စစ်အစိုးရ မဲဆန္ဒရှင်စာရင်းတွင် လက်ရှိနေထိုင်သူမပါဘဲ ပြည်ပထွက်သူပါရှိနေ

စစ်အစိုးရ မဲဆန္ဒရှင်စာရင်းတွင် လက်ရှိနေထိုင်သူမပါဘဲ ပြည်ပထွက်သူပါရှိနေ
by -
ဆိုင်းဂျာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တစ်ချို့ရပ်ကွက်၌် မဲဆန္ဒရှင်စာရင်းတွင် လက်ရှိနေထိုင်သူဒေသခံအချို့၏ နာမည်များ မထည့်သွင်းခြင်း၊ အချို့နေရာများတွင် နိုင်ငံခြားသို့ခရီးထွက်သူဒေသခံများ၏ နာမည်များပါရှိနေသည်ဟု ဒေသခံများက ...

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တစ်ချို့ရပ်ကွက်၌် မဲဆန္ဒရှင်စာရင်းတွင် လက်ရှိနေထိုင်သူဒေသခံအချို့၏ နာမည်များ မထည့်သွင်းခြင်း၊ အချို့နေရာများတွင် နိုင်ငံခြားသို့ခရီးထွက်သူဒေသခံများ၏ နာမည်များပါရှိနေသည်ဟု ဒေသခံများက ပြောသည်။

တပ်ကုန်းရပ်ကွက်၊ စီတာပူရပ်ကွက်နှင့် ဒူကထောင်ရပ်ကွက်၊ ဒွမ်ဂန်ရပ်ကွက်တို့တွင် မဲစာရင်းမပါရှိသည့် ဒေသခံအရေအတွက် များပြားနေပါသည်။

“ဒီမဲစာရင်းမပါတာ အများကြီးပဲ။ သူတို့ ရွေးပြီး လုပ်ထားကြတယ်။ အသက် ၁၈နှစ်ကျော်တဲ့ mkaသူတွေကို မထည့်ခိုင်းကြဘူး။ သူတို့အထဲက သူတို့ကြိုက်တာ ရွေးထည့်ပေးထားတာ။ အဲလို ဖြစ်နေတယ်။” ဟု မြို့ခံတစ်ဦး ပြောသည်။

မဲဆန္ဒရှင်စာရင်းထဲ နာမည်မပါသူများတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မိသားစုဝင်များ၊ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်နေသည့် အသိုင်းအဝိုင်းမှဒေသခံများ ပိုများနေသည်ဟု ဒေသခံမှပြောသည်။

“KIO နဲ့ မပတ်သက်တာ မရှိသလောက်ဆိုပြီး မထည့်ထားပေးတာ။ အဲစာရင်းတွေက အားလုံးသူတို့ဆီမှာ ရှိတယ်။ အဲဒီ KIO မိသားစုတွေဆို တစ်အိမ်လုံး စာရင်းထဲ မပါဘူး။” ဟု မြို့ခံတစ်ဦးမှ ဆက်ပြောသည်။

ဒူကထောင်ရပ်ကွက်၌လည်း မဲစာရင်းတွင် ရပ်ကွက်တွင်း နေထိုင်ခြင်း မရှိတော့သည့် လူပုဂ္ဂိုလ်များ၏ နာမည်အား ထည့်သွင်းထားပြီး ယခုလက်ရှိ နေထိုင်သူများ၏ နာမည်များမှာ ချန်လှပ်ထားသည်ဟု ဒူကထောင်ရပ်ကွက် နေသူများ ပြောသည်။

ယခုကဲ့သို့ မဲစာရင်းမပါသည့်လူဦးရေ များနေသည်ကို မြစ်ကြီးနား မြို့နယ်ကော်မရှင်ရုံးထံသို့ စုံစမ်းသောအခါ ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း၊ ပြောပိုင်ခွင့်မရှိကြောင်း ငြင်းဆိုခဲ့သည်။ ဆက်လက်၍ ပြည်နယ်ကော်မရှင်ထံ ထပ်မံမေးမြန်းသောအခါ မြို့နယ်ကော်မရှင်နှင့်သာ သက်ဆိုင်ပြီး ၎င်းသို့ထံ မေးမြန်းရန် တုန့်ပြန်လိုက်သည်။

“နာမည်တွေ ပြည်နယ်ကော်မရှင်က မကောက်ပါဘူး၊ မြို့နယ်တိုင်း မြို့နယ်တိုင်းကို မြို့နယ်ကော်မရှင်က ကောက်တာပါ၊” ဟု ပြည်နယ် ကော်မရှင်မှ ပြောသည်။

တစ်ဆက်တည်းမှာပင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တစ်ချို့တွင်လည်း နိုင်ငံခြားသို့ခရီးသွားနေသည့် ဒေသခံအမည်စာရင်းများ ထည့်သွင်းထားကြောင်း ဒေသခံများမှ သိရသည်။

ရပ်ကွက်အာဏာပိုင်များက မဲပေးနိုင်သူ စာရင်းလာရောက်ကောက်ခံစဉ် အသက်၁၈ နှစ်ပြည့်ပြီးသော အိမ်ထောင်စုစာရင်းတွင်ပါဝင်သည့် လူအားလုံး၏ စာရင်း၊ ခရီးထွက်နေသည့် ဒေသခံနာမည်များကိုပါ ကောက်ယူသွားခြင်းဖြစ်သည်ဟု ကချင်စု ရပ်ကွက်ဒေသခံများ ပြောသည်။

ကချင်ပြည်နယ် အရှေ့ပိုင်း တရုတ်နယ်စပ် နယ်ခြားစောင့်တပ်နယ်မြေ (ယခင်ကချင်ဒီမိုကရေစီသစ် တပ်မတော်၊ NDAK) ပန်ဝါဒေသတွင် ယခုထိ မဲစာရင်းထုတ်ပြန်မှု မရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မဲဆန္ဒစာရင်းထုတ်ဖို့တော့ ပြင်ဆင်နေတယ်လို့ပြောတယ်၊ ဒါပေမဲ့ ခုထိမထုတ်ရသေးဘူး၊ ကျောင်းဆောင်မှာလား၊ မြို့တော်ခန်းမမှာလား၊ ဘယ်မှာမဲထည့်ရမယ်ဆိုတာလည်း မသိသေးဘူး၊” ဟု ဒေသခံပြောသည်။

ပန်ဝါဒေသတွင် လူဦးရေ တစ်ထောင်ခန့်ရှိပြီး နယ်ခြားစောင့်တပ်ရှိသည့် လုပြည်အပါအ၀င် ပန်ဝါဒေသတစ်ခုလုံး ပန်ဝါရှိ မဲရုံတစ်ခုတည်း၌ မဲထည့်ရမည်ဟု ဒေသခံပြောသည်။

 

 

 

Most read this week