ယာယီ ပတ်စပို့စ် ကိုင်ဆောင်ခွင့် မရသည့်အတွက် အလုပ်သမားများ အခက်အခဲဖြစ်

ယာယီ ပတ်စပို့စ် ကိုင်ဆောင်ခွင့် မရသည့်အတွက် အလုပ်သမားများ အခက်အခဲဖြစ်
by -
ဇော်ကြီး

ထိုင်းနိုင်ငံ၌ လာရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ယာယီပတ်စ်ပို့ ပြုလုပ်ပြီးသော်လည်း အလုပ်ရှင်က ထိန်းသိမ်းထားသည့်အတွက် အချို့သော အလုပ်သမားများ အခက်အခဲဖြစ် နေ ...

ထိုင်းနိုင်ငံ၌ လာရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ယာယီပတ်စ်ပို့ ပြုလုပ်ပြီးသော်လည်း အလုပ်ရှင်က ထိန်းသိမ်းထားသည့်အတွက် အချို့သော အလုပ်သမားများ အခက်အခဲဖြစ် နေကြသည်။

ရပ်ချ်ဘူရီခရိုင်အတွင်း ဘန့်ဖွန်းမြို့အနီးရှိ (Thai Better Foods Co;ltd) ကြာဆံနှင့် ခေါက်ဆွဲ စက်ရုံမှ  မြန်မာအလုပ်သမားများသည် အလုပ်ချိန်နှင့် လုပ်အားခမျှတစွာ မရသည့်အပြင် အစား အသောက်ကောင်းမွန်စွာ မရသည့်အတွက် လုပ်ငန်း ပြောင်းရွှေ့လိုသော်လည်း ၎င်းတို့၏ ယာယီပတ်စပို့စ်များကို အလုပ်ရှင်က ထိန်းသိမ်းထားသောကြောင့် အခက်အခဲ ဖြစ်နေကြသည်ဟု စက်ရုံဝန်ထမ်း တစ်ဦးက ယခုလို ပြောသည်။

“တကယ်ဆိုလို့ရှိရင် ငါးနာရီကျော်လို့ရှိရင် အိုတီဆိုတာရှိတယ်လေ။ ကျနော်တို့မှာ အိုတီအတွက် မရှိဘူး။ တခါတလေ ရှစ်နာရီကျော်သွားတယ်၊ ကိုးနာရီကျော်သွားတယ်။ အဲလိုမျိုးကျော်သွား တဲ့အခါ (၁၇၀) လောက်ပဲရတယ်။ တချို့ကျတော့ ပုတ်ပြတ်အနေနဲ့ မတန်သလောက်ဘဲဖြစ်တယ်။ တခါတလေကျရင် မနက်ရှစ်နာရီကနေ ညဆယ်နာရီအထိလုပ်ရတာ (၂၀၀) တောင် မပြည့်တဲ့ ဟာတွေရှိတယ်။”

ထိုင်းနိုင်ငံ၏အလုပ်သမားဥပဒေအရ တနေ့အလုပ်ချိန် ရှစ်နာရီလျှင် အနိမ့်ဆုံးလုပ်အားခ ထိုင်းဘတ်ငွေ (၁၇၀) သတ်မှတ်ထားပြီး အချိန်ပိုလုပ်အားခအနေနှင့် လုပ်ငန်းအလိုက် တစ်နာရီ လျှင် ထိုင်းဘတ်(၂၅)မှ (၃၀)ခန့် သတ်မှတ်ထားသည်။

ထို့အပြင် အလုပ်သမားများ၏ ဆွေမျိုးမိဘများ နာမကျန်းဖြစ်သည့်အတွက် မြန်မာနိုင်ငံသို့ ခေတ္တပြန်လိုသော်လည်း ပတ်စပို့စ်မထုတ်ပေးသည့်အတွက် အခက်ခဲဖြစ်နေကြသည်ဟု ဆက်ပြောသည်။

“အခု အလုပ်ရုံမှာနေတဲ့သူငယ်ချင်းတွေက အဖေအမေဖျားလို့ အခွင့်အရေးတောင်းတယ်။ ပြန်ဆင်းဖို့ ပတ်စ်ပို့စ်တောင်းတာပေ့ါ။ အဖေအမေက အသက်ကြီးပြီလေ။ ဖျားတော့ ပြုစုမယ့်သူ မရှိလို့ အဖေအမေက သူ့ကိုဖုန်းထိုးပြီး ပြန်ခိုင်းတာပေ့ါ။ အဲတာ ပြန်လို့မရဘူးဖြစ်နေတယ်တဲ့။ သူဌေးက သူ့ကိုမပေးဘူးတဲ့။”  

ပတ်စ်ပို့လုပ်စဉ်ကကုန်ကျစားရိတ်များအား အလုပ်ရှင်မှ စိုက်ထုတ်ပေးပြီး လုပ်အားခထဲမှ အပါတ်စဉ် ပြန်လည်နုတ်ယူခဲ့သည်။ သို့သော် ပတ်စပို့စ်ကြေးမကျေဘဲ အလုပ်မှထုတ်သွား သူများကို ပတ်စပို့စ်မိတ္တူကိုသာထုတ်ပေးခဲ့သည်ဟု မကြာသေးမီက စက်ရုံမှထွက်သွားသူ
အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“ပတ်စ်ပို့စ်မပေးဘူးတဲ့၊ အတုပဲယူသွားတဲ့။ အပြင်မှာအလုပ်လုပ်လို့ ပိုက်ဆံရလာရင်ပေ့ါလေ တစ်လပြည့်ရင်ဒီမှာ ပြန်လာယူတဲ့။ တကယ်လို့ အပြင်မှာ အဆင်မပြေဘူးဆိုလည်း ဒီမှာ ပြန်လာလုပ်တဲ့။ သူပြောတယ် အတုနဲ့ အခက်အခဲရှိရင် ဖုန်းဆက်တဲ့။ ဆက်လိုက်တော့လည်း သူတို့က မဟုတ်ဖူး ငြင်းတယ်လေ။ အဲဒီအတုနဲ့ ပုလိပ်မိသွားလို့ ရှိရင်လည်း ကိုယ်ဟာကိုယ် ပိုက်ဆံ စိုက်ပြီးတော့ ပေးရတယ်။ တကယ်လို့ တခုခုဖြစ်ရင်လည်း ကိုယ်ပဲခံပေ့ါ။”  

စက်ရုံအတွင်း ယာယီပတ်စပို့စ်ပြုလုပ်ပြီးသူ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၅၀) ကျော်အနက် ပင်ပန်းသည့်ဒဏ်မခံနိုင်၍ စက်ရုံမှထွက်ခွာသွားသူ (၁၀)ဦးကျော်ခန့်ရှိပြီး ယာယီပတ်စပို့စ်များအား အလုပ်ရှင်မှ ထိန်းသိမ်းထားခြင်းမဟုတ်ဘဲ စက်ရုံတာဝန်ခံက ပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေနှင့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော်လည်း အလုပ်သမားအခွင့်အရေး ဆုံးရှံုးမှုများ မကြာခဏခံနေရပြီး ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ထိုင်းအလုပ်သမားရေးဌာန၏ ၂၀၁၀ ခုနှစ် စက်တင်ဘာလ တရားဝင်စာရင်းများအရ မြန်မာ ရွှေ့ပြောင်းအလုပ်သမား တစ်သန်းခန့်အနက် ယာယီပတ်စပို့စ် ပြုလုပ်ပြီးသူပေါင်း နှစ်သိန်းခန့်သာ ရှိသည်ဟု သိရသည်။

Most read this week