ကြံ့ဖွှံ့စည်းရုံးပွဲသို့ ဗန်းမော်မဲဆန္ဒရှင်များအား အတင်းတက်ရောက်စေခဲ့

ကြံ့ဖွှံ့စည်းရုံးပွဲသို့ ဗန်းမော်မဲဆန္ဒရှင်များအား အတင်းတက်ရောက်စေခဲ့
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဗန်းမြော်မို့နယ် မဲဆန္ဒရှင်များသည် စစ်အစိုးရကြံ့ဖွံ့ပါတီကိုယ်စားလှယ်လောင်း၏ စည်းရုံး ဟောပြောပွဲသို့ အတင်းအဓမ္မ လာရောက် နားထောင်စေ.....

ကချင်ပြည်နယ် ဗန်းမြော်မို့နယ် မဲဆန္ဒရှင်များသည် စစ်အစိုးရကြံ့ဖွံ့ပါတီကိုယ်စားလှယ်လောင်း၏ စည်းရုံး ဟောပြောပွဲသို့ အတင်းအဓမ္မ လာရောက် နားထောင်စေကြောင်း သိရသည်။

Kachin-Manau-Bhamoကြံ့ဖွံ့ဗန်းမော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်ငံတော်စာရင်းအင်းချုပ် ဦးလွန်းမောင်၏ ယခင်အပတ်က ကျင်းပသည့် ဟောပြောပွဲသို့ ထောင်ဂဏန်းရှိသောဗန်းမော်မြို့နယ် မဲဆန္ဒရှင်များအား အတင်းအကြပ်တက်ရောက်စေကြောင်း ဒေသခံ များက ပြောသည်။

ဒေသဆိုင်ရာ စစ်အာဏာပိုင်များ၏အမိန့်အရ ရပ်ကွက်၊ ကျေးရွာ အုပ်စုတိုင်းမှ ပြည်သူများ ၎င်းတို့၏ ဆန္ဒကို လွန်ဆန်၍ ယင်း ဟောပြောပွဲသို့ သွားရောက်ခဲ့ရကြောင်း တက်ရောက်ခဲ့သူ တွေက ပြောပါသည်။

ကျေးရွာဥက္ကဋ္ဌတစ်ဦးက "ရပ်ကွက်ငယ် ရွာငယ်တစ်ခုဆိုရင် လူ ၃၀၀ ကနေ ၄၀၀၊ ရပ်ကွက်ကြီးရွာကြီးဆိုရင် လူအင်အား ၅၀၀ မှ အထက်အား ဦးလွန်းမောင်ရဲ့ ဟောပြောပွဲကိုတက်ရမယ်လို့ အမိန့်ပေးတယ်။ ဒါကြောင့် ကြံ့ဖွံ့ပါတီ အတွက် မဖြစ်မနေလူစုပေးရတာ” ဟု ကချင်သတင်းဌာန သို့ ပြောသည်။

ဗန်းမော်မြို့နယ်တွင် မြို့တွင်း ၁၀ ရပ်ကွက် နှင့် မြို့ပင်တွင် ကျေးရွာအုပ်စု ၆၀ ကျော်ရှိပြီး မဲပေးနိုင်သူ စုစုပေါင်း ၆၆၁၀၈ ရှိကြောင်း ဗန်းမော်ရွေးကောက်ပွဲကော်မရှင်က ဆိုပါသည်။

ဗန်းမော်မြို့သည် ကချင်ပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ရှမ်း၊ ဗမာ၊ ကချင် လူမျိုးများနေထိုင်ကြသည်။

ဦးလွန်းမောင်သည် ရှမ်းလူမျိုးဖြစ်ပြီးဗန်းမော်မြို့ အနောက်ဘက် ၃ မိုင်အကွာ နောင်ခူးဆမ်ပါ ကျေးရွာတွင် ကြီးပြင်းခဲ့သည်။

ဗန်းမော်ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ဦးလွန်းမောင်၏ပြိုင်ဘက်များမှာ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ (တစည) မှ ဦးအုန်းငွေနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ ဦးကိုကိုလေး တို့ဖြစ်သည်။

ကချင်ပြည်နယ်တွင် စစ်အစိုးရနှင့်ဆက်နွယ်သည့် ၄ ပါတီနှင့် သီးသန့် ၁ ပါတီစုစုပေါင်း ၅ ပါတီ ယှဉ်ပြိုင် အရွေးခံကြမည်ဖြစ်သည်။ သို့သော် စစ်အစိုးရနှင့် လွတ်ကင်းသည့် မည်သည့် ကချင် ပါတီ နှင့် တသီးပုဂ္ဂလ ကိုမျှ ရွေးကောက်ပွဲဝင်ခွင့် မပေးခဲ့ပေ။

 

 

 

 

 

Most read this week