ဘုရားသုံးဆူတိုက်ပွဲ အပစ်ရပ်

ဘုရားသုံးဆူတိုက်ပွဲ အပစ်ရပ်
by -
ဇော်ကြီး

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ အပစ်အခတ် ရပ်စဲလိုက်ပြီ ဟု ဒီကေဘီအေမှ တပ်မှူးတစ်ဦးက ပြော ...

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ အပစ်အခတ် ရပ်စဲလိုက်ပြီ ဟု ဒီကေဘီအေမှ တပ်မှူးတစ်ဦးက ပြောသည်။

စစ်အစိုးရနှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တပ်ဖွဲ့တို့ နှစ်ရက်ကျော် ဖြစ်ပွားနေသည့် တိုက်ပွဲများ ယနေ့တွင် ရပ်ဆိုင်းလိုက်သည်ဟု DKBA တပ်ဖွဲ့၏ နယ်မြေခံ တပ်မှူး ဗိုလ်မှူးအေ၀မ်း က ယခုလို ပြောသည်။

“တိုင်းရင်းသား ပေါင်းစုံအဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့တွေကနေ ဒီပြဿနာ ဖြေရှင်းပေးမယ်တဲ့။ ပြီးတော့ ထိုင်း ကလည်း ဒီလူကြီးနဲ့ ညှိပေးတဲ့ အတိုင်းအတာ ရှိမယ်ပေါ့။ ပြေလည်အောင်၊ စစ်မဖြစ်တော့အောင်ပေါ့။ လူကြီးက ကျနော်တို့ကို ပြောတယ်။ အခု လောလောဆယ်မှာ ရပ်ခိုင်းတယ်။ ဆက်ပြီးတော့ မဖြစ်နဲ့ပေါ့။ ကိုယ့်နယ်မြေထဲ မကျော်ရင်။”  

DKBA တပ်ဖွဲ့ဝင်များအနေနှင့် မြို့တွင်းမှ ၎င်းတို့၏ မူလနေရာဟောင်းသို့ ပြန်လည်ဆုတ်ခွာ ခဲ့ပြီးနောက်ပိုင်း စစ်အစိုးရတပ်ဖွဲ့များက မြို့တွင်းသို့ ပြန်လည် ၀င်ရောက်လာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နိုဝင်ဘာလ(၇)ရက်နေ့က စစ်အစိုးရပြုလုပ်သည့် ရွေးကောက်ပွဲသည် စစ်မှန်မှုမရှိသည့်အတွက် DKBA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့်တပ်ဖွဲ့က ဆန့်ကျင်ခဲ့ပြီး မဲရုံနှင့် မဲ လက်မှတ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယင်းအပေါ် ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်ပေးရန် နှစ်ဖက်ညှိနှိုင်းခဲ့ပြီး ယခုလို အပစ်ခတ် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးအေ၀မ်းက ပြောသည်။

“သူတို့ မတိုက်တော့ဘူးတဲ့ ပြီးတော့ ဒီအပစ်အခတ် ရပ်စဲတဲ့ သဘောပေါ့။ ရွေးကောက်ပွဲကို အရင်လုပ် မယ်ပေါ့။ ရွေးကောက်ပွဲ မဲပြန်ပေးမယ်ပေါ့။ ရွေးကောက်ပွဲ ပြီးဆုံးတဲ့ အထိပေါ့။ ပြီးမှ အဖြေပြန်ရှာမယ် ပေါ့။ လူကြီးနဲ့အပေါ်မှာ သွားညှိရင်လည်း ညှိမှာပေါ့။ ကျနော်တို့ဆီမှာလည်း ကြေးနန်း ရောက်လာတယ်။ အပေါ်ကနေ။”  

ဒေသခံ စစ်အစိုးရတပ်သား ၂၀ ခန့်သည် ယနေ့ညနေ ငါးနာရီ အချိန်ခန့်က ဘုရားသုံးဆူရှိ ထိုင်းမြန်မာနှစ်နိုင်ငံ ကူးသန်းသွားလာရေး ဂိတ်သို့ ပြန်လည် ၀င်ရောက် နေရာယူခဲ့သည်ဟု မျက်မြင် ဒေသခံတဦးက ယခုလိုပြောသည်။

“နယ်စပ်မှာ လိုက်စောင့်နေတဲ့ ထိုင်းစစ်သားက ရုတ်တရက် တက်ပြေးလာတော့ ဘာဖြစ်တယ် ညာဖြစ် တယ် မေးကြည့်လိုက်တော့ ဗမာစစ်သားတွေ ရောက်လာတယ်တဲ့။ ကျနော်အောက်ကို တချက်လှမ်း ကြည့်လိုက်တော့ ဗမာစစ်သားတွေ တက်လာပြီးတော့ ချက်ပွိုင့်မှာ သူ့နေရာသူ ပြန်ယူတယ်ပေါ့။”

၎င်းတို့နှင့်အတူ ဘုရားသုံးဆူမြို့ ဓမ္မဟေ၀န်ကျောင်းမှ ဆရာတော်က တိုက်ပွဲကြောင့် နှစ်နိုင်ငံနယ်စပ်တွင် ထွက် ပြေးလာသည့် ဒုက္ခသည်များအား အခြေအနေ အေးဆေးသွားပြီဖြစ် ၍ ကိုယ့်အိမ်ကိုယ် ပြန်ကြရန် လာရောက် ပြောကြားခဲ့သည်ဟု ဆက်ပြောသည်။

သို့သော် တိုက်ပွဲများပြန်ဖြစ်လာမည်ကို စိုးရိမ်၍ ဒုက္ခသည်အချို့မှာ မပြန်သေးပဲ ရှိနေစဉ် ထိုင်းစံတော်ချိန် ညနေ ၆ နာရီ ခန့်က ထိုင်းနယ်ခြားစောင့်တပ်မှ ကိုယ့်အိမ်ကိုယ်ပြန်ကြရန်နှင့် အေးဆေးသွားပြီဖြစ်ကြောင်း ပြောပြပြီး ထိုင်းတပ်အချို့လည်း ပြန်လည် ထွက်ခွာသွားသည်ဟု သိရသည်။

Most read this week