စစ်အစိုးရ ကြံ့ဖွံ့ပါတီမှ NDF ကိုယ်စားလှယ် ကြော်ငြာဆိုင်းဘုတ်ဖြုတ်

စစ်အစိုးရ ကြံ့ဖွံ့ပါတီမှ NDF ကိုယ်စားလှယ် ကြော်ငြာဆိုင်းဘုတ်ဖြုတ်
by -
ကချင်သတင်းဌာန

ကချင်ပြည် မြစ်ကြီးနားမြို့နယ်  အမျိုးသားဒီမိုကရေစီအင်အားစု (NDF) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမာခါး၏ ကြော်ငြာဆိုင်းဘုတ် ဖြုတ်သူများသည် မြန်မာစစ်အစိုးရ ကြံ့ဖွံ့ပါတီဝင်များ ဖြစ်....

ကချင်ပြည် မြစ်ကြီးနားမြို့နယ်  အမျိုးသားဒီမိုကရေစီအင်အားစု (NDF) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမာခါး၏ ကြော်ငြာဆိုင်းဘုတ် ဖြုတ်သူများသည် မြန်မာစစ်အစိုးရ ကြံ့ဖွံ့ပါတီဝင်များ ဖြစ်ကြောင်း သိရသည်။

u-ma-hka-myitkyina-ndfယင်းကြော်ငြာဆိုင်းဘုတ်အား သူ၏ ပြိုင်ဘက် ဖြစ်သည့် ကြံ့ဖွံ့ပါတီမှ ဖြုတ်လိုက်သည် ဖြစ်ပြီး ယနေ့တွင် ပြည်နယ်ကော်မရှင်ရုံးသို့ စာတင်လိုက်ကြောင်း “ကျွန်တော် ဒီကချင်ပြည်နယ် ပြည်နယ် ကော်မရှင်အဖွဲ့ကို စာတင်ထားတယ်။ နောက်ပြီးမှ မိတ္တူကျတော့ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော် စာပို့ထားတယ်၊ ခရိုင်တို့၊ မြို့နယ်အဆင့်ဆင့်ကို စာပို့ထားတယ်။ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မြစ်ကြီးနားမြို့နယ်ရုံးကိုလည်း စာပို့ထားတယ်” ဟု ဦးမာခါး ပြောသည်။

မြစ်ကြီးနားမြို့အထက် ၁၀ မိုင် အကွာရှိသည့် နောင်နန်းကျေးရွာအုပ်စု၌ စိုက်ထူထားသည့် ဦးမာခါး ကြော်ငြာဆိုင်းဘုတ် နှစ်ခုအား ကြံ့ဖွံ့ပါတီ၏ တွဲဖက်စည်းရုံးရေးမှုး ဦးလှမြင့်နှင့် ဦးဇော်မင်းထွန်းတို့ ဖြုတ်သွားသည်ဟု သိရသည်။

“ကျွန်တော်တို့ အဲဒီချိန်မှာ နောင်နန်း တိုက်နယ်မှူး ဖြစ်တဲ့ ဦးဒိုင်လွမ်းလည်း ရှိတယ်။ ဒါပေမဲ့ သူကလည်း ဘာမှ မပြောမဆို ဘာမှလည်း တားမြစ်မှု မရှိခဲ့ဘူး” ဟု ဦးမာခါး ဆက်ပြောသည်။

National Democratic Force (NDF) ပါတီမှ လူထုမဲဆွယ်စည်းရုံးရေးအတွက် ငွေကြေး အခက်အခဲ ရှိသောကြောင့် လက်ကမ်း စာစောင် ဖြန့်ဝေခြင်းအပြင် ကြော်ငြာဆိုင်းဘုတ် အခု ၆၀ ခန့် စိုက်ထူထားရာ ဆိုင်းဘုတ် ၁၀ ခုမှာ အစအန မရှိ ပျောက်ဆုံးနေပြီး အချို့မှာ ဆုတ်ဖြဲထားသည်ဟု ဦးမာခါး ပြောသည်။

မြစ်ကြီးနား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် သူ၏ ပြိုင်ဘက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (USDP) မှ စာတိုက်၊ ကြေးနန်းနှင့် ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းဇော၊် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (NUP) မှ ဦးလနန်ဘောက်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဦးစိုင်းကျော်ဦး (ခ) ဂုံးကွေ့တို့ ဖြစ်သည်။

အသက် (၂၇) နှစ်ရှိ ဦးမာခါးသည် မူဆယ်မြို့နယ် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မွေးဖွားခဲ့ပြီး မြစ်ကြီးနား တက္ကသိုလ် ကချင် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှာ မဂ္ဂဇင်းတွဲဖက် အတွင်းရေးမှူး လုပ်ခဲ့ပြီး ရှေ့နေ လုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်သည်။

 

 

 

 

 

 

Most read this week