မြဝတီတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး

မြဝတီတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး
by -
အားမီ

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့အလွန် တံတားကျိုးအနီးတွင် လိုင်စင်မဲ့ကားများ နှင့်အတူ ယင်းကားများပေါ်တွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းများ ...

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့အလွန် တံတားကျိုးအနီးတွင် လိုင်စင်မဲ့ကားများ နှင့်အတူ ယင်းကားများပေါ်တွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းများ ကိုပါ ဖမ်းဆီးမှုပြုလုပ်နေသည်။

ယခုလ ၂၂ ရက်နေ့မှ စတင်ပြီး လိုင်စင်မဲ့ကားများနှင့်အတူ ယင်းကားများပေါ်တွင်ပါသည့် ထိုင်းနိုင်ငံမှ တင်သွင်း လာသော သွင်းကုန်ပစ္စည်းများနှင့် ပြည်တွင်းမှ ထုတ်ကုန်ပစ္စည်းများကိုပါဖမ်းဆီးနေကြောင်း မြဝတီမြို့ခံ မျက်မြင် သက်သေ တစ်ဦးက ယခုလိုပြောသည်။

"မနေ့က စီးပွားရေး စက်မှုဇုန်နဲ့ အဲ့ဒီစက်မှုဇုန်ပတ်လမ်းတွေက ခိုးထွက်တဲ့ ကားတွေလေ။ တောလမ်း ကနေ ပိတ်ဖမ်းတာ။ အားလုံးပေါင်း ဟိုင်းလပ်ကား ၁၂စင်းနဲ့၊ ဟီးနိုးကား ၈ စင်းပေါ့၊ ၂၂ ရက်နေ့က နေ စဖမ်းတာ၊ ၂၂ ရက်နေ့က အောက်ကနေတက်လာတယ်။ ၂၃ ရက်နေ့က ပြန်ဆင်းတယ်။ ထိုင်း ကုန်စည်ကို ၂၃ရက်နေ့မှာ ဖမ်းတယ်။ မြန်မာကုန်စည်ကိုတော့ ၂၂ ရက်နေ့မှာဖမ်းတယ်။ ငရုတ်၊ ကြက် သွန်တို့ပေါ့။ ထိုင်းပစ္စည်းကတော့ အထည်အလိပ်တို့၊ ဖိနပ်တို့၊ ဆီတို့၊ အချိုမှုန့်တို့၊ သကြားလုံးတို့ ပေါ့ အစုံပဲလေ။ ကုန်စည်ပစ္စည်းအစုံပေါ့ ဘတ် သိန်းတစ်ရာဖိုးလောက် ဖမ်းဆီးခံရတယ်။"

လိုင်စင်မဲ့ကားများကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်အသွင်ပြောင်းထားသော တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA တို့မှ ပူးပေါင်းဖမ်းဆီး နေကြောင်း ၎င်း ဆက်ပြောသည်။

"ထူးခြားတာက မြန်မာစစ်တပ်နဲ့ လက်ရှိ ဒီကေဘီအေ ငြိမ်းချမ်းရေးအဖွဲ့တွေက ဖမ်းတာ၊ ရဲတို့ အ ကောက်အခွန်တို့ မပါဘူး။ စီးပွားရေး စက်မှုဇုန် ပတ်လမ်းအထွက် တံတားကျိုးအနီးပေါ့။ အဲ့ဒီမှာ ပိတ် ဖမ်းတာပေါ့။"

နယ်ခြားစောင့်တပ်ဖွဲ့ထုတ်ပေးသောလက်မှတ်ကို ကိုင်ဆောင်ထားသည့် ကားများကို ဖမ်းခြင်း မရှိဟု ကားသမား တဦးက ပြောသည်။

လိုင်စင်မဲ့ကားများ ဖမ်းဆီးမှုနှင့်ပတ်သက်၍ နယ်ခြားစောင့်အသွင်ပြောင်းထားသော တိုးတက်သော ကရင်ဗုဒ္ဓဘာ သာ တပ်မတော် DKBA တပ်ဖွဲ့မှ အရာရှိတစ်ဦးက ယခုလိုပြောသည်။

"အခုဟာက ဒီလိုလေ၊ ဟို အားလုံး စည်းကမ်းလေးနည်းနည်း ပြန်ရှိအောင်ပေါ့။ လိုင်စင်မရှိတဲ့ ကား တွေကိုတော့ ဖမ်းတာလေ။ လိုင်စင်မှမရှိကြတာ။ ဖမ်းမှာပေါ့။ လိုင်စင်မရှိတဲ့ကားကို လိုင်စင်ပြန်လုပ် ခိုင်းထားတယ်လေ။"

ယခုဖမ်းဆီးမှုသည် နယ်ခြားစောင့်တပ်ကို လက်မခံ သည့် ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်သည့် တပ်ဖွဲ့နှင့် ပတ်သက် သူများကို ဖမ်းဆီးခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ရဲအရာရှိတဦးက ယခုလို ပြောသည်။

“ဒီလို သမာရိုးကျ ရှိတဲ့လူကတော့ ဒီက ပွဲစားအဖြစ်နဲ့လုပ်တဲ့ဟာက သိပ်ပြဿနာ မရှိဘူး။ ဟိုအရင် ဝင်သွားတဲ့ကောင်တွေ (ဗိုလ်နှုတ်ခမ်းမွေး)နဲ့ ပတ်သက်တဲ့ အုပ်စုဆိုလို့ရှိရင် ဆွဲတယ်ဗျ အကုန်ဆွဲ တယ်။ ဆွဲတာတွေက ပြီးခဲ့တဲ့ ရက်တွေကတည်းက တောက်လျှောက်ပဲ ရဲစခန်းထဲမှာ အပြည့်ပဲ။”

မြဝတီ-မဲဆောက် ကုန်စည်ကူးသန်းသွားလာခွင့်တံတားအား ယခုနှစ် ဇူလိုင်လ ကတည်းက ပိတ်ထားသော် လည်း နယ်ခြားစောင့်အသွင်ပြောင်းထားသော ဗိုလ်ချစ်သူ ဦးဆောင်သည့် တပ်ဖွဲ့များ ပြန်လည် နေရာယူထားသည့် ဂိတ်များမှာက ညစဉ် ကုန်ပစ္စည်း ဖြတ်သန်းမှုများ ပြုလုပ် နေသည်ဟု မြို့ခံများက ပြောသည်။

Most read this week