ရွေးကောက်ပွဲ မဲမပေးရေး NLD လူငယ်များ ဆက်လက်လှုပ်ရှား

ရွေးကောက်ပွဲ မဲမပေးရေး NLD လူငယ်များ ဆက်လက်လှုပ်ရှား
by -
ဇော်ကြီး

ယခုလ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ မဲမပေးရေး လက်ကမ်းစာစောင် ဖြန့်ဝေသည့် လှုပ်ရှားမှုများကို NLD လူငယ် အဖွဲ့ဝင်များက ဆက်လက် ပြုလုပ်....

ယခုလ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ မဲမပေးရေး လက်ကမ်းစာစောင် ဖြန့်ဝေသည့် လှုပ်ရှားမှုများကို NLD လူငယ် အဖွဲ့ဝင်များက ဆက်လက် ပြုလုပ်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် သုံးဦး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့၏ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူလူထုထံ ပန်ကြားချက်များနှင့် ဓါတ်ပုံများကို  ကော့သောင်းမြို့ရှိ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများ အတွင်း ယနေ့ ဆက်လက်ဝေငှခဲ့သည်ဟု လူငယ်တာဝန်ခံ ကိုမြင့်မောင်က ယခုလို ပြောသည်။

“အဓိကကတော့ Rights ပေါ့နော်။ ကော်မရှင် ဥပဒေရဲ့ အခွင့်အရေးတွေကို အဓိက ထားထားပါတယ်။ အဲဒီမှာ မဲပေးခွင့် ရှိသလို မဲမပေးပဲ နေရင်လည်း ရတယ်ပေါ့နော်။”  

လွန်ခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့မှ စတင်၍ ယနေ့အထိ သုံးရက်ကြာ ဆက်တိုက် လှုပ်ရှားခဲ့ပြီး ဓါတ်ပုံနှင့် လက်ကမ်းစာစောင် ၃၀၀၀ ကျော်အား လူထုထံ ဝေငှခဲ့သည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် မဟုတ်သော်လည်း ယခင်က အသင်းဝင်တဦး ဖြစ်ခဲ့ဖူးသူ ကော့သောင်း မြို့မှ လူငယ်တဦးက “သူတို့တွေ ဆိုင်ကယ် စီးပြီးတော့ အရှေ့မှာက ဗိုလ်ချုပ်နဲ့ ဒေါ်စုပုံတွေနဲ့ အနောက်မှာက စာတွေနဲ့ တီရှပ်တွေ ၀တ်ပြီးတော့ ဆိုင်ကယ်တွေနဲ့ သွားလာတာ တွေ့တယ်” ဟု ပြောသည်။

မြို့ပေါ်ရှိ လူစည်ကားရာနေရာများ အပါအ၀င် ရပ်ကွက်အတွင်း လူငယ်အင်အား (၁၀)ယောက် ကျော်ဖြင့် အိမ်တိုင်းစေ့ ဝေငှခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တို့၏ နေအိမ် များပါမကျန် လိုက်လံဝေငှခဲ့သည်ဟု ကိုမြင့်မောင်က ပြောသည်။

“ကျနော်တို့ မခွဲခြားတော့ဘူးခင်ဗျ။ သူတို့ ဒီအပေါ်မှာ လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေပေါ့နော် အကုန်လုံးကို ပြည်သူအနေနဲ့ဘဲ မြင်ပြီးတော့ ဝေသွားတာပါ။”  

ယခု လှုပ်ရှားမှုနှင့် ပတ်သက်၍ အာဏာပိုင်များဖက်က တစုံတရာ ပြောဆိုပိတ်ပင်မှု မရှိသော်လည်း ဓါတ်ပုံ လိုက်ရိုက်နေသည့်အတွက် အနှောင့်အယှက် ဖြစ်ခဲ့ပြီး လှုပ်ရှားမှု အောင်မြင်သည်ဟု ဆက်ပြောသည်။

ရန်ကုန်ရှိ မြို့နယ်အချို့နှင့် ပဲခူးမြို့တို့တွင်လည်း လွန်ခဲ့သည့် အောက်တိုဘာလ (၃၀) ရက် နေ့မှ စ၍ အလားတူ လုပ်ဆောင်မှုများ ရှိခဲ့ပြီး အာဏာပိုင်တို့ဖက်က လိုက်လံ နှောင့်ယှက်မှုများ ရှိခဲ့သည်ဟု သိရသည်။

စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား အသက်သွင်းပေးမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအား သပိတ်မှောက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင်များ ဦးဆောင်၍  နိုင်ငံတ၀ှမ်း ရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။

 

 

 

Most read this week