ကချင်အမျိုးသားက ဆက်သွယ်ရေးဝန်ကြီးနှင့် ယှဉ်ပြိုင် အရွေးကောက်ခံမည်

ကချင်အမျိုးသားက ဆက်သွယ်ရေးဝန်ကြီးနှင့် ယှဉ်ပြိုင် အရွေးကောက်ခံမည်
by -
ဇော်ကြီး

နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်မှ ကချင်အမျိုးသား တစ်ဦးက ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးနှင့် ပြိုင်ဖက်အဖြစ် ယှဉ်ပြိုင်.....

နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်မှ ကချင်အမျိုးသား တစ်ဦးက ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးနှင့် ပြိုင်ဖက်အဖြစ် ယှဉ်ပြိုင်မည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်အရွေးခံမည့် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်နှင့် အပြိုင် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု NDF အဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ် ဦးမာခါးက မြစ်ကြီးနားမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကချင် ပြည်နယ်တွင်း နိုင်ငံရေးကို လေ့လာစောင့်ကြည့်နေသူ ဦးအောင်ဝါက ပြောသည်။

“အဓိကတော့ မြစ်ကြီးနားမှာ ဦးသိန်းဇော်နဲ့ ယှဉ်ပြိုင်ရလိမ့်မယ်။ ကြံ့ဖွံ့က ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းဇော်က မြစ်ကြီးနားက ၀င်ပြိုင်မယ်လို့ ကြားတယ်။”

NDF ပါတီရုံးဖွင့်ပွဲကို ယခုလ ၉ ရက်နေ့က မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်တွင် ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်အတွင်း ကချင်လူမျိုးနှစ်ဦးမှ မြစ်ကြီးနားနှင့် ဖားကန့်မြို့နယ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကာ ဖားကန့်မြို့နယ်မှ ဒေါ်ဘောက်ဂျာက ယှဉ်ပြိုင်မည်ဟု သိရသည်။

ဒေါက်တာ တူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) နှင့် ယင်းပါတီ ခေါင်းဆောင်များအား ကော်မရှင်မှ ရွေးကောက်ပွဲ ၀င်ခွင့် ပိတ်ပင်ခဲ့ပြီးနောက် အဆိုပါ ပုဂ္ဂိုလ် နှစ်ဦးမှ NDF ပါတီမှ ၀င်ရောက် အရွေးခံခဲ့ခြင်း ဖြစ်သည်။

NDF ပါတီ အနေနှင့် တနိုင်ငံလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားခဲ့ပြီး ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အနေနှင့် လွန်ခဲ့သည့် လဆန်းပိုင်းက စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပရန် အချိန်တစ်လခန့်အတွင်း စည်းရုံးရေး လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်မည် ဆိုပါက ၎င်းတို့ နှစ်ဦး ယှဉ်ပြိုင်မည့် မြို့နယ်နှစ်ခုတွင် အနိုင်ရရန် အလားအလာ ရှိသည်ဟု ဦးအောင်ဝါက သုံးသပ်ပြောဆိုသည်။

“သူတို့ အခုလောက်နှစ်နေရာမှာ ယှဉ်ပြိုင်တာကတော့ သူတို့ ရနိုင်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လူထုက ဒီနအဖရဲ့ ကြံ့ဖွံ့ပါတီနဲ့ တခြားပါတီကို ထည့်ချင်တဲ့ ပုံစံမျိုး မရှိဘူး။ နောက်တခုက ဦးခက်ထိန်နန်ရဲ့ပါတီကလည်း ကြံ့ဖွံ့ကို ကျောထောက် နောက်ခံပြုထားတဲ့ ပါတီတခုလို ဖြစ်နေတော့ လူထု အနေနဲ့ ဒီဟာကို ရှောင်မယ်လို့တော့ ဒီလိုပဲ ထင်ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီဖက်ကို တစုံတခု အားပေးမယ့် NDF အတွက်တော့ လူထုတွေ ပိုပြီးတော့ ထောက်ခံလာမယ်လို့ ကျနော် ဒီလိုပဲ ထင်ပါတယ်။”  

ဦးမာခါးမှာ အသက် (၂၇)နှစ်အရွယ် ရှေ့နေတစ်ဦး ဖြစ်၍ ဒေါ်ဘောက်ဂျာမှာ ဟူးကောင်း ချိုင့်ဝှမ်းဒေသတွင်း ယုဇနကုမ္ပဏီက မြေယာသိမ်းမှုကို ဒေသခံများဘက်မှ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦး ဖြစ်သည်။

ကချင်ပြည်နယ်တွင် ယခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ဦးခက်ထိန်နန်ဦး ဆောင်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ (ကချင်ပြည်) UDPKS စသည့် လေးပါတီသာ ရှိခဲ့သော်လည်း ယခုအခါ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု NDF ပါတီလည်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

 

 

 

 

 

Most read this week