မြ၀တီမြို့တိုက်ပွဲကြောင့် သောင်းနဲ့ ချီတဲ့လူထု ထိုင်းသို့ ထွက်ပြေးလာ

မြ၀တီမြို့တိုက်ပွဲကြောင့် သောင်းနဲ့ ချီတဲ့လူထု ထိုင်းသို့ ထွက်ပြေးလာ
by -
ဇော်ကြီး

ထိုင်း မြန်မာနယ်စပ် မြ၀တီမဲဆောက် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားထိပ် တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် သောင်းချီပြီး ထိုင်းနိုင်ငံ ဖက်ခြမ်းသို့ ထွက်ပြေးလာခဲ့သည်။ ...

ထိုင်း မြန်မာနယ်စပ် မြ၀တီမဲဆောက် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားထိပ် တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် သောင်းချီပြီး ထိုင်းနိုင်ငံ ဖက်ခြမ်းသို့ ထွက်ပြေးလာခဲ့သည်။

ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထိုင်းဖက်ခြမ်းသို့ နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူ မြန် မာနိုင်ငံသား သောင်းဂဏန်းခန့်ရှိပြီဟု မဲဆောက်ရှိ မျက်မြင်တဦးက ယခုလိုပြောသည်။

“လောလောဆယ် လက်ရှိအခြေအနေကတော့ ဒီဖက်မှာတော့ တဖြည်းဖြည်းနဲ့ အဲလိုကူးနေ ကြတာ မနည်းတော့ဘူး။ အခုကလေးတွေဆို ကျောင်းဝတ်စုံလေးတွေနဲ့ ပါတယ်။ အသက်ကြီးတဲ့ အဖိုးကြီးတွေ၊ အဖွားကြီးတွေပါတယ်။ အခုပြေးလာတဲ့သူတွေ အနည်းဆုံးတစ်သောင်းလောက် ရှိပြီ။ လှေတွေနဲ့လာ တဲ့သူတွေရော၊ မြစ်ကိုဒီတိုင်းဖြတ်ကူးတဲ့သူတွေရော အများကြီးဘဲ။”

ဝင်ရောက်လာသည့် ဒုက္ခသည်များအား ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ယူ၍ နီးစပ်ရာ ဘုန်းကြီးကျောင်း များသို့ ပို့ဆောင်ပေးနေသည်ဟု သိရသည်။
ယင်းတိုက်ပွဲကြောင့် လက်နက်ကြီးကျည်အချို့ ထိုင်းဖက်ခြမ်းသို့ ကျရောက်ခဲ့ပြီး ထိုင်းလူမျိုး နှစ်ဦးနှင့် မြန်မာနိုင်ငံ သား တစ်ဦးတို့ ဒဏ်ရာရခဲ့သည်ဟု ဆက်ပြောသည်။

“ဖြစ်ချင်တော့ ကျနော်ရောက်ပြီးတော့ သိပ်မကြာဘူး။ ကမ်းနားမှာရှိတဲ့ မြန်မာစာသင်ကျောင်း လေးရှိ တယ်။ အဲဒီစာသင်ကျောင်းကို RPG နှစ်လုံးကျတယ်။ နောက်တခုက တံတားထိပ်နားက ကာစတန်ရုံး ဖက်ကို RPG နှစ်လုံးကျတယ်။ အဲဒီမှာ အားလုံးသုံးယောက် ဒဏ်ရာရတယ် ပြောတယ်။ ဗမာတစ် ယောက်ပါတယ်ပြောတယ်။ ဒဏ်ရာရတဲ့အထဲက တစ်ယောက်တော့ ဆုံးသွားတယ်တဲ့။ ဘယ်သူမှန်း တော့ မသိဘူး။ အရပ်သားတွေချည်းပဲ။”

ယခုတိုက်ပွဲသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံသည့် တိုးတက် သောကရင်ဗုဒ္ဓဘာ သာတပ်မတော်(DKBA)မှ ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် တပ်ဖွဲ့နှင့် လက်ခံထားသည့်အဖွဲ့တို့ တိုက် ခိုက်ကြခြင်းဖြစ်နိုင်သည်ဟု မြ၀တီမြို့ခံတစ်ဦးက ခန့်မှန်းပြောဆိုသည်။

“အခုဖြစ်နေတာလည်း အဲဒီတံတားနားလေးမှာပဲ ဖြစ်နေတာ။ သူတို့အချင်းချင်းပြဿနာ တက်နေတာ လေ။ မနက်ပိုင်းကကျနော်မြင်တာက ဖြစ်ဖြစ်ပြီးချင်း နာရီဝက်လောက် ကြာမှာပေါ့။ ထိုင်း(၁၀)နာရီ ကျော်ကျော်လောက်မှာ ဗမာစစ်တပ်ဖက်က သုံးပွင့်တစ်ယောက်နဲ့ ရဲဘော်လေး ငါးဆယ်လောက် လမ်း ဟိုဖက်ခြမ်းဒီဖက်ခြမ်း တန်းစီပြီးတော့သွားကြတယ်။ တံတားကို မြင်လောက်တဲ့နေရာမှာပဲ သူတို့ရပ် ပြီးတော့ အဲဒီနားကနေ သူတို့အခြေအနေကို လှမ်းဘေး ကပ်ပြီး ချောင်းကြည့်နေတာပေါ့။ သူတို့က ဘာမှတော့ ၀င်ပါတာ မတွေ့ရသေးဘူး။”

တိုက်ပွဲကြောင့် ဒဏ်ရာရသည့်အရပ်သား သုံးဆယ်ကျော်နှင့် သေဆုံးသူများရှိသည်ဟု “အားလုံး စုစုပေါင်းဆို ရင် ရှစ်ယောက် ကိုးယောက်လောက်များရှိပြီလားမသိဘူး။ ဟိုမှာ ဖြစ်ဖြစ် ချင်းကဆိုက်ကားသမားနဲ့ အ မျိုးသမီးတစ်ယောက် ပွဲချင်းပြီးသေတယ်။ နောက်ဆေးရုံ ရောက်ပြီး သေသွားတာက လေးယောက်၊ အခုကားရေဆေးခုံက သုံးယောက်လို့ကြားတယ်။ ဆိုတော့ ရှစ်ယောက် ကိုးယောက်လောက်တော့ရှိ မယ်။” ဟု ဆက်ပြောသည်။

နံနက်ပိုင်းက တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နေ့လည်(၁၁) နာရီခန့်တွင် ပြန်လည်ငြိမ်သက် သွားကာ ညနေသုံး နာရီခန့်တွင် ပြန်လည်ပစ်ခတ်ကြပြီး ညနေပိုင်းဖြစ်ပွားမှု ပိုမိုပြင်းထန်သည်ဟု သိရပြီး ညနေပိုင်းတွင် စစ်အစိုးရ တပ်များပါဝင်လာနိုင်သည်ဟု ခန့်မှန်းပြောဆိုသည်။

တချိန်တည်းတွင် ယနေ့နေ့လည် (၁၁) နာရီကျော်အချိန်က DKBA တပ်ဖွဲ့မှ ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့ ပေါ်ရှိစစ်အစိုးရ၏ ဌာနဆိုင်ရာရုံးများအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဒေသခံတပ်မှူး ဗိုလ်မှူးအေ၀မ်းက ယခု လိုပြောသည်။

“သူတို့နေရာတွေ ရုံးနေရာတွေ ကျနော်တို့ အကုန်သိမ်းလိုက်ပြီလေ။ ကျနော်တို့ မြို့ထဲက SB ရုံးတို့ ပြန်ကြားရေးရုံးတို့၊ သစ်တောရုံးတို့၊ စရဖရုံးတို့ဘာတို့ပေါ့။ အကုန်လုံးပေါ့။ မြို့လယ်မှာပေါ့။ ရဲစခန်း တော့ ကျနော်တို့မသိမ်းဘူး။ ဘာလို့လည်းဆိုတော့ ရဲစခန်းက ထိုင်းနဲ့နီးစပ်နေတော့ ပြဿနာ ရှုပ်မှာ စိုးလို့။”

ဘုရားသုံးဆူ မြို့ပေါ်တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် သိပ်မရှိသေးသော်လည်း သိမ်းဆည်းထားသည့် အဆောက်အဦများအား DKBA က မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ခုနကရှို့တာက ရပ်ကွက်(၄)ထဲက မဲရုံနေရာကိုရှို့တာလေ။ အခုက သစ်တောရုံးတ၀က် လောက် လောင်နေပြီ။ ကပ်ကပ်လေးတွေပဲ။ တလုံးပြီးတလုံးလောင်နေတာ။”  

တိုက်ပွဲများကြောင့် ထိုင်းနယ်ခြားစောင့်တပ်မှ နယ်စပ်တလျှောက် အင်အားအလုံးအရင်းဖြင့် နေရာယူထားသည် ဟု သိရသည်။

စစ်အစိုးရ၏ နိုဝင်ဘာလ(၇) ရက်နေ့ရွေးကောက်ပွဲပြီးပါက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံငြင်းဆန် ထားသည့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ထိုးစစ် ဆင်လာနိုင်သည်ဟု ခန့်မှန်းပြောဆိုခဲ့ ကြပြီး  ယခုလ (၄)ရက်နေ့က အပစ်ရပ်နှင့် လက်ရှိ စစ်အစိုးရအား တိုက်ခိုက်နေသည့် တိုင်းရင်းသား(၆)ဖွဲ့တို့မှ စစ်ရေးမဟာမိတ်ဖွဲ့စည်းခဲ့သည်။

Most read this week