ဒုက္ခသည် နှစ်ထောင်ကျော် ထိုင်းနယ်စပ်သို့ ထပ်မံရောက်ရှိ

ဒုက္ခသည် နှစ်ထောင်ကျော် ထိုင်းနယ်စပ်သို့ ထပ်မံရောက်ရှိ
by -
ခွန်အောင်မြတ်

မြန်မာစစ်အစိုးရ ထိုးစစ်ဆင်နေမှုကြောင့် မြဝတီ မြို့တောင်ဘက် ဝေါ်လေဒေသမှ ကျေးရွာများရှိ စစ်ပြေးဒုက္ခသည် နှစ်ထောင်ကျော် ထိုင်းနိုင်ငံ ဖုဖရမြို့နယ် ...

မြန်မာစစ်အစိုးရ ထိုးစစ်ဆင်နေမှုကြောင့် မြဝတီ မြို့တောင်ဘက် ဝေါ်လေဒေသမှ ကျေးရွာများရှိ စစ်ပြေးဒုက္ခသည် နှစ်ထောင်ကျော် ထိုင်းနိုင်ငံ ဖုဖရမြို့နယ်သို့ ယနေ့နံနက်တွင် ထပ်မံထွက်ပြေးလာသည်။

ယင်းဒေသသို့ ရောက်ရှိပြီး စစ်ပြေးဒုက္ခသည်များကို ကူညီပေးနေသည့် အဖွဲ့တွင် ပါ၀င်သည့် ကိုဓူဝံက ယခုလို ပြောသည်။

“ဒုက္ခသည်တွေ ဒီဒုက္ခသည် ဧရိယာထဲမှာ နှစ်နေရာ ရှိတယ်ခင်ဗျား။ သုမွဲကြီး စာသင်ကျောင်းထဲမှာလည်း ရှိတယ်။ ငါးရာလောက် ရှိတယ်ပေါ့နော်။ ဟိုဘက်ကတော့ ဝေါ်လေရွာနားမှာ သူတို့ ဒုက္ခသည် စခန်း ဖွင့်ထားတယ်။ နယ်စပ်နဲ့တော့ တကီလိုလောက်ပဲ လှမ်းတယ်။ အဲဒီနားမှာတော့ တော်တော် များတာပေါ့ဗျာ။ မနေ့ကဆို လူတထောင်လောက်ပဲ ရှိတယ်။ ဒီနေ့ဆို နှစ်ထောင်ကျော်လောက် ရှိပြီ။”

ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည်များအား ထိုင်းနယ်ခြားစောင့်တပ်က နေရာချထားရေးနှင့် လုံခြုံရေးအတွက် အကူအညီပေးပြီ၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာများကို မဲဆောက်ရှိ မြန်မာအဖွဲ့အစည်းများက ၀ိုင်းဝန်းကူညီပေးသည်။

ဘန်ကောက်မြို့ အနောက်ဘက်ရှိ မဟာချိုင်မြို့တွင် သီတင်းသုံးနေသည့် ရွှေတွန်တေးဆရာတော်လည်း ကြွရောက်ပြီး အကူအညီ ပေးနေသည်ဟု ဆရာတော်နှင့် လိုက်ပါကူညီနေသည့် မြန်မာပြည်သား ကိုမိုးကြိုးက ပြောသည်။

“မနေ့က ညနေနဲ့ ဒီကနေ့မနက်အစော ရွှေတွန်တေးဆရာတော် မဟာချိုင်က ကြွလာတယ်။ သူရိက္ခာ အခြောက်တွေနဲ့ အထည်တွေ ပါတယ်။ စောင်တွေ၊ အနွေးထည်တွေ၊ ကလေးကစားစရာ ပစ္စည်းတွေ ကလေးအဟာရတွေ ပါတယ်ဆိုတော့ မနေ့ညနေက တချက်၊ ဒီနေ့မနက်တချက် ကိုယ်တိုင်ကိုယ်ကျ ဝေတယ်။ ဒီကနေ့မနက်ဆို တော်တော် စောပါတယ်။ ကျနော်တို့ ခြောက်နာရီကတည်းက ရောက်နေတယ်။”

စစ်ပြေးဒုက္ခသည်များကို မဲဆောက်မြို့ရှိ မြန်မာလူမှုရေး အဖွဲ့အစည်းများအပြင် ဖုဖရမြို့နယ်ရှိ စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများလည်း သွားရောက်ကူညီကြသည်ဟု ကိုယ်တိုင်သွားရောက်နေသည့် ကိုထိုက်သူအောင်က ပြောသည်။

“ကျနော်တို့ ဒီဘက်က ရွှေ့ပြောင်းအလုပ်သမားတွေကနေပြီးတော့ ဒီစိုက်ခင်းတွေထဲက သီးတွေပေါဗျာ၊ နိုင်သရွေ့ဝိုင်းပြီး ကူညီကြတာ။ အလုပ်သမားတွေကနေပြီးတော့ တချို့ ငါးခြောက်တွေ၊ ဆန်တွေ၊ ဆီတွေ အကုန်လုံးလှူတယ်။”

လွန်ခဲ့သည့် နှစ်ရက်က ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရတပ်တို့ကြား ဝေါ်လေဒေသတွင် တိုက်ပွဲများ ထပ်မံဖြစ် ပွားရာမှ ဒုက္ခသည်များ ထိုင်းနယ်စပ်သို့ ထပ်မံထွက်ပြေးလာခြင်း ဖြစ်သည်။

ယခု စစ်ပြေးဒုက္ခသည်များသည် မြန်မာစစ်အစိုးရတပ်နှင့် နယ်ခြားစောင့်တပ်ကို လက်မခံသည့် တပ်မဟာ ၅ ဗျူဟာမှူး ဗိုလ်မှူးချုပ် စောလှဘွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တို့ မြဝတီတွင် တိုက်ပွဲ ဖြစ်ပွားကြပြီးသည့်နောက် ထပ်မံထွက်ပြေးလာသူများ ဖြစ်သည်။

မြန်မာစစ်အစိုးရ ကျင်းပသည့် နိုဝင်ဘာလ ရ ရက်နေ့ ရွေးကောက်ပွဲကို လက်မခံသည့် အနေဖြင့် ဒီကေဘီအေ တပ်ဖွဲ့က မြဝတီမြို့တွင်းသို့ ၀င်ရောက်ပြီး လက်နက်ကိုင် အသံတိတ် ဆန္ဒပြကြရာမှ စတင်ခဲ့သည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေတပ်ဖွဲ့တို့ ၂၄ နာရီ ကျော်ကြာ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မြဝတီမြို့ရှိ စစ်ပြေးဒုက္ခသည်များ သောင်းနှင့် ချီ၍ ထိုင်းဘက်ခြမ်းရှိ မဲဆောက်မြို့သို့ ထွက်ပြေးခိုလှုံလာခဲ့ကြသည်။

ယင်းစစ်ပြေးဒုက္ခသည်များကို ထိုင်းအာဏာပိုင်၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် မြန်မာအဖွဲ့အစည်းများက ၀ိုင်းဝန်းကူညီခဲ့ကြသည်။ ယခု ၎င်းတို့ နေရပ် ဖြစ်သည့် မြဝတီမြို့ ပြန်သွားကြသော်လည်း ဖုဖရမြို့နယ်ထဲတွင် စစ်ပြေးဒုက္ခသည်များ လျှော့သွားခြင်း မရှိပဲ ထပ်မံတိုးလာခဲ့သည်။

ဒီကေဘီအေ ဌာနချုပ် ဖြစ်သည့် ဝေါ်လေဒေသတွင် ဒီကေဘီအေ တပ်ဖွဲ့များက ဆုတ်ခွါသွားသော်လည်း မြန်မာစစ်အစိုးရတပ်က ထပ်မံအင်အားတိုးချဲ့ပြီး ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် စစ်ပြေးဒုက္ခသည်များ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာကြခြင်း ဖြစ်သည်ဟု စစ်ပြေးဒုက္ခသည်များက ပြောသည်။

Most read this week