ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုပြင်းထန်လာ

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုပြင်းထန်လာ
by -
ဇော်ကြီး

စစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တို့ တိုက်ပွဲဖြစ်ပွားမှု ယခုရက်ပိုင်းအတွင်း ပိုပြင်းထန်လာခဲ့သည်။...

စစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တို့ တိုက်ပွဲဖြစ်ပွားမှု ယခုရက်ပိုင်းအတွင်း ပိုပြင်းထန်လာခဲ့သည်။

မြဝတီမြို့တောင်ဖက်ခြမ်း ဝေါ်လေနှင့် ကနဲလေးကြားတွင် ယနေ့နံနက်ပိုင်းက စစ်အစိုးရ၏ ခြေမြန် တပ်ရင်း ခမရ (၄၀၉)တပ်ဖွဲ့အား DKBA မှ ခြံုခိုတိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးချုပ် စေားလားပွယ် ခေါ် ဗိုလ်မှူးနုတ်ခမ်းမွေး၏ အနီးကပ်အရာရှိတဦးက ယခုလိုပြောသည်။

“ဒီမနက် ၈း၅၈ မိနစ်မှာ Embush ပုံစံပေ့ါ။ မိုင်းလည်းဆွဲ၊ RPG နဲ့လည်းပစ်။ လက်နက်ငယ်တွေနဲ့ လည်းပစ်ပေ့ါ။ ပြီးရင်ပြန်ဆုတ်ပေ့ါ။ ပြန်ဆုတ်တော့ သူတို့ကကုန်းပေါ်တက်ရှင်းတော့ မိုင်းနှစ်လုံး ထပ်နင်းမိတယ်။ အသေအပျောက်စာရင်း အတိအကျတော့မသိသေးဘူး။ အနည်းဆုံးကတော့ (၁၀) ယောက်ဝန်းကျင်လောက်တော့ ထိခိုက်ဒဏ်ရာရ၊ သေဆုံးတာရှိမယ်လို့ ခန့်မှန်းရတယ်။”

ယမန်နေ့ည ၈ နာရီအချိန်ခန့်ကလည်း စစ်အစိုးရ၏ ခမရ(၅၄၇)တပ်ရင်းနှင့် DKBA မှ ဗိုလ်စန်းအောင်ဦးဆောင်သည့်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံး ဒဏ်ရာရသူများ ရှိသည်ဟု ဆက်ပြောသည်။

“အဲဒီမှာ နအဖတပ် (၅၄၇)အဖွဲ့က (၇)ယောက်သေ၊ ၁၂ ယောက် ဒဏ်ရာရတယ်။ ပြီးရင် ဒီကေဘီအေဖက်ကတော့ တစ်ယောက် သေပြီးတော့ ဗိုလ်စန်းအောင်အပါ အဝင်ငါးယောက် ဒဏ်ရာရတယ်။ သူကလက်မောင်းမှာ ရှပ်ထိသွားတယ်။ ငါးယောက်စလုံး မစိုးရိမ်ရပါဘူး။”

ထို့အပြင် ယခုလ (၁၈)ရက်နှင့် (၁၉)ရက်နေ့များကလည်း DKBA နှင့် ကရင်အမျိုးသား အစည်း အရုံး KNU လက်အောက်ခံ တပ်ဖွဲ့များ ပူးပေါင်း၍ စစ်အစိုးရ တပ်စခန်းနှစ်ခုဖြစ်သည့် မောချီးနှင့် ကနဲလေးစခန်းတို့အား ၀င်ရောက် တိုက်ခိုက်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခြင်း မရှိသေးဟု သိရသည်။

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လွန်ခဲ့သည့် နှစ်ပါတ်ခန့်က စစ်ဗျူဟာ ကွပ်ကဲမှုဌာနချုပ် စကခ(၁၉) လက်အောက်ခံ တပ်ရင်းနှစ်ရင်းဖြစ်သည့် ခလရ(၂၉၉)နှင့် ခမရ (၅၈၆) တပ်ရင်းတို့ ဝေါ်လေဒေသသို့ စစ်ကူ တက်လာခဲ့သည်ဟု သတင်းရရှိသည်။

ယင်းစစ်ကြောင်းအား DKBA တပ်ဖွဲ့များက ခြံုခိုတိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်ကျဆုံးမှုများ ရှိသည်ဟု အဆိုပါ အရာရှိက ဆက်ပြောသည်။

“အဲဒီမှာ စတက်လာကတည်းက ပြောက်ကျားပစ်လိုက်၊ ခြံုခိုလိုက်၊ မိုင်းဆွဲခွဲလိုက်နဲ့ အခုတော့ ဒီကောင်တွေ တော်တော်လေးကို ထိသွားပြီ။ အခု အနည်းဆုံး နှစ်ဆယ်နဲ့ သုံးဆယ်ဝန်းကျင် လောက်တော့ ထိခိုက်ဒဏ်ရာနဲ့ သေဆုံးမှုရှိမယ်လို့ ခန့်မှန်းရတာပေ့ါနော်။”

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဝေါ်လေဒေသအတွင်းရှိ ကျေးရွာ နှစ်ဆယ်ခန့်မှ ဒေသခံရွာသား (၃၀၀၀) ခန့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေး ရောက်ရှိလာကာ နယ်စပ်ရှိ ယာယီဒုက္ခသည် စခန်း(၃)ခုတွင် ခိုလှုံနေရပြီး အမျိုးသမီးနှင့် ကလေးငယ်အများစု ပါ၀င်သည်ဟု သိရသည်။

လွန်ခဲ့သည့် နို၀င်ဘာလ ဆန်းပိုင်းကစ၍ DKBA တပ်ဖွဲ့မှ မြဝတီနှင့် ဘုရားသုံးဆူမြို့တို့အား တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။

Most read this week