ပါတီစည်းရုံးမှုတွင် လူထုထောက်ခံမှုရနေဟု ကချင်အမျိုးသမီး ကိုယ်စားလှယ်လောင်း ပြောဆို

ပါတီစည်းရုံးမှုတွင် လူထုထောက်ခံမှုရနေဟု ကချင်အမျိုးသမီး ကိုယ်စားလှယ်လောင်း ပြောဆို
by -
ဆိုင်းဂျာ

၂၀၁၀-ခုနှစ် ပြည်ထောင်စုရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးခံကြမည့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ စာရင်းတွင် အမျိုးသမီး အရေအတွက် အနည်းငယ် ...

၂၀၁၀-ခုနှစ် ပြည်ထောင်စုရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးခံကြမည့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ စာရင်းတွင် အမျိုးသမီး အရေအတွက် အနည်းငယ်သာ တွေ့ရသော်လည်း လူထုစည်းရုံးရေး လုပ်ဆောင်ရာတွင် လူထု ထောက်ခံမှုများ ရရှိနေသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ဖါးကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာ။ ပုံ - ကချင်သတင်းဌာနကချင်ပြည်နယ် မဲဆန္ဒနှယ် အသီးသီးတွင် ၀င်ရောက် ယှဉ်ပြိုင်ကြမည့် အမျိုးသားများနှင့် ယှဉ်ပြိုင်ရမည့် အမျိုးသမီး ကိုယ်စားလှယ် လောင်းများသည် ၎င်းတို့ စည်းရုံးရေး ခရီးစဉ်အတွင်း လူထုထောက်ခံမှုမှာ အမျိုးသားများထက် ပိုမိုကြောင်း အမျိုးသမီး ကိုယ်စားလှယ်လောင်း တချို့က ဆိုသည်။

ကချင်ပြည်နယ် ကိုယ်စားပြု ယှဉ်ပြိုင်ကြမည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများသည် မြို့တွင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အတွက် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာများ၊ တောတောင်များတွင် ကျေးလက်နေ ပြည်သူလူထုအား ပါတီစည်းရုံးရေး ဆင်းနေကြသည်။ ထိုအမျိုးသမီးများသည် ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆော့လော်မြို့နယ်နှင့် ဆွမ်ပရာဘွမ်ခရိုင် အသီးသီးတို့တွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံရန် စည်းရုံးရေး ဆင်းနေကြခြင်းဖြစ်သည်။

အင်ဂျန်းယန်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်တဲ့ UDPKS (စည်းလုံးညီးညွတ်ရေးနှင့် ဒီမိုကရေစီ-ကချင်ပြည်နယ်)  ပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ရှေ့နေ ဒေါ်ဒွဲဘူသည် တောင်သူများနှင့်အတူ လယ်ယာ စိုက်ခင်း၌ အလုပ်လုပ်ရင်း မဲဆွယ်စည်းရုံးရသည်မှာ လူထုအားပေးမှုပိုရရှိနေကြောင်း ယခုကဲ့သို့ ပြောသည်။

“အင်ဂျန်းယန်မှာပေါ့နော၊ နေ့လယ်ပိုင်းဆိုတော့တောင်ယာသွားကြတဲ့အခါပေါ့။ သူတို့နဲ့တသားတည်းဖြစ်အောင် တောင်ယာလိုက်သွားတယ်။ သူတို့နဲ့အတူတူအလုပ်လုပ်တယ်။ သူတို့ဘဝကိုလည်း လေ့လာလို့ရတယ်။ စည်းရုံးရေးလုပ်တဲ့မှာပေါ့နော အမျိုးသမီးလူထုက ပိုများနေတယ်။ သူတို့ကို ရှင်းရှင်းလင်းလင်း ပြောပြတဲ့အခါမှာသူတို့က လက်ခံတယ်၊ သူတို့ကိုယ်တိုင်ကိုက တက်ကြွလာတာ ပေါ့နော” ဟု စည်းရုံးရေးခရီးစဉ် အတွေ့အကြုံကို ပြန်လည်ပြောပြသည်။

သူမသည်မြစ်ကြီးနားမြို့တွင်နေထိုင်ကာ ၁၉၈၇-ခုနှစ်တွင် ဥပဒေဘွဲ့ (L.L.B) ရရှိခဲ့ပြီး ၁၉၉၁-ခုနှစ်မှ စတင်ကာ မြစ်ကြီးနားတရားရုံးတွင် ဥပဒေအကျိုးဆောင် တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုဒေသတွင် သူမနှင့်အပြိုင် ၀င်ရောက်အရွေးခံမည့်ပါတီမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) မှ ဦးအင်ဆင်းနော်အောင် ဖြစ်သည်။

ထို့အပြင် တနိုင်းမြို့နယ်တွင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း UDPKS ပါတီမှ ဒေါ်ရှဒေါင်ခေါန်တောင်သည် နှလုံးအားနည်းရောဂါဖြစ်နေသော်လည်း သူမ၏ပါတီစည်းရုံးရေးကိုယ်စားလှယ် ဒေါ်ကရန်ထုရှန်မှ စည်းရုံးရေး ဆင်းပေးနေသည်။ သူမ၏စည်းရုံးရေးမှာအောင်မြင်မှုများရရှိနေကြောင်း ယခုကဲ့သို့ ပြောသည်။

“တနိုင်းမဲဆန္ဒနယ် (၁)၊ မဲဆန္ဒနယ်မြေ (၂) အကုန်လုပ်ပြီးပြီ။ အစ်မတို့သွားတဲ့နေရာက တနိုင်းနယ် တစ်နယ်လုံး တစ်ခုလုံးပဲ။ ထင်ထားတာထက်တောင် ပိုအောင်မြင်ပါတယ်ရှင့်” ဟု အားရကျေနပ်စွာ ဆိုသည်။

ဒေါ်ရှဒေါင်ခေါန်တောင်သည် ရှဒေါင်စော်ဘွား ရှဒေါင်ထိန်နန်၏ သမီးဖြစ်သည်။ သူမသည် မြစ်ကြီးနားမြို့တွင် နေထိုင်ပြီး Jadeland ကုမ္မဏီ၏ လက်ရှိဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။

သူမနှင့် ယှဉ်ပြိုင်သွားမည့်သူသည် တစည ပါတီမှ ဦးဘရန်ရှောင်ဖြစ်သည်။

ကြံ့ဖွံ့ပါတီမှ ဗိုလ်ချုပ်ဟောင်းဦးအုန်းမြင့်နှင့်ပြည်သူ့လွှတ်တော်အတွက်ယှဉ်ပြိုင်နေသည့် NDF (အမျိုးသား ဒီမိုကရေစီအင်အားစု) ပါတီမှအမျိုးသမီးတစ်ဦးဖြစ်သော ဒေါ်ဘောက်ဂျာက သူမ၏ လှုပ်ရှားမှုကို ယခုလိုပြောသည်။

“အားလုံးကဆာငတ်နေကြတော့ လိုက်လိုက်လဲလဲကြိုဆိုပါတယ်။ အဆင်ပြေမှာပါ၊ အားလုံးဒီမှာက သူတို့ပိုသိနေကြတယ်၊ သိပ်မခက်ပါဘူး” ဟု ဆိုသည်။

ကားမိုင်းမြို့တွင်အစမ်းမဲထည့်ကြည့်သောအခါဒေါ်ဘောက်ဂျာ၏ ခမောက်ပုံပါ NDF ကို မဲပိုထည့်ကြကြောင်း မဲစည်းရုံးရေးမှုးက ပြောပြသည်။ အယောက် ၄၀ တွင် အယောက် ၃၀ ကျော်က ခမောက်ပုံကိုမဲ ပေးကြကြောင်း စည်းရုံးရေးမှုးကပဲ ပြောသည်။

ဒေါ်ဘောက်ဂျာယှဉ်ပြိုင်မည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ဒေသခံတစ်ဦးက ‘ပြည်သူကို စေတနာထားပြီး ကူညီသည့်အတွက်ကြောင့် သူမကို မဲထည့်ရန် ပိုမိုစိတ်ဝင်စားမှုရှိကြောင်း ယခုလိုပြောသည်။

“အမျိုးသမီးအနေနဲ့ အားပေးတာတော့အများကြီးရှိတယ်လေ။ ဘာကြောင့်လဲဆိုတော့ဘာကြောင့် အမျိုးသမီးတွေ ပြိုင်ရလည်းပေါ့၊ ဒါမဲ့သူရဲ့ လုပ်ဆောင်ချက်အပေါ်မှာရော၊ ဒီပါတီရဲ့အပေါ်မှာရော၊ အဓိကတော့ ဒီကချင်ပြည်နယ် ထဲမှာဆိုလည်း ပါတီရော၊ သူ့ကိုရော၊ စိတ်ဝင်စားမှုရှိတာပေါ့” ဟု ထိုဒေသခံက ဆိုသည်။  

ဒေါ်ဘောက်ဂျာသည် ဟူးကောင်းချိုင့်ဝှမ်းနေထိုင်သူ ကျေးရွာဒေသခံများထံ ယုဇနကုမ္မဏီမှ လယ်ယာမြေအဓမ္မသိမ်းယူနေသည့်အပေါ် တောင်သူများဘက်မှ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီပေးနေသူလည်းဖြစ်သည်။

အငြိမ်းစား ရုက္ခဗေဒပါမောက္ခ ဒေါ်ဖောင်ရန်ဘောက်ဂျာသည် ဆွမ်ပရာဘွမ်ခရိုင်ကိုယ်စားပြု တစည ပါတီမှ ပြည်နယ်လွတ်တော် နေရာအတွက် ဝင်ရောက်ယှဉ်ရန်လူထုစည်းရုံးမှုများ၌ ပြည်သူလူထု၏ ထောက်ခံမှုရရှိ ကြောင်း သိရသည်။

၁၉၉၀ ခုနှစ် အထွေအထွေပါတီစုံရွေးကောက်ပွဲကြီးတွင် ပါတီကိုယ်စားလှယ်လောင်း ၄၈၅ ဦး ရှိကာ အမျိုးသမီး ကိုယ်စားလှယ် ၈၄ ဦး ဝင်ပြိုင်ခဲ့ရာ ၁၅ ဦး အနိုင်ရခဲ့ကြသည်။ ယခုရွေးကောက်ပွဲတွင် ပါတီကိုယ်စား လှယ်လောင်း ၃၀၇၁ ဦး ရှိသည့်အနက်မှ ရာနှုန်းအားဖြင့် ၃.၇ ရာခိုင်နှုန်းသာရှိသော အမျိုးသမီးကိုယ်စား လှယ်လောင်း ၁၁၄ ဦးသာပါဝင်နေသည်။

ကချင်ပြည်နယ်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသား လူမျိုးစုလွှတ်တော် အားလုံးအတွက်စုစုပေါင်းကိုယ်စားလောင်း ၁၆၃ ဦးပါဝင်ယှဉ်ပြိုင်ကြရာ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၆ ဦး (၃.၆ ရာခိုင်နှုန်း) ပါဝင်နေသည်။

ကချင်စုရပ်ကွက်မှ ရှမ်းတိုင်းရင်းသားလူမျိုးစုလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ပြုံးရီ (သျှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ)၊ ဆော့လော်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လောင်း ဒေါ်လွမ်းလာမ့် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ အင်ဂျန်းယန်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အင်ဘရန်ဒွဲဘူ (စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစ်ီပါတီ ကချင်ပြည်နယ်)၊ တနိုင်းမြို့နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ရှဒေါင်ခေါန်တောင် (စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ်)၊ ဖားကန့်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လဗျောင်ဘောက်ဂျာ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ) နှင့် ဆွမ်ပရာဘွမ်ခရိုင်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖောင်ရန်ဘောက်ဂျာ (တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီ) တို့ အသီးသီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည်။

ယခုကဲ့သို့ အမျိုးသမီးများသည်အိမ်တွင်းအောင်းရသည့် အိမ်မှုကိစ္စထက်နိုင်ငံရေးတွင်ပိုပြီး လှုပ်ရှား ဦးဆောင်လာခြင်းသည် အမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ဘောင်တန်းကာ ရှေ့တန်းထွက်လာနိုင်သည် ကိုသက်သေပြနေခြင်းဖြစ်ကြောင်း ကိုယ်စားလှယ်လောင်းလည်းဖြစ် ရှေ့နေတဦးလည်းဖြစ်သူ ဒွဲဘူက ပြောသည်။

Most read this week