ကချင်ပြည်နယ် မြို့နယ်ကြီးများတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရ

ကချင်ပြည်နယ် မြို့နယ်ကြီးများတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရ
by -
ကချင်သတင်းဌာန

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၏ အဓိက မြို့နယ်ကြီးများတွင် မြန်မာ စစ်အစိုးရ၏ ပြည်ခိုင်ဖြိုး ပါတီမှ ပြည်သူ့လွှတ်တော် အမတ်နေရာ အများစုကို အနိုင် ရ ...

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၏ အဓိက မြို့နယ်ကြီးများတွင် မြန်မာ စစ်အစိုးရ၏ ပြည်ခိုင်ဖြိုး ပါတီမှ ပြည်သူ့လွှတ်တော် အမတ်နေရာ အများစုကို အနိုင် ရသွားခဲ့သည်။

မြစ်ကြီးနားမြို့နယ်တွင် အနိုင်ရရှိသည့် ပြည်ခိုင်ဖြိုး ပါတီ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်။ ပုံ- ကချင်သတင်းဌာန။ မြစ်ကြီးနားမြို့တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ စာတိုက်၊ ကြေးနန်းနှင့် ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းဇော် အနိုင်ရကာ၊ ကျောက်စိမ်းမော်၊ ရွှေမော် ထွက်ရှိသည့် ဖားကန့် မြို့နယ်တွင် ပြည်ခိုင်းဖြိုး ပါတီမှ ဒုဗိုလ်ချုပ်ကြီး ဟောင်း ဦးအုန်းမြင့် အနိုင်ရရှိသွားပြီး တရုတ်နယ်စပ် ဗန်မော် မြို့နယ်တွင်လည်း ပြည်ခိုင်ဖြိုး ပါတီမှ နိုင်ငံတော် စာရင်းအင်းချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးလွန်းမောင်တို့ အနိုင်ရရှိသွားသည်။

ကချင်ပြည်နယ်တွင် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ-ကချင်ပြည်နယ်(UDPKS)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီမှ အများဆုံးအနိုင်ရရှိခဲ့သည်။

ပြည်သူ့လွှတ်တော်၁၈နေရာ၌ ပြည်ခိုင်ဖြိုးပါတီမှ ၁၄ ဦး အနိုင်ရရှိခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) မှ ၂ ဦး အနိုင်ရကာ ရှမ်း (SNDP သို့မဟုတ် ကျားဖြူပါတီ)မှ တစ်ဦးအနိုင်ရရှိခဲ့သည်။

အမျိုးသားလွှတ်တော် ၁၂ နေရာ၌ ပြည်ခိုင်ဖြိုးမှ ၆ ဦး၊ တစညပါတီမှ ၃ ဦး၊ UDPKSမှ ၁ ဦး၊ ကျားဖြူပါတီမှ ၁ ဦး၊ တသီးပုဂ္ဂလအဖြစ် ဦးဇခုန်တိန့်ယိန်းတို့ အနိုင်ရရှိခဲ့သည်။

ပြည်နယ်လွှတ်တော်၃၆ နေရာ၌ ပြည်ခိုင်ဖြိုးပါတီမှ ၂၀ ဦး၊ တစညပါတီမှ ၁၀ ဦး၊ UDPKSမှ ၂ ဦး၊ ရှမ်းပါတီမှ ၃ ဦး၊ တသီးပုဂ္ဂလအဖြစ် ဦးယောနတို့ အနိုင်ရရှိခဲ့သည်။

ကချင်တိုင်းရင်းသားကိုယ်စားပြုပါတီ မရှိသော်လည်း ကချင်လူမျိုးများမှ ပြည်သူ့လွှတ်တော်တွင် ၉ ဦး၊ အမျိုးသားလွှတ်တော်တွင် ၅ ဦး၊ ပြည်နယ်လွှတ်တော်တွင် ၂၂ ဦးတို့ ပါဝင်အနိုင်ရရှိခဲ့သည်။

တိုင်းရင်းသားလူမျိုးစုလွှတ်တော်နေရာ၌လည်း ပြည်ခိုင်ဖြိုးပါတီမှ လီဆူ၊ ရဝမ် တို့ အနိုင်ရရှိပြီး ရှမ်းလူမျိုးစုတွင် ကျားဖြူပါတီမှ ဒေါ်ခင်ပြုံရီ နှင့် ဗမာလူမျိုးစုတွင် တစညပါတီမှ ဦးပါ (ခ) ဦးခင်မောင်ဆွေ တို့ အနိုင်ရရှိသွား သည်။

ကချင်ပြည်နယ်တွင် NDF ပါတီမှ မြစ်ကြီးနားမြို့နယ်တွင် ဦးမာခါးနှင့် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တစ်ဦးမှ အနိုင်မရရှိခဲ့ပါ။

ဖားကန့်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ကြိုတင်မဲကောက်ခံခြင်း၊ လူဦးရေ ၁၀၀၀ ရှိသည့် ကုမ္မဏီ ၁၇ခုတွင် မဲရုံသီးသန့်ထားခြင်း၊ ပြည်ခိုင်ဖြိုးပါတီ၌သာ မဲထည့်ရမည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းများပြုလုပ်ခဲ့သည်ဟု ဒေသခံများ ပြောသည်။ မဲရုံပေါင်း ၁၀၁ ခုထားရှိရာ မဲရုံ ၇၀ ရုံသာ မဲရေခွင့်ရှိပြီး ကျန်မဲရုံရှိမဲများအား ကော်မရှင်ထံ တိုက်ရိုက်အပ်ပေးလိုက်သည်ဟု NDF ပါတီစည်းရုံးရေးမှူးပြောသည်။

ဆက်ပြီး ပတ္တာမြားကုမ္မဏီရှိမဲပုံးတွင် မဲထည့်ပြီးနောက်ပိုင်းမဲကျန်ရှိနေသေးသဖြင့် ၎င်းကုမ္မဏီမှ ဝန်ထမ်းများ နှစ်ကျော့ ထပ်ပြန်မဲထည့်ရသည်ဟု NDFပါတီမှ အဖွဲ့ဝင် တစ်ဦးပြောသည်။ မြန်မာတကောင်း ကုမ္မဏီမှ သူဌေးသည် ၎င်း၏ဝန်ထမ်းများအား ပြည်ခိုင်ဖြိုးပါတီအား မဲထည့်ရမည်ဆိုကာ သူကိုယ်တိုင်မဲထည့်ပေးလိုက် သည်။

ယခုလို ပြည်ခိုင်ဖြိုးပါတီမှ မသမာ မဲလိမ်ယူသည့်လုပ်ရပ်များအား NDF ပါတီမှ ကော်မရှင်ထံတိုင်ကြားရန် ကြေညာချက် ထုတ်ပြန်လိုက်သည်။

မြစ်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဇခုန်တိန့်ယိန်းနှင့် ၎င်း၏သား UDPKS ပါတီ ပြည်နယ်လွှတ်တော် ဦးဇခုန်ုယိန်းဆောင်တို့သည် တရုတ်-မြန်မာနယ်စပ် ချီဖွေ၊ ပန်ဝါတို့၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်ဦးစလုံး အနိုင်ရရှိခဲ့သည်။

သို့သော် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ခွဲထွက် လဝါယန်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးလဆန်အောင်ဝါနှင့် ရဝမ်ပြည်သူ့စစ်ခေါင်းဆောင်  ဦးတန်ဂူတန်တို့မှာ ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သော်လည်း အနိုင်မရရှိခဲ့ပေ။

၁၈ မြို့နယ်ရှိသည့် ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲကော်မရှင်မှ ကေအိုင်အို ထိန်းချုပ်နယ်မြေများဖြစ်သည့် ၉ မြို့နယ်ရှိ ကျေးရွာပေါင်းအုပ်စု ၆၈ နေရာ၌  ရွေးကောက်ပွဲ ကျင်းပရန်ပယ်ဖျက်လိုက်ခြင်းသည် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်မရနိုင်သည့် နယ်မြေဖြစ်သောကြောင့် ဖြစ်သည်ဟု ယခင် ကချင်ပြည်နယ်တိုး တက်ရေးပါတီ (KSPP) ၏ အတွင်းရေးမှူးဖြစ်သူ ဦးလုန်ဂျုံတူးရော က ပြောခဲ့သည်။

ကော်မရှင်မှ ဝိုင်းမော်၊ ချီဖွေ၊ မိုးမောက်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ တနိုင်း၊ ဆွမ်ပရာဘွမ် နှင့် မံစီ မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပရန်ပယ်ဖျက်လိုက်သည်။

ကချင်ပြည်နယ်တွင် အကြီးဆုံးပါတီတစ်ခုဖြစ်သည့် ကချင်တိုင်းရင်းသားကိုယ်စားပြုပါတီ ကေအိုင်အို ဒုဥက္ကဋ္ဌ အဆင့်-၂ ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သော (KSPP) ပါတီအား ရွေးကောက်ပွဲ ကော်မရှင်မှ ကေအိုင်အိုနှင့် ပတ်သက်ဆက်နွယ်နေသည့်ပါတီဖြစ်သည်ဟုဆိုကာ ရွေးကောက်ပွဲဝင်ခွင့် မပြုခဲ့ပေ။

လွှတ်တော် ၄ ရပ်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ၆၄ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။

Most read this week