ကချင်ပြည်နယ်တွင် မဲပေးမှု စနစ်ကို နားမလည်ဘဲ မဲပေးခဲ့ကြ

ကချင်ပြည်နယ်တွင် မဲပေးမှု စနစ်ကို နားမလည်ဘဲ မဲပေးခဲ့ကြ
by -
အားမီ

ရွေးကောက်ပွဲ ပြီးဆုံးသွားသော်လည်း ကချင်ပြည်နယ်ရှိ တိုင်းရင်းသား အချို့သည် မိမိတို့ မဲထည့်ခဲ့သည့် ပါတီသည် မည်သည့် ပါတီ ဖြစ်သည်နှင့် ဘယ်အတွက် ...

ရွေးကောက်ပွဲ ပြီးဆုံးသွားသော်လည်း ကချင်ပြည်နယ်ရှိ တိုင်းရင်းသား အချို့သည် မိမိတို့ မဲထည့်ခဲ့သည့် ပါတီသည် မည်သည့် ပါတီ ဖြစ်သည်နှင့် ဘယ်အတွက် မဲပုံး ၄ ပုံး ထည့်ရသည်ကို ကောင်းစွာ နားမလည်ဘဲ မဲပေးခဲ့ကြသည်ဟု ကိုယ်တိုင်မဲထည့်ခဲ့ရသူ အချို့က ပြောသည်။

မဲထည့်ရန် မဲထည့်ပုံ ထည့်နည်းကို မသိနားမလည်သလို မိမိတို့အနေနှင့် ဘာကြောင့် မဲပုံးလေးပုံးတွင် ထည့်ရ သည်ကိုလည်း နားမလည်ကြောင်း မြစ်ကြီးနား မန်ခိန်ရပ်ကွက်မှ အမျိုးသမီး တစ်ဦးက ယခုလိုပြောသည်။

“အခုဟာ ဘာမှန်းကိုမသိတာ၊ မဲထည့်ရမယ်ဆိုလို့သာ မန်ခိန်ကျောင်းကိုသွားပြီး ထည့်လာတာ၊ လေး နေရာတောင် ထည့်ခဲ့ရတာ၊ သူတို့ပြောတာကတော့ တိုင်းရင်းသားမို့လို့တဲ့ လေးနေရာ ထည့်ရတာတဲ့ လေ၊ မျက်လှည့် ပြနေသလိုပဲ၊ နားကိုမလည်တာ။ ကျောင်းရောက်တာနဲ့ မှတ်ပုံတင်ထုတ်ပြတော့ ဆရာမ တစ်ယောက်က ဖြတ်ပိုင်းတစ်ခုပေးတယ်လေ။ အဲ့ဒါယူပြီး သွားထည့်ရုံပဲ၊ အဲ့ဒီမှာ စာအုပ်တစ် အုပ်ရှိတယ်၊ ကျမနာမည် ရေးထားတဲ့ နေရာမှာ လက်မှတ်ထိုးပြီးတော့ မဲသွားထည့်ရုံပဲ၊ သူတို့ပြတဲ့ နေ ရာလေး လေးထောင့်ကာထားတဲ့ နေရာကို သွားပြီး ကြိုက်တဲ့ နေရာမှာ ခြစ်ခဲ့လိုက်တာ။ အဲ့လိုမှ မခြစ် ရင် ဒဏ်မျာား ခတ်မလား ဆိုပြီးတော့လေ။”

ထိုအမျိုးသမီးက ”အစ်မတို့ ဆီမှာတော့လေ စပါးနှံတံဆိပ်ပုံရယ်၊ ခမောက်ရယ်၊ နောက်ပြီး ခြင်္သေ့ပုံ ဘာ လဲ အဲ့ဒါကတော့ ကြံ့ဖွံ့ဆိုလား၊ နောက်တစ်ခုရှိသေးတယ် ဘာပုံမှန်းတောင် မမှတ်မိတော့ဘူး၊ လေးခု တော့ လေးခုပဲ၊ အဲ့ဒီမှာ ကြိုက်တဲ့နေရာမှာ ခြစ်ရတယ်လို့ ပြောတာပဲ။” ဆက်ပြောသည်။

မဲရုံသို့သွား၍ မဲပေးခဲ့ပြီးဖြစ်သော်လည်း ဘာမှနားမလည်ကြကြောင်း ယနေ့ချိန်ထိ ရပ်ကွက်ထဲရှိဈေးဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ပြောဆိုနေကြကြောင်း အခြားဒေသခံများကပြောသည်။

လွန်ခဲ့သည့် လပိုင်းတွင် ရပ်ကွက်မှ ရပ်ကွက်လူကြီးများ မဲပေးရန် အိမ်များတွင် အိမ်ထောင်စုစာရင်းများ လာ ကောက်သွားသော်လည်း မဲထည့်ရမည့်နေ့တွင် မဲစာရင်းတွင် မိမိနာမည် မပါသောကြောင့် မဲမထည့်လိုက်ရ ကြောင်း မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးကလည်း အခုလိုပြောသည်။

“ကျမ အံ့သြတာက တခြားမဟုတ်ဘူး၊ မနေ့ကနော် မဲပေးမယ်ဆိုပြီး ရွှေစက်ကျောင်းရောက်တော့ စာ အုပ်ထဲမှာ ကျမနာမည်မပါလို့ ကျမကိုပေးလို့မရဘူးဆိုပြီးပြန်ခိုင်းတာလေ။ ကျမအံ့သြလိုက်တာ မပြော နဲ့တော့၊ ကျမလည်းမကြေနပ်တော့ စာအုပ် ခနကြည့်မယ်ဆိုပြီး ယူကြည့်တာ ကျမတို့အိမ်က သေသွား တဲ့ ကျမအစ်ကို နှစ်ယောက်ရဲ့နာမည်တော့ ပါတယ်လေ သိလား။ ဘာတွေမှန်းကိုမသိတာ။ စာရင်း လုပ်တာလည်း မတိကျဘူး။ အမှားတွေ သိလား၊ တခြားအိမ်တွေမှာလည်း အဲ့လိုပဲတဲ့လေ။ ပါချင်တဲ့ လူပါတယ်၊ မပါတဲ့သူကမပါဘူး။”

ထိုကဲ့သို့ အတိအကျ စာရင်းဇယား မရှိသောကြောင့် ဒေသခံပြည်သူများ အံ့အားသင့်ရသလို သေဆုံးသူများ၏ နာမည်စာရင်းများ ပြန်ပါနေသောကြောင့် နားမလည်ပဲ ဖြစ်နေကြသည်။

မန်ခိန်ကျောင်း အနှီးတွင်နေထိုင်သော အမျိုးသမီး တစ်ဦးက “အခုဟာက သေတဲ့လူလဲ နာမည်ပြန်ပါတာ၊ ပြီးတော့ နိုင်ငံခြားရောက်နေတဲ့ သူတွေနာမည်လည်း ပါတယ်တဲ့လေ၊ ရှိနေတဲ့ လူတွေကြတော့ ပါချင် တဲ့လူပါပြီး မပါတဲ့လူလည်းမပါဘူး။ သွားချင်တဲ့ လူသွားတယ်၊ မသွားလည်း ဘာမှမဖြစ်ဘူး။ ဘယ်သူမှ ဘာမှမပြောတော့ ကျမတောင်မသွားဘူး၊ ဘုရားကျောင်းပဲ သွားတက်လိုက်တာလေ။ ကြားတာက တော့ ပယ်မဲများတယ်လို့ ပြောတာပဲ။ ဘယ်သူနိုင်လဲ ဆိုတာလဲ မသိဘူး၊ ရပ်ကွက်က လူကြီးတွေ လည်း မပြောပြဘူးလေ၊ ဘယ်သိမှာလဲ။” ဟုပြောသည်။

ယင်းနေရာ ဒေသရှိ ပြည်သူလူထု အများစုမှာ မဲပေးပုံ ပေးနည်း နားမလည်သောကြောင့် မဲအများစုမှာ ပယ် မဲများသာ ဖြစ်ကြောင်း အမည်မဖော်လိုသော ရပ်ကွက်လူကြီး တစ်ဦးက ပြောသည်။

ယင်းရပ်ကွက်များတွင် မဲရုံများကို နံနက်ပိုင်း ၆ နာရီမှ စတင်ဖွင့်ပြီး နေ့လည် ၁ နာရီခွဲခန့်တွင် မဲထည့်မည့်သူ မည်သူမျှမရှိတော့သောကြောင့် စောစီးစွာပိတ်လိုက်ရကြောင်း မန်ခိန်ကျောင်းရှိ မဲရုံတွင်တာဝန်ကျသော ကျောင်း ဆရာမ တစ်ဦးကပြောသည်။

Most read this week