ဟူးကောင်းချိုင့်ဝှမ်း ယုဇနကုမ္ပဏီ အလုပ်သမားများအား စစ်အစိုးရမှ လက်နက်ထုတ်ပေး

ဟူးကောင်းချိုင့်ဝှမ်း ယုဇနကုမ္ပဏီ အလုပ်သမားများအား စစ်အစိုးရမှ လက်နက်ထုတ်ပေး

မြန်မာစစ်အစိုးရသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ဖြစ်လာနိုင်သော ပြည်တွင်းစစ်အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဟူးကောင်းချိုင့်ဝှမ်းရှိ ယုဇနကုမ္ပဏီ အလုပ်သမားများအား လက်နက်များ ထုတ်ပေး....

မြန်မာစစ်အစိုးရသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ဖြစ်လာနိုင်သော ပြည်တွင်းစစ်အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဟူးကောင်းချိုင့်ဝှမ်းရှိ ယုဇနကုမ္ပဏီ အလုပ်သမားများအား လက်နက်များ ထုတ်ပေးခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက် ကချင်ပြည်နယ်အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းရှိ ယုဇနကုမ္ပဏီ အလုပ်သမား တန်းလျားတွင် ကျင်းပသည့် တတိယအကြိမ် အခြေခံ စစ်သင်တန်း ဆင်းပွဲ၌ စစ်အစိုးရက သင်တန်းဆင်းများအား မောင်းပြန်သေနတ် အလက် ၆၀ ထုတ်ပေးခဲ့သည်။

စစ်သင်တန်းဆင်း အလုပ်သမားများအား ပထမဆုံးအကြိမ် လက်နက် ထုတ်ပေးခြင်း ဖြစ်ပြီး ထိုလက်နက်များသည် ရုရှားလုပ် AK-47 ပုံစံတူ တရုတ်ဖြစ် M-22 မောင်းပြန်ရိုင်ဖယ်များ ဖြစ်ကြောင်း ကုမ္ပဏီ အလုပ်သမားများ ပြောသည်။

လက်နက် ပေးအပ်ပွဲသို့ မြန်မာစစ်တပ်၏ ဒကစ (ဒေသကွပ်ကဲရေးနှင့် စစ်ဆင်ရေး) မှူး (တနိုင်း) နှင့် ရှဒူးဇွပ် နယ်မြေခံ တပ်ရင်း ခလရ (၂၉၇) တပ်ရင်းမှူးတို့ တက်ရောက်ခဲ့သည်။ ဒေသခံရွာသားများနှင့် ကျေးရွာအရန်မီးသတ် အဖွဲ့ဝင်များကိုလည်း အတင်းအဓမ္မ လာရောက်ခိုင်းသည်ဟု တက်ရောက်သည့် ရွာသားများ ပြောသည်။

ယခုထိ ယုဇနအလုပ်သမား ၇၀၀ ကျော် စစ်သင်တန်း ရယူခဲ့ပြီး သင်တန်းများကို ကုမ္ပဏီ အလုပ်သမား စခန်းနှင့် ရှဒူးဇွပ်တပ်ရင်း နှစ်နေရာတွင် ပြုလုပ်ခြင်း ဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်တစ်နေရာ ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် (KDNG) တာဝန်ခံ ဦးအောင်ဝါက “ကျွန်တော် ထင်တယ်၊ လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ကို မဲပေးဖို့ ဒီလက်နက် တပ်ဆင်ထားတဲ့ ကုမ္ပဏီ အလုပ်သမားတွေက ရွာသားတွေကို ခြိမ်းခြောက်လာနိုင်တယ်။ နောက်ပြီး KIO နဲ့ စစ်ဖြစ်လာရင် ပြည်သူ့စစ် ပြောင်းပြီး စစ်အစိုးရဘက်ကနေ ပါဝင်တိုက်ခိုက်ခိုင်းဖို့ များတယ်” ဟု အောင်ဝါမှ ပြောသည်။

KDNG သည် ဟူကောင်းချိုင့်ဝှမ်းတွင် ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် သဘာဝဂေဟစနစ် ဖျက်ဆီးခံနေရပုံနှင့် ယုဇနကုမ္ပဏီကြောင့် ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေရှိ သဘာဝသစ်တောများ ဖျက်ဆီးခံနေရခြင်းနှင့် ဌာနေကချင်တိုင်းရင်းသားများ ၎င်းတို့၏ လယ်ယာမြေများ အဓမ္မ အသိမ်းခံနေရခြင်းနှင့် ပတ်သက်ပြီး အစောပိုင်းက အစီရင်ခံစာနှစ်ခု (“Valley of Darkness” နှင့် “Tryants, Tycoons and Tigers”) ပြုစုခဲ့သည်။

မြန်မာစစ်အစိုးရနှင့် ၎င်း၏ ဒေသဆိုင်ရာ စစ်တပ်များ ကာကွယ်စောင့်ရှောက်ပေးမှုအောက် ဦးဌေးမြင့် ဦးဆောင်သော ရန်ကုန် အခြေစိုက် ယုဇနကုမ္ပဏီသည် ၂၀၀၆ ခုနှစ်တွင် ဟူးကောင်းချိုင့်ဝှမ်းသို့ ၀င်ရောက်ပြီး ဌာနေကချင်တိုင်းရင်သားများ၏ လယ်ယာ၊ အိမ်ခြံမြေများ အပါအ၀င် မြေဧက ၄ သိန်းခန့် သိမ်းယူခဲ့သည်။

တစ်ချိန်ထဲတွင် နေပြည်တော် စစ်အစိုးရ ညွှန်ကြားသော ကချင်နယ်မြေ (ဟူးကောင်းချိုင့်ဝှမ်း)သို့ အောက်မြန်မာပြည်မှ ဗမာ တိုင်းရင်းသား၂ သိန်းကျော် တင်သွင်းရေး အစီအစဉ်ကို ယုဇနကုမ္ပဏီက နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် အပြီးအကောင်အထည် ဖော်ရန် တာဝန်ယူရကြောင်း ယင်းကုမ္ပဏီ အသိုင်းအ၀ိုင်းမှ သိရသည်။

ဒကစ-တနိုင်း၏ လက်တွေ့ကြီးကြပ်ပေးမှုအောက် ယုဇနကုမ္ပဏီသည် နှစ်စဉ် ထောင်ပေါင်းများစွာသော ဗမာများကို ၂၀၀၆ ခုမှ စပြီး ဟူကောင်းသို့ နည်းလမ်း ၂ မျိုးဖြင့် အဓိက သယ်ပို့နေပါသည်။

“ယုဇန ကုမ္ပဏီ အလုပ်သမား” အနေဖြင့် သော်လည်းကောင်း “ယုဇန အလုပ်သမား နာမည်ခံအဖြစ်” သော်လည်းကောင်း ပို့ဆောင် ပေးနေခြင်းဖြင့် စစ်အစိုးရ၏ လူမျိုးရေးဆိုင်ရာ မဟာဗျူဟာ အစီအစဉ်အား အကောင်အထည် ဖော်ပေးနေရကြောင်း ကုမ္ပဏီ အသိုင်း အ၀ိုင်းမှ သိရသည်။

ဤရွှေ့ပြောင်းဗမာ လူဦးရေမှာ ဟူးကောင်းဌာနေ လူဦးရေထက် အဆမတန် ကျော်လွန်သွားမည် ဖြစ်ပြီး ရှေ့လ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီအတွက် ထောက်ခံမဲများအဖြစ် ၎င်းတို့အား အသုံးချရန် မြန်မာစစ်ခေါင်းဆောင်များ စနစ်တကျ စီစဉ်ထားခြင်း ဖြစ်သည်ဟု ကုမ္ပဏီ သတင်းရပ်ကွက်က ဆိုသည်။

တနိုင်းမြို့နယ်အတွင်း ဌာနေလူဦးရေ ၃၀၀၀၀ ကျော် ရှိသည့်အနက် မဲပေးနိုင်သူ ၂၀၀၀၀ ကျော်သာ ရှိကြောင်း သိရသည်။

ယခုလို မြန်မာစစ်အစိုးရ၏ ယုဇန ကုမ္ပဏီ အလုပ်သမားများအား လက်နက် တပ်ဆင်ပေးသည့် လုပ်ရပ်ပေါ် တရုတ်နယ်စပ် လိုင်ဇာ ဌာနချုပ်မှ နာမည်မဖော်လိုသူ KIO အရာရှိ တစ်ဦးက “ဗမာနှင့် ဌာနေကချင်လူမျိုးကြား လူမျိုးရေး ပဋိပက္ခ ဖြစ်လာရန် စနစ်တကျ ဖန်တီးနေခြင်း ဖြစ်သည်” ဟု ပြောသည်။

KIO သည် မြန်မာပြည်တွင် “၀” တပ်ဖွဲ့ပြီးနောက် စစ်အင်အား အကြီးဆုံး လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ဖြစ်သည်။ KIO က တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရှိသည့် စစ်မှန်သော ပြည်ထောင်စုကို ပြန်လည်ထူထောင်ရန် ဗမာများ ဦးဆောင်သည့် စစ်အစိုးရသို့ တင်ပြထားသည်။

မကြာမီ စစ်အစိုးရမှ ပြုလုပ်မည့် နိုဝင်ဘာ ၇ ရွေးကောက်ပွဲကိုလည်း “လွတ်လပ်ပြီး တရားမျှတစေလိုကြောင်း” KIO အကြံပြု ထားပါသည်။

 

 

 

 

Most read this week