တိုင်းရင်းသားအရေး ဒီမိုကရေစီအရေး ဒေါ်စု လုပ်ဆောင်မည်ဟု ကချင်အမျိုးသားများ မျော်လင့်

တိုင်းရင်းသားအရေး ဒီမိုကရေစီအရေး ဒေါ်စု လုပ်ဆောင်မည်ဟု ကချင်အမျိုးသားများ မျော်လင့်
by -
ကချင်သတင်းဌာန

အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အပေါ် သူမသည် တိုင်းရင်းသား အရေး၊ ဒီမိုကရေစီ အရေး ...

အမျိုးသားရင်ကြားစေ့ရေး လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အပေါ် သူမသည် တိုင်းရင်းသားအရေး၊ ဒီမိုကရေစီအရေးကို လုပ်ဆောင်သွားမည်ဟု ကချင်အမျိုးသားများ ယုံကြည်ထားသည်။

နိုဝင်ဘာ ၁၃ ရက်နေ့၊ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်။တရုတ်-မြန်မာ နယ်စပ် တစ်နေရာမှ ၈လေးလုံး ကချင် ကျောင်းသားခေါင်းဆောင် ဦးအောင်ဝါက သူမ နေအိမ်အကျယ်ချုပ်မှ ထွက်ရှိလာသည့်အတွက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုမှာ အလွန်တန်ဖိုးရှိပြီး အောင်မြင်မှု ရရှိလာမည်ဟု မျော်လင့်ကြောင်း ပြောသည်။

“ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာ တန်ဖိုးရှိသလို ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ ဗမာတွေကြားမှာ ဆွေးနွေးသွားမယ့်နေရာမှာလည်း အလွန့်အလွန်တန်ဖိုးရှိတဲ့ အမျိုးသမီးကောင်းပါ။ သူထွက်လာတာ ကျွန်တော်တို့အတွက် အတော်အကျိုးရှိတယ်။” ဟု ဦးအောင်ဝါမှ ဆိုသည်။

သူမကို စစ်အစိုးရ၏ရွေးကောက်ပွဲပြီးနောက်၊ စစ်အစိုးရ၏ ကြံ့ဖွံ့ပါတီမှ မတရား ရွေးကောက်ပွဲအနိုင်ရပြီးနောက်  လွတ်ပေးသည်ဖြစ်စေ၊ တိုင်းရင်းသားများအတွက်လည်း ခွန်အားဖြစ်စေသည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနေစိုက် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့မှ ကောင်မတီအဖွဲ့ဝင် ဦးအင်ဆန် တူးအောင် ပြောသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ အဓိက တိုင်းရင်းသားပြဿနာ၊ ဒီမိုကရေစီ ဖော်ဆောင်ရေးပြဿနာကိစ္စတွေးကို စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးလိမ့်မည်ဟု ကချင်အမျိုးသားများ ယုံကြည်ထားသည်။

ဦး တူးအောင် ဆက်ပြီး “တိုင်းရင်းသားအရေးသည် ဒီမိုကရေစီအရေး၊ ဒီမိုကရေစီအရေးလည်း တိုင်းရင်းသားအရေး ဖြစ်တယ်။ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးက တစ်ခုတည်းပဲ။ ဒီမိုကရေစီအရေးလုပ်ရင် တိုင်းရင်းသားအရေး ကိုလည်း ဖြေရှင်းလို့ရတယ်။” ဟု ပြောသည်။

စစ်အစိုးရ အုပ်ချုပ်လာသည့် သက်တမ်းတစ်လျှောက် တိုင်းရင်းသားများ တန်းတူအခွင့်အရေးမရရှိခဲ့ပေ။ ဤသို့ တန်းတူအခွင့်အရေးမရရှိခြင်းသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု၊ ဗိုလ်ချုပ်ကြီး နေဝင်း စသည့် ဗမာနိုင်ငံရေးခေါင်းဆောင်များကြောင့်ဟု ကချင်အမျိုးသားများ ရင်ထဲ ဗမာအစိုးရခေါင်းဆောင်များပေါ် အယုံအကြည်မရှိ ဖြစ်လာခြင်းဖြစ်သည်ဟု ၁၉၉၀ ရွေးကောက်ပွဲ၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွတ်တော် အမတ် ဒူဝါ မရန်ဇော်အောင် ပြောသည်။

ဗမာနိုင်ငံရေးခေါင်းဆောင်များအပေါ် ကချင်များ အယုံအကြည် ကင်းမဲ့လာခြင်းနှင့်ပတ်သက်ပြီး ဒူဝါဇော်အောင်မှ ကချင်အမျိုးသားများကိုယ်စား ၂၀၀၃ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးတန့် တွေ့ဆုံမေးမြန်းခဲ့သည်။

ဒေါ်စုက “ကျမလည်းတိုင်းရင်းသား ညီအကိုများအား သွေးချင်းသားချင်းလိုပဲ သဘောထားပါတယ်။ အဲတော့ တိုင်းရင်းသားတွေ ရသင့်ရထိုက်သလောက်တော့ ရထိုက်မှာပေါ့။ တိုင်းရင်းသားအားလုံး တန်းတူခံစားရမှာပေါ့။ ကျမက ဘယ်လို တိုင်းရင်းသား ညီအကို မြန်မာနိုင်ငံသားအားလုံးအပေါ် ကျောသားရင်သား မခွဲခြားပါဘူး” ဟု ပြန်ဖြေခဲ့ကြောင်း ဒူဝါဇော်အောင် ပြောပြသည်။

ယခုချိန် ဗမာ နှင့် တိုင်းရင်းသားများကြား ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ရေးကို တိုင်းရင်းသား ခေါင်းဆောင်များမှ ကြိုးပမ်းနေရာ ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပါက ပိုမိုအောင်မြင်မှု ရရှိနိုင်မည်ဟု ကျောင်းသားခေါင်းဆောင် ဦးအောင်ဝါ ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) ၏ အကြံပေးပုဂ္ဂိုလ် ဒေါ်ချယ်ရီဆိုင်း ကလညှ်း “ကျမတို့ သုံးပွင့်ဆိုင် ထိုင်ပြီး ငြိမ်းချမ်းရေးကိုရပြီး ပြည်သူတွေ၊ ကျမတို့အားလုံး ဒီမိုကရေစီ ဖော်ဆောင်တဲ့နေရာမှာ ကျမတို့ ပင်လုံစာချုပ်လုပ်ဆောင်ထားတဲ့အတိုင်း ကျမတို့ ဆက်လက်လုပ်ဆောင်သွားနိုင်မယ်ဆိုရင် အရမ်းကောင်းလာမယ်ထင်တယ်။” ဟု ပြောသည်။

ဒေါ်စုသည် တိုင်းရင်းသားများအတွက် ဒီမိုကရေစီပေးနိုင်သူ။ နိုင်ငံရေအပြောင်းအလဲပေးနိုင်သူအဖြစ် ယုံကြည်ထားသော်လည်း သူမအား စစ်အစိုးရမှ ဘယ်အချိန် ပြန်ဖမ်းမည်ကို မသိရပါ။ ဒါ့ကြောင့် တိုင်းရင်းသားများ ကိုယ့်ခြေထောက် ကိုယ်ရပ်တည်ပြီး ပြဿနာဖြေရှင်းခြင်းဟာ အကောင်းဆုံးဖြစ်မည်ဟု မလေးရှားနိုင်ငံမှ ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးလဆိုင်းမှ ပြောသည်။

ဦးလဆိုင်း ဆက်ပြီး “သူမ ထွက်လာတာ NLD အတွက်တော့ ကောင်းမယ်။ ဒါမဲ့ ကျတော်တို့အတွက်ရော ဘာတွေ လုပ်ပေးနိုင်မလဲ။ သူလုပ်လာမည့်လုပ်ဆောင်မှုအပေါ်ပဲ မူတည်ပါတယ်။ ပုဂ္ဂိုလ်ရေးအမြင်အရ ဆိုရင် ကျတော်တို့အတွက်သိပ်တော့ မမျော်လင့်ထားရင် ကောင်းပါတယ်။” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားအရေး ဘယ်လို ဦးဆောင်သွားမည်၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘယ်နည်းဖြင့် ကိုင်သွယ်သွားမည်ကို မပြောသေးသောကြောင့် ရှေ့ဆက်ပြီး ဘာတွေ လုပ်ဆောင်ရမည်ကို မသိသေးကြောင်း လန်ဒန်အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (KNO)မှ အထွေထွေ အတွင်းရေးမှူး ဒူဝါ ခွန်ဆာ ပြောသည်။

“လက်တွေ့မှာ သုံးပွင့်ဆိုင်ဆွေးနွေးခြင်းဖြစ်လာရင်တော့ တိုင်းရင်းသားတွေရဲ့မျော်လင့်ချက် ရှိလာမှာပါ။ သုံးပွင့်ဆိုင် မဖြစ်လာရင်တော့ ပြောဖို့တော့ မရှိဘူး။” ဟု နာမည် မဖော်လိုသူ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) မှ အရာရှိတစ်ဦးက သူ့ ပုဂ္ဂိုလ်ရေးအမြင်ကို ပြောသည်။

မြန်မာ့နိုင်ငံရေးပြဿနာအား လက်ရှိအာဏာကို ဆုတ်ကိုင်ထားသည့် စစ်အစိုးရ၊ NLD အပါအ၀င် နိုင်ငံရေးအတိုက်အခံအင်အားစု နှင့် တိုင်းရင်းသားအင်အားစုများ ပါဝင်သည့် “သုံးပွင့်ဆိုင်” တွေ့ဆုံ ဆွေးနွေး အဖြေရှာရမည်ကို ကမ္ဘာ့ကုလသမဂ္ဂလည်း အကြံပြုထားပါသည်။

Most read this week