NDF ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာအား ဖမ်းဝရမ်း ထုတ်ထား

NDF ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာအား ဖမ်းဝရမ်း ထုတ်ထား
by -
KNG

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ...

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်၏ အမိန့်အရ ဖမ်းဝရမ်း ထုတ်လိုက်သည်။

မြန်မာစစ်အာဏာပိုင်များ၏ ရှာဖွေဖမ်းဆီးခြင်း ခံနေရတဲ့ ဒေါ်ဘောက်ဂျာ။ ဓါတ်ပုံ - ကချင်သတင်းဌာနခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး (ခယက) တွင် အမိန့်စာပေးပို့ပြီး အသေးစိတ် ဖမ်းဆီးမည့်ကိစ္စ ဆွေးနွေးခဲ့ကြကြောင်း မြစ်ကြီးနား ခရိုင်ရုံးနှင့်နီးစပ်သည့် ဒေသခံတစ်ယောက် ပြောသည်။

“ဇန်နဝါရီ ၁၇ရက်က ပေါ့နော် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဇေယျာအောင်အနေနဲ့ အမိန့်ထုတ်လိုက်တယ်လို့ ကျွန်တော်တို့ သိရှိရတယ်။ ဒေါ်ဘောက်ဂျာကို ဖမ်းဆီးဖို့ရန် ၁၈ရက်နေ့က ခရိုင်ရုံးမှာရဲမှူးတို့ အစည်းအဝေး ထိုင်နေကြတယ်။ အစည်းအဝေး လုပ်ပြီးမှ ဒေါ်ဘောက်ဂျာကို ဖမ်းဆီးဖို့ ထုတ်ပြန်တယ်ဆိုတာ သိရှိရတာပေါ့နော်။”

ဒေါ်ဘောက်ဂျာအား မည်သည့်ပုဒ်မနှင့် တရားစွဲဆို ဖမ်းဆီးသွားမည်ကိစ္စကို ရှင်းရှင်းလင်းလင်း မဖော်ပြသော်လည်း စည်းဝေးလုပ်ပြီး နောက်တစ်ရက်တွင် ဖမ်းဆီးဖို့ စတင်လှုပ်ရှားမှုများ တွေ့ရကြောင်း ဒေသခံများမှ သိရသည်။ မြစ်ကြီးနားရဲဌာနမှ ရှာဖွေ ဖမ်းဆီးရေးသုံးဖွဲ့က တာဝန်ယူရန်ဖြစ်ကြောင်း ဒေသခံကဆက်ပြောသည်။

“အုပ်စု ၃ခုခွဲပြီးမှ တအုုပ်စုက ဖားကန့်လမ်းဖက်အုပ်စု၊ တစ်ခုက တနိုင်းလမ်း လီဒိုလမ်းဘက်ပေါ့နော်။ အုပ်စုတစ်ခုက မြစ်ကြီးနားမှာဆိုပြီးမှ သူ့ကိုလိုက်လံ ဖမ်းဆီးဖို့ပြင်ဆင်နေတယ်လို့ ကျွန်တော်တို့သိရှိရတာပေါ့နော်။ မနေ့က ကျွန်တော်တို့ကြား သလောက်အခုက ဒေါ်ဘောက်ဂျာရှိတဲ့ဘက် ဒေါ်ဘောက်ဂျာရဲ့ အိမ်ဖက်မှာရဲတို့ လာဝိုင်းရံထားတယ် သူ့ကိုစောင့်ကြည့်နေတယ်။ သူ့ကိုလိုက်လံရှာဖွေနေတယ်လို့ သိရှိရာတာပေါ့နော်။”

သူမသည် ဇန်နဝါရီလအစောပိုင်းက ဟူးကောင်းချိုင့်ဝှမ်းဒေသခံများ၏ လယ်ယာမြေ မတရားသိမ်းယူမှုနှင့်ပတ်သက်၍ ယုဇနကုမ္မဏီအား တရားစွဲထားသည့် အမှုစီရင်အပြီး နောက်ကျန်နေသေးသည့် တောင်သူများအတွက် ဆက်လက်တရားစွဲဆိုရေး အကျိုးဆောင်ပေးနေကြောင်း ဟူးကောင်း ဒေသခံများပြောသည်။

နောက်ပြီး ရွေးကောက်ပွဲမှာ ဖားကန့်မြို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခဲ့ရာမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မဲမသမာမှုများကို အရေးယူဆောင်ရွက်ပေးရန် ပြိုင်ဖက်ဖြစ်သော ကချင်ပြည်နယ်တိုင်းမှူးဟောင်း ဦးအုန်းမြင့်အား ဇန်နဝါရီလ ရ ရက်နေ့က မဲကော်မရှင်တွင် စွဲချက်တင်ထားခဲ့ကြောင်း ဒေါ်ဘောက်ဂျာပြောခဲ့သည်။

ယင်းကိစ္စရပ်များလုပ်ဆောင်နေချိန် မကြာခင်မှာပဲယခုလို ဒေါ်ဘောက်ဂျာကိုဖမ်းဆီးရန်အမိန့် ထွက်ပေါ်လာခြင်းဖြစ်သည်။

အာဏာပိုင်များ ယခုလိုဖမ်းဆီးရန်မှုပြုလုပ်လာခြင်းသည် မတရားမှုအတွက် လူမှူအကျိုးဆောင်လုပ်ငန်းလုပ်နေသည့်အတွက် နှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဖားကန့်ပြည်သူ့လွှတ်တော်မှာ အနိုင်ရရှိခဲ့သော ကချင်ပြည်နယ်တိုင်းမှူးဟောင်း ဦးအုန်းမြင့်ကို တရားစွဲဆိုထားချက်အပေါ်မှာ ဖမ်းဆီးထိန်းသိမ်းလိုခြင်းဖြစ်ကြောင်း သူမ၏အသိုင်းအဝိုင်း ဒေသခံများသုံးသပ်ပြောဆိုသည်။

Most read this week