနည်းဘူးလေ။ ပြီးတော့ (၂၃)ရက်နေ့က ဒဏ်ရာက(၁၇)ယောက်၊ အသေက(၂ဝ)ဆိုတော့ အဲဒီမှာပဲပုံနေတဲ့ အခါကျတော့ အဲတာတွေ မနည်းကဲ့ပြီးထုတ်ရဦးမယ်။ ဒီရက်နှစ်ရက်အတွင်းကတော့။”  

ထို့အပြင် ယမန်နေ့ကတိုက်ပွဲ၌ စစ်အစိုးရတပ်ဖွဲ့ဝင်နှစ်ဦးအား တရုတ်နိုင်ငံထုတ် မော်တာ(၂) လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ဖက်မှ ဒဏ်ရာရသူသာရှိ၍ ကျဆုံးသူမရှိဟု ဆက်ပြောသည်။

“MA -7 ဆိုတာ (၆ဝ) မမပဲ။ ဒါမေယ့် (၆ဝ)ထက် ပြောင်းရှည်တယ်။ တရုတ်ထုတ်တွေလေ။ သူက (၆ဝ) အသီးနဲ့ပစ်လို့ ရတယ်လေ။ ဒါပေမယ့် သူ့အသီးကို ကျတော့ (၆ဝ)ထဲ ထည့်ပစ်လို့ မရဘူး။ မနေ့ကတိုက်ပွဲမှာ မော်ခီးဖက်မှာ နှစ်ယောက် ဒဏ်ရာရတယ်။ နောက်ပြီးတော့ ဒီကျောက်ခက်မှာ ဖြစ်တဲ့ပွဲကတော့ တစ်ယောက်က ခြေသလုံးမှာ လက်နက်ကြီးစထိမှန်တယ်။”  

တစ်ချိန်တည်းတွင် ယနေ့နံနက်ကလည်း ဘုရားသုံးဆူမှ သံဖြူဇရပ်သို့ ရိက္ခာကြိုရန်သွားသည့် စစ်အစိုးရယာဉ်တန်းအား (DKBA)နှင့် (KNU) ပူးပေါင်းတပ်ဖွဲ့က ခြံုခိုတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ကျဆုံး မှုအား မသိနိုင်သေးကြောင်း ဒေသခံ(DKBA) တပ်မှူး ဗိုလ်မှူးအေဝမ်းက ယခုလိုပြောသည်။

“မနက်က (၈)နာရီလောက်မှာ ကျနော်တို့ကတစ်ကြိမ် ပစ်လိုက်တယ်။ အပြန်အလှန်ပစ်ပြီးတော့ သူတို့ပြန်နောက်ဆုတ်သွားတယ်။ ပြီးတော့ နောက်တစ်ချီ သူတို့ဆီက စစ်ကြောင်း နောက်တစ်ကြောင်း ထပ်လာတဲ့ခါကျတော့ ကျနော်တို့ ခုနက (၁၂)နာရီ ကျော်လာက်က ပြန်ပစ်တယ်။ သူတို့ လက်နက်ကြီးနဲ့ ပြန်ပစ်တော့ ရွာနဲ့နီးတယ်ဆိုပြီး ကျနော်တို့ နည်းနည်း ပြန်နောက်ဆုတ် ပေးလိုက်တယ်။”  

ဘုရားသုံးဆူဒေသခံတစ်ဦးက ယင်းတိုက်ပွဲတွင် စစ်အစိုးရတပ်မှ တစ်ဦးကျဆုံးပြီး (DKBA) ဖက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်ဟု ယခုလိုပြောသည်။

“ဒီမနက်က ချောင်းဆုံရဲ့အနောက်ဖက် တစ်မိုင်လောက်က ဘုရားတောင်မှာ တိုက်ပွဲဖြစ်တယ် ပြောတယ်။ ခမရ(၄ဝ၂)က တစ်ယောက်ကျတယ်။ ဒဏ်ရာရတာတော့ မသိဘူး။ အလောင်းတော့ ခုနကပဲ ယူသွင်းလာတယ်။”  

ထို့အပြင် ယမန်နေ့ညကလည်း ခြေမြန်တပ်ရင်း ခမရ(၄ဝ၆) လှုပ်ရှားရာ မြိုင်သာယာ ကျေးရွာအနီး စစ်အစိုးရ တပ်သားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ကျဆုံးသွားသည်ဟု သိရကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ဗိုလ်မှူးကြီးစောလားပွယ်ဦးဆောင်သည့် (DKBA) တပ်မဟာ(၅)အဖွဲ့မှ စစ်အစိုးရ၏ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတမှုမရှိဟုဆိုကာ ဆန့်ကျင်ခဲ့ ရာမှ တိုက်ပွဲများစတင်ခဲ့ပြီး နောက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင် များ ပူးပေါင်းပါဝင်လာခဲ့သည်။

Most read this week