စစ်အစိုးရနှင့် DKBA တပ်ဖွဲ့တို့ တိုက်ပွဲ ပိုမိုပြင်းထန်လာ

စစ်အစိုးရနှင့် DKBA တပ်ဖွဲ့တို့ တိုက်ပွဲ ပိုမိုပြင်းထန်လာ
by -
ဇော်ကြီး

ကရင်ပြည်နယ်အတွင်း စစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန် လာသည်ဟု သိရသည်။ ...

ကရင်ပြည်နယ်အတွင်း စစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန် လာသည်ဟု သိရသည်။

ဖလူးနှင့် ဝေါ်လေကြားရှိ ကျောက်ခက်ဒေသအတွင်း ဒေါနတောင်ခြေတဝိုက်ရှိ တောင်ကုန်းတိုင်း တွင် ယနေ့နံနက် (၈) နာရီအချိန်ခန့်မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး ယခင်ကထက် ပိုမိုပြင်းထန်သည် ဟု DKBA တပ်ဖွဲ့၏ တပ်မဟာ(၅) စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က ယခုလိုပြောသည်။

“လက်ရှိ ရန်သူကလည်း ဒီတောင်ကုန်းကိုလုတယ်။ DKBA ကလည်း လုတယ်နော်။ သူလုငါလုနဲ့ ပစ်ခတ်မှုတွေ အပြင်းအထန်ဖြစ်တယ်။ သူတို့က ကွယ်ဝှက်ပြီးတက်တယ်။ ကျနော်တို့ကလည်း ကွယ်ဝှက်ပြီးစောင့်ပစ်တယ်။ ပစ်ကြခတ်ကြတာ တိုက်ပွဲက အပြင်းထန်ဆုံးပဲ ဒီနေ့က။”  

ယင်းဒေသတဝိုက်တွင် စစ်အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ(၅၄၉)၊ (၅၄၈)၊ (၃၅၇)နှင့် (၅၄၆) တပ်ရင်းလေးရင်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျွံဝင်လာသည့် ခမရ (၅၄၆) တပ်ရင်းအား (DKBA) တပ်ဖွဲ့များက ဝိုင်းရံပစ်ခတ်နေသည်ဟု ဆက်ပြောသည်။

“ကျွံဝင်လာတဲ့တပ်တစ်ခုရှိတယ်။ အခု အဲဒီအဖွဲ့ကို ကျနော်တို့ ဝိုင်းထားတယ်နော်။ အဲဒီအဖွဲ့ကို ပိတ်ဆို့ပြီးတော့ ချေမှုန်းနေတယ် အခုနော်။”  

နံနက် (၈)နာရီ အချိန်ခန့်မှစတင်၍ တနေကုန်ဖြစ်ပွားနေသည့်အတွက် နှစ်ဖက်ထိခိုက်ကျဆုံးမှှုကို အတည်ပြု၍ မရသေးသော်လည်း  ယခုလ(၂၃)ရက်နှင့် (၂၄)ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များတွင် စစ်အစိုးရတပ်ဖွဲ့ဝင် (၂ဝ) ကျော်ကျဆုံးခဲ့ပြီး (၁ဝ)ယောက်ကျော် ဒဏ်ရာရရှိသည်ဟု သိရကြောင်း ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

(DKBA) တပ်ဖွဲ့များ နေရာယူထားရာသို့ ယမန်နေ့ညနေ ၆နာရီခွဲ အချိန်ခန့်က စစ်အစိုးရတပ်မှ သွေးတိုးစမ်းသည့်အနေဖြင့် ဝင်ရောက်လာသည့်အတွက် (၁၅) မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်ပိုင်းအချိန်ကစ၍ တိုက်ပွဲရှိန်မြှင့်တက် လာခြင်းဖြစ်သည်ဟု နောက်တန်းရှိ (DKBA) တပ်မှူးတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ၂ဝ၁ဝ ခုနှစ် စစ်အစိုးရပြုလုပ်သည့် ရွေးကောက်ပွဲကာလမှစ၍ ထိုင်းမြန်မာနယ်စပ်ရှိ မြဝတီနှင့် ဘုရားသုံးဆူမြို့တို့အား (DKBA) က သိမ်းပိုက်ခဲ့ပြီး မြဝတီမြို့မှ စစ်အစိုးရ အခြေစိုက်ရာဝေါ်လေ စခန်းသို့သွားသည့် လမ်းကြောင်းအား ပိတ်ဆို့၍  (DKBA) တပ်ဖွဲ့များက နေရာယူထား ခဲ့သည်။

ယခုအခါ ဝေါ်လေတပ်စခန်းရှိ စစ်အစိုးရတပ်ဖွဲ့ဝင်များ စားရေရိက္ခာ အခက်အခဲဖြစ်နေသည့် အပေါ် စစ်အစိုးရက အင်အားသုံး၍ တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး (DKBA) ဖက်က ပြောက်ကျား စစ်ဖြင့် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။

ယခုဖြစ်ပွားနေသည့် တိုက်ပွဲများ၌ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) အပြင် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံတပ်ဖွဲ့များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သည်။

Most read this week