ဆိုင်းတောင်မြို့ထဲ ကျောက်စိမ်း ကုမ္ပဏီများ မြေစာသွန်နေ

ဆိုင်းတောင်မြို့ထဲ ကျောက်စိမ်း ကုမ္ပဏီများ မြေစာသွန်နေ
by -
KNG

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိပ်မူ) မြို့လည် လူနေအိမ်၊ စျေးဆိုင်တန်းများထဲ ကျောက်စိမ်းတွင်းမှ စွန့်ပစ်မြေစာများ သွန်ချနေမှုကြောင့် ဒေသခံများမှာ နေအိမ် ပြောင်းရွှေ့နေရ ...

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိပ်မူ) မြို့လည် လူနေအိမ်၊ စျေးဆိုင်တန်းများထဲ ကျောက်စိမ်းတွင်းမှ စွန့်ပစ်မြေစာများ သွန်ချနေမှုကြောင့် ဒေသခံများမှာ နေအိမ် ပြောင်းရွှေ့နေရသည်။

 ဖားကန့်မြို့နယ် ဆိုင်းတောင်မြို့။ ဓါတ်ပုံ - ကချင်သတင်းဌာနချိုတင်ကုမ္ပဏီ၊ ချောင်ဘရားသားကုမ္ပဏီတို့သည် ပိုက်ဆံခြောက်မှော်မှ ကျောက်စိမ်းတူးဖော်ရာမှ စွန့်ပစ်မြေစာများအား ဆိုင်းတောင်မြို့ ရပ်ကွက် ၃ နှင့် ၄ လူနေအိမ်နှင့် ကားလမ်းမများတွင် မြေစာသွန်ချနေသည်။

ယခုလို မြေစာသွန်ချနေခြင်းကြောင့် အိမ်ခြေပေါင်း ၅၀၀ခန့်ရှိသည့် ၎င်းရပ်ကွက်များမှ လူနေအိမ်တချို့မှာ ပြောင်းရွှေ့ရပြီး ကျန်နေသေးသည့် အိမ်များမှာ အိမ်ခြေတိုင်ထပ်မြင့်တင်ရန် မြေစာဖို့နေကြသည်။

ရိုးရိုးဝါးအိမ်(နံကပ်) တစ်အိမ်လျင် ကျပ် ၅သောင်း ကုန်ကျပြီး၊ အုတ်(တိုက်အိမ်) တစ်အိမ်အတွက် ၁ပေ ထပ် မြင့်တင်တိုင်း အနည်းဆုံး ကျပ် ၁သိန်းကုန်ကျသည်ဟု ဒေသခံမှပြောသည်။

“ကိုယ့်အိမ်ကို ကိုယ်ပြန်လုပ်နေရတယ်၊ တစ်ချို့ ဝါး၊ ပျဉ်အိမ်တွေကို ဖျက်ပြီး မြေစာပေါ်မှာ ပြန်ဆောက်ကြရတယ်၊ ဟော ခုပဲ စစ်အစိုးရ အုပ်ချုပ်ရေးရုံးမှာပြန်သွန်နေပြီ၊ အိမ်တွေက မြေစာပုံအောက်ရောက်ကုန်ပြီ၊”ဟု ဒေသခံမှပင် ပြောသည်။

ယင်းဒေသခံအိမ်လည်း မြေစာပုံ အမြင့် ပေ၃၀ကျော်ရှိနေပြီဟု ပြောသည်။

မြေစာသွန်မှုအားကြီးသောကြောင့် ၎င်းဒေသခံမိသားစုသည် ယမန်နှစ်၌ အိမ်ပြောင်းရွှေ့လိုက်သည်။

ရပ်ကွက်လူကြီးများသည် သက်ဆိုင်ရာအာဏာပိုင်များထံ တိုင်တန်းသော်လည်း ကုမ္ပဏီအား အရေးယူခြင်းတားဆီးပိတ်ပင်ခြင်းမလုပ်နိုင်ခြင်းမှာ ၎င်းကုမ္ပဏီများသည် စစ်အစိုးရနဲ့ အကျိုးတူပူးပေါင်းနေသည့်အတွက် ဖြစ်သည်ဟု ဒေသခံများမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာလမှ ယခုထိ ၁၀ဘီး၊ ၁၂ဘီး၊ ၁၆ဘီး ကားကြီး အစီး ၁၀၀ကျော်ဖြင့် နေ့ညမပျက် မြေစာသွန်နေခြင်းဖြစ်သည်။ အစောပိုင်း လမ်းမကြီးများ၊ ချိုင့်ခွက်ထဲများ၌ အရင် သွန်ချပြီး နောက်ပိုင်း အိမ်ဘေးနား၌ သွန်ချနေသည်။

ဒေသခံများမှာ မြေစာပုံပြိုကျလာမည်ကိုစိုးရိမ်သည့်အပြင် မိုးတွင်း၌ ရေကြီးလာနိုင်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။

အစောပိုင်း၌ ပိုက်ဆံခြောက်မှော်မှ မြေစာများအား မော်မုံကျေးရွာ ဥရုချောင်းဘေးတွင် သွန်ချပြီး သက်ဆိုင်ရာမှ ပိတ်ပင်လိုက်ခြင်းကြောင့် ယခုလို ဆိုင်းတောင်မြို့တွင်း၌ သွန်ချလာခြင်းဖြစ်သည်။

Most read this week