DKBA စခန်းအချို့ မြန်မာအစိုးရတပ်များ သိမ်းပိုက်

DKBA စခန်းအချို့ မြန်မာအစိုးရတပ်များ သိမ်းပိုက်
by -
ဇော်ကြီး

မြန်မာစစ်အစိုးရက လနှင့်ချီ ထိုးစစ်များ ဆင်နွဲခဲ့ပြီးနောက် ယမန်နေ့က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တပ်စခန်း နှစ်ခုကို သိမ်းပိုက်လိုက်သည်ဟု DKBA အဖွဲ့က ပြောသည်။ ...

မြန်မာစစ်အစိုးရက လနှင့်ချီ ထိုးစစ်များ ဆင်နွဲခဲ့ပြီးနောက် ယမန်နေ့က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တပ်စခန်း နှစ်ခုကို သိမ်းပိုက်လိုက်သည်ဟု DKBA အဖွဲ့က ပြောသည်။

နှစ်လကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကချောဝါးနှင့် လေးဒေး ရှေ့တန်းလှုပ်ရှားစခန်း နှစ်ခုအား ယမန်နေ့ညနေက ဆုတ်ခွာပေးလိုက်သည်ဟု DKBA မှ အမည်မဖော်လိုသည့် တပ်မှူးတစ်ဦးက ယခုလိုပြောသည်။

“ပထမအကြိမ် တက်တယ်။ တက်ပြီးတော့ ပြန်ဆုတ်တယ်။ ဆုတ်ပြီးတော့ နောက်တန်းက သူတို့ လက်နက်ကြီးနဲ့ ဖိအား ပေးပစ်တော့ ပြန်ခွာပေးရတာပေ့ါ။ အဲလိုမျိုး အနေအထားမျိုးတော့ ရှိတယ်။ နှစ်နာရီလောက်ကနေ စပစ်လိုက်တာ မိုးချုပ်တဲ့ အထိပဲ။ ကချောဝါးကို ညနေ ၃ နာရီခွဲလောက်မှာ ခွာပေးလိုက်ရတယ်။ ငါးနာရီခွဲ ခြောက်နာရီ ဝန်းကျင် လောက်မှာ လေးဒေးကို ခွာပေးလိုက်ရတယ်။”

စစ်အစိုးရတပ်မှ ၁၂ဝ မမ တာဝေးပစ်မော်တာအပြင် ၈၁ မမ၊ ၆ဝ မမ မော်တာများဖြင့် ပစ်ခတ်၍ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့သည်ဟု DKBA အဖွဲ့က ပြောသည်။

ယင်းတိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ အတိအကျ မသိရသေးသော်လည်း စစ်အစိုးရဖက်က ထိခိုက်မှု ပိုများနိုင်သည်ဟု ဆက်ပြောသည်။

“မနေ့ညကတော့ ပွဲကတော့ နည်းနည်းကြမ်းတယ်ဆိုတော့ သူတို့ဖက်မှာတော့ ထိခိုက်မှု များနိုင်တယ်။ ဘယ်လောက်လဲ ဆိုတာတော့ အတည်ပြုလို့ မရသေးဘူး။ ကျနော်တို့ဖက်မှာကျတော့ ခံစစ် အနေအထားနဲ့ဆိုတော့ ထိခိုက်မှု မရှိပါဘူး။”  

သို့သော် ယင်းတိုက်ပွဲတွင် DKBA တပ်ဖွဲ့များ ထိခိုက်မှုပိုများပြီး သရက်တပင်စခန်းအား သိမ်းပိုက် လိုက်နိုင်သည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း စစ်အစိုးရနှင့် နီးစပ်သည့် မြဝတီမြို့ခံတစ်ဦးက ယခုလိုပြောသည်။

“သူတို့ပြောတာတော့ ဒီနုတ်ခမ်းမွေးတို့ အဖွဲ့တွေ တော်တော် အထိနာသွားတယ်လို့ ပြောတယ်။ စခန်းပါ သိမ်းလိုက်တယ် ပေ့ါနော်။ မနေ့ညကမှ သိရတာ။ သရက်တပင်စခန်းကို သိမ်းလိုက်တယ်လို့ ပြောတယ်။”  

ယင်းကိစ္စနှင့်ပတ်သက်၍ သရက်တပင်စခန်း၏ အရှေ့ဖက်ရှိ ခံစစ်လှုပ်ရှားစခန်းအချို့အား ဆုတ်ခွာပေးခဲ့သော်လည်း သရက်တပင်စခန်းအား သိမ်းပိုက်မှုမရှိသေးကြောင်း DKBA အရာရှိက ယခုလို ငြင်းဆိုခဲ့သည်။

“သရက်တပင်ပြီးရင် လေးဒေး၊ ပြီးရင် ကချောဝါး၊ ပြီးရင် တာ့ကော်ကျိုးပေ့ါ။ အဲလိုမျိုးဆက်နေ တာပေ့ါ။ တာ့ကော်ကျိုး ကိုကျော်ခဲ့ပြီ။ လေးဒေးနဲ့ ကချောဝါးကိုရောက်ပြီ။ အခု သရက်တပင်တော့ ကျန်သေးတာပေ့ါ။ အဲဒီနားမှာတော့ ကပ်တော့ ကပ်နေတယ်။”

တချိန်တည်းတွင် စစ်အစိုးရတပ်ဖွဲ့ အခြေချထားရာ ဝေါ်လေစခန်းကုန်း အနောက်ဖက်ရှိ DKBA ၏ ဥကရေ့ထ တပ်စခန်းအား စစ်အစိုးရတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြေပြင်တပ်ဖွဲ့က စခန်းအနီးသို့ ဖြည်းဖြည်းချင်းတိုးလာနေသည်ဟု ဆက်ပြောသည်။

“ဥကရေ့ထဆိုတဲ့နေရာကို နည်းနည်း နေရာဝင်ယူဖို့ပေ့ါလေ။ အဲတာ ဝေါ်လေစခန်းကနေပြီးတော့ ၁၂ဝ ရယ်၊ ဝေါ်လေ စခန်းရှေ့ကနေထွက်ပြီးတော့ ၈၁ မမ ရယ် အဲဒီကနေ လှမ်းပစ်တာ။ ဒီမှာ ရေထားတာ တစ်ရာကျော်ကျော်လောက်တော့ ရှိမယ်။ ပစ်တာက ဆက်တိုက်ဆက်တိုက်ပဲဟာ။ နှစ်မိနစ်၊ သုံးမိနစ်တစ်လုံးလောက်ပစ်နေတာ။”

ယခုဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အကျဉ်းသားများအား စစ်အစိုးရတပ်မှ ပေါ်တာအထမ်း သမားအဖြစ် အသုံးပြုခဲ့သည့် အတွက် သေဆုံးသူများရှိသလို ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေး လွှတ်မြောက်လာသူများလည်းရှိသည်ဟု DKBA ကပြောသည်။

စစ်အစိုးရနှင့် ဗိုလ်မှူးကြီးစောလားပွယ်ဦးဆောင်သည့် DKBA တပ်ဖွဲ့တို့ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ရန်ရှိသည်ဟူသော သတင်းများအပေါ် DKBA က ငြင်းဆိုခဲ့ပြီးနောက်ပိုင်း စစ်အစိုးရက ယခုလိုထိုးစစ်ကို တိုးမြှင့်လာခဲ့ခြင်းဖြစ်သည်။

ယမန်နှစ် နိုဝင်ဘာလ (၇) ရက်နေ့က စစ်အစိုးရ၏ ရွေးကောက်ပွဲကျင်းပချိန်မှစ၍ နယ်ခြား စောင့်တပ် အသွင်ပြောင်း ရေးကို လက်မခံငြင်းဆန်ထားသည့် DKBA တပ်ဖွဲ့နှင့် စစ်အစိုးရတို့ အကြား တိုက်ပွဲများဖြစ်ပေါ်လာခဲ့သည်။

Most read this week