KIO လိုင်ဇာ ဈေးကြီး မီးလောင်ပျက်စီး

KIO လိုင်ဇာ ဈေးကြီး မီးလောင်ပျက်စီး

တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ် လိုင်ဇာမြို့ရှိ အမှတ် (၁) ဈေးကြီးတွေ ယမန်နေ့ည သန်းခေါင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဈေးကြီး တစ်ခုလုံး ပါသွား....

တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ် လိုင်ဇာမြို့ရှိ အမှတ် (၁) ဈေးကြီးတွေ ယမန်နေ့ည သန်းခေါင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဈေးကြီး တစ်ခုလုံး ပါသွားခဲ့သည်ဟု အရပ်ဖက်အုပ်ချုပ်ရေး (ကယ်ဆယ်ရေး ကော်မတီမှ တာဝန်ခံ) ဗိုလ်မှူး နော်အောင် ပြောသည်။

laiza-market-fireလိုင်ဇာအမှတ် (၁) ဈေးကြီး ဆိုင်ခန်းနံပါတ် C-7 မှ တရုတ် အမျိုးသား၊ အမျိုးသမီး အဝတ်အထည်နဲ့ အလှကုန်ပစ္စည်းတန်းမှ စလောင်ခြင်း ဖြစ်ကာ “လျှပ်စစ်ကြောင့်လဲ မဟုတ်ဘူး၊ ဘယ်လို လောင်တယ်ဆိုတာ ကျတော်တို့ စစ်ဆေးနေဆဲပါ” ဟု ဗိုလ်မှူးမှ ပြောသည်။

မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၀၆ ခန်း၊ အိမ် ၉ အိမ်နှင့် ရပ်ကွက် ကော်မတီရုံး မီးလောင်ကျွမ်းသွားခြင်း ဖြစ်သည်။

ပစ္စည်းတန်ဖိုး မြန်မာကျပ်ငွေ သိန်း ၄၀၀၀ ကျော်ခန့်၊ တရုတ်ငွေ သီးသန့် (၃၅ သိန်း) ဆုံးရှုံးသွားတယ်လို့ လိုင်ဇာတွင် ရောက်ရှိ နေသည့် ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်ဝါ ပြောသည်။

“ဆုံးရှုံးမှုတွေတော့ ရှိတယ် တစ်ဆိုင်ထဲမှာကို မန္တလေးစတိုးဆိုင်အတွင်းမှာကို သိန်း ၂၀၀၀ ၀န်းကျင်လောက် ဆုံးရှုံးမှု ရှိတယ်။ တချို့က ပုံမှန်အ၀တ်အထည် ဈေးတန်းနဲ့ နောက် အလှကုန်ပစ္စည်းဆိုင်တွေပဲ။ တချို့က ရွှေဆိုင်တွေ နောက်ပြီးမှ အဖိုးတန် နာရီဆိုင်တွေ ရှိလို့လေ” ဟု ဗိုလ်မှူး နော်အောင်မှ ဆက်ပြောသည်။

မီးစတင်လောင်သည့် တရားခံဟု ယူဆရသော ဆိုင်ခန်းပိုင်ရှင် တရုတ် လင်မယား နှစ်ဦးမှာ ထွက်ပြေးသွားခဲ့သည် ဖြစ်၍ လိုက်လံ ဖမ်းဆီးရန် တရုတ်အစိုးရထံ အကူအညီ တောင်းခံထားကြောင်း ဗိုလ်မှူးမှ ပြောသည်။

မီးလောင်မှုအတွင်း သေဆုံးမှု၊ မီးလောင်ဒဏ်ရာရမှု မရှိသော်လည်း ကြောက်လန့်တကြား ဈေးအနီး အိမ်မှ ခုန်းဆင်းမှုကြောင့် နှစ်ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကေအိုင်အေ ဒီလိုင်ဇာမြို့က မီးသတ်အဖွဲ့ ရှိပါတယ်၊ မီးသတ်ဌာန ရှိပါတယ်၊ အဲသူတို့ အဖွဲ့ မီးသတ်ကား နှစ်စင်းနဲ့တော့ မီးငြိမ်းရှာ ပါတယ်၊ တစီးက အလုပ် မဖြစ်တော့ဘူး၊ တစ်စီးနဲ့ပဲ ခေါက်တုန့်ခေါက်ပြန် မီးက အရှိန်ကောင်းတော့ ဘယ်လိုနည်းမှ မီးငြိမ်းသတ်လို့ မရ ဖြစ်နေခဲ့ပါတယ်၊ မနက် ၅ နာရီမှ ငြိမ်းသွားတယ်လို့ ပြောလို့ ရတယ်” ဟု မြင်တွေ့ခဲ့ရသူ ဒေသခံတစ်ဦး ပြောသည်။

ယင်းမီးလောင်မှု ဖြစ်ပွားနေချိန်အတွင်း ကယ်ဆယ်ရေးကော်မတီ ချက်ချင်း ဖွဲ့ကာ KIO ဗဟိုကော်မတီမှ သိန်းတစ်ထောင် ချပေးပြီး လတ်တလော ကယ်ဆယ်ရေး လုပ်ငန်း စလုပ်နေခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေး ကော်မတီမှ ပြောသည်။

“နီးစပ်ရာ တရုတ်မြို့တွေမှာလည်း အကြောင်းကြား အကူအညီ တောင်းထားတယ်။ KIA (ကချင်လွတ်မြောက်ရေးတပ်ဖွဲ့) တပ်မတော် သားတွေနဲ့ အလှူဒါန ကူညီဖို့ရာ သူတို့ စီစဉ်ထားတယ်။ နောက်မှ ပြည်သူုတွေ အားလုံးကို ဒီဟာ မီးလောင်တဲ့ အခက်အခဲကို ကူညီဖို့ ရန်သူတို့ စီစဉ်နေတယ်” ဟု ဗိုလ်မှူး နော်အောင်မှ ပြောသည်။

မီးလောင်မှုတွင် ပါသွားသော ဆိုင်ခန်းပိုင်ရှင်များအား အထက်တန်းကျောင်း၊ ခရစ်ယာန်နှစ်ခြင်း အသင်းတော်ကျောင်းတွင် နေရာ ချထားကြောင်း  ဒေသခံများမှ သိရသည်။

၎င်းဈေးကြီးသည် ၁၉၉၄ ခုနှစ် မြန်မာစစ်တပ်နှင့် ကေအိုင်အို နှစ်ဖက်ကြား ငြိမ်းချမ်းရေး ယူထားသည့် နောက်ပိုင်းမှ စတင် တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။

 

 

 

 

 

Most read this week