ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ မဲ မသမာ ဖြစ်နေ

ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ မဲ မသမာ ဖြစ်နေ
by -
ကချင်သတင်းဌာန

ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ကြံ့ဖွံ့ပါတီမှ မသမာမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။ ဖားကန့်မြို့နယ်  လုံခင်း မြို့နယ်ခွဲ မဲရုံ အမှတ် ၈၇ တွင် ကြံ့ဖွံ့ပါတီဝင် ဒေါ်သင်းသင်းနွယ်သည် ...

ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ကြံ့ဖွံ့ပါတီမှ မသမာမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

ဖားကန့်မြို့နယ်  လုံခင်း မြို့နယ်ခွဲ မဲရုံ အမှတ် ၈၇ တွင် ကြံ့ဖွံ့ပါတီဝင် ဒေါ်သင်းသင်းနွယ်သည် မဲရုံစဖွင့်ချိန် မကြာခင် မဲရုံထဲဝင်၍ မဲလာပေးသူများအား သူမစိတ်ကြိုက် မဲခြစ်ပုံခြစ်နည်းနှင့် မဲပေးပုံပေးနည်း ပြပေးနေသည်ဟု မြင်တွေ့ခဲ့ရသူ ဒေသခံတစ်ဦးပြောသည်။

ဤသို့ သူမလုပ်ဆောင်နေခြင်းအား ရုံးချုပ်နှင့် မဲရုံကော်မရှင်ထံတိုင်ကြားသော်လည်း မဲရုံကော်မရှင်မှ အရေးမယူနိုင်သည့်အပြင် နောက်ထပ် သူမ ထပ်မံရောက်ရှိလာသည်ကိုလည်း ကော်မရှင်မှ မည်သို့မျှ ပြောဆိုခွင့်မရှိသည်ကိုလည်း မြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦး ယခုလိုပြောသည်။

“မနက်ပိုင်းတုန်းက အရင်ဆုံးလာသွားတယ်။ လာသွားပြီးတော့မှ အဲလိုပဲ ကြိုက်သလိုလာပြီး မဲပေးတဲ့သူတွေကိုလည်း ဒီလိုပေး၊ ဟိုလိုပေး၊ အဲလိုကြည့်ပြီးလုပ်တယ်၊ သူတို့လွှမ်းမိုးနိုင်တဲ့သူတွေကိုပေါ့နော။ အဲလိုလုပ်သွားတယ်၊ ပြီးတော့ နေ့လည် တစ်ခေါက်ပြန်လာတယ်၊ ပြန်လာပြီးတော့ပေါ့နော၊ အဲလိုပဲ လာပြီးတော့ ခပ်တည်တည်ပဲ မဲစာရွက်တွေကိုပေါ့နော၊ မဲ ၅၀စာထုတ်တာ၊ အဲလိုမျိုးတွေပေါ့၊ တစ်ယောက်ထဲစာ မဟုတ်ပဲနဲ့ များများထုတ်ပြီးတော့ သူက အဲလိုပဲ သူကိုယ်တိုင်ပေးတာ။”

တစ်ဆက်တည်းမှာပင် ကြံ့ခိုင်ရေးပါတီဝင် ဦးထွန်းအောင်ကျော်သည်လည်း မဲရုံထဲမှ မဲ ၅၀ကျော်ယူသွားပြီး သူကိုယ်တိုင် မဲခြစ်ပေးနေသည်ဟု ဒေသခံတစ်ဦးပြောသည်။

ယခုကဲ့သို့ ကြံ့ဖွံ့ပါတီမှ မသမာမှုလုပ်ဆောင်နေသည်ကို NDF ပါတီကိုယ်စားလှယ်ဒေါ်ဘောက်ဂျာက ဖားကန့်မြို့နယ်ကော်မရှင်ရုံးမှ ဒေါက်တာသိန်းဟန်အားတိုင်ကြားရာ ယင်းသို့လုပ်ဆောင်မှုအား မှတ်တမ်းလုပ်ထားပေးကြောင်း သူမအားပြောလိုက်သည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

ဖားကန့်မြို့နယ်တွင် မဲရုံ ၁၀၁ ခုရှိပြီး  အလုပ်သမားဝန်ထမ်း တစ်ထောင်ကျော်ရှိသည့် ကုမ္မဏီ အသီးသီးတွင်လည်း မဲရုံ ၁၇ ခု ထားရှိပါသည်။

ဂွေခါကျေးရွာရှိ မဲရုံ အမှတ် ၉၃၊ မြန်မာတစ်ကောင်းကုမ္မဏီ၌လည်း ကြံ့ဖွံ့ပါတီအား မထည့်မနေထည့်ရမည်ဟု သူဌေးကိုယ်တိုင် ကြံ့ခိုင်ရေးပါတီအား မဲထည့်ပေးလိုက်ပါသည်။

မြစ်ကြီးနားမြို့၌လည်း ကြံ့ဖွံ့ပါတီမှ အချို့မဲရုံများတွင် ၎င်းတို့တံဆိပ်ပါ အင်္ကျီ၊ ဦးထုပ်များ ဆောင်းကာ မဲရုံပတ်ဝန်:ကျင်မှာ စုရုံးနေကြသည်။ ဒူကထောင်၊ ရွှေစက်၊ သီတာ၊ တပ်ကုန်ရပ်ကွက်ရှိ မဲရုံများတွင်လည်း ထို့အတူ ဝိုင်းအုံနေကြသည်။

ဗန်းမော်မြို့နယ်တွင် မဲရုံ ၅၄ ခုရှိကာ လက်ရှိတွင် ကြံ့ဖွံ့ပါတီခွဲ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ-ကချင်ပြည်နယ်က မဲရုံ ၆ ခုမှာ အပြတ်အသတ်အနိုင်ရရှိနေကြောင်း ပါတီကိုယ်စားလှယ် ဦးဖောင်လားဂမ်ဖန် ပြောသည်။

ဗန်းမော်မြို့နယ်လွယ်ဂျယ်တွင် မဲရုံအား စစ်သား ၃၀ ကျော်စောင့်ကြပ်ကာ မဲပေးလာသူပြည်သူများ အား တစ်ဦးချင်းစီ စစ်ဆေးကာ မဲပေးစေကြောင်းသိရသည်။ ဖောက်ခွဲရေး လက်နက်ခဲယမ်း ပါ မပါ စစ်ဆေးခြင်းဖြစ်သည် ဟု ဒေသခံများ ပြောသည်။

၎င်းမဲရုံမဲစာရင်းတွင် ၈၀၀ ကျော်ရှိသော်လည်း ယနေ့ ၃၀၀ ကျော်သာ မဲလာပေးကြကြောင်းသိရသည်။

Most read this week