ကချင်လက်နက်ကိုင်တပ် ၃ ဖွဲ့မှ ခေါင်းဆောင်များ ရွေးကောက်ပွဲ ၀င်မည်

ကချင်လက်နက်ကိုင်တပ် ၃ ဖွဲ့မှ ခေါင်းဆောင်များ ရွေးကောက်ပွဲ ၀င်မည်

မြန်မာစစ်အစိုးရ သစ္စာခံ ကချင်လက်နက်ကိုင်တပ် ၃ ဖွဲ့မှ ခေါင်းဆောင်များသည် စစ်အစိုးရ ပါတီဘက်မှ သို့မဟုတ် တသီးပုဂ္ဂလ အားဖြင့် ရှေ့လ နိုဝင်ဘာ ၇ ရွေးကောက်ပွဲ၌ အရွေးခံကြမည်.....

မြန်မာစစ်အစိုးရ သစ္စာခံ ကချင်လက်နက်ကိုင်တပ် ၃ ဖွဲ့မှ ခေါင်းဆောင်များသည် စစ်အစိုးရ ပါတီဘက်မှ သို့မဟုတ် တသီးပုဂ္ဂလ အားဖြင့် ရှေ့လ နိုဝင်ဘာ ၇ ရွေးကောက်ပွဲ၌ အရွေးခံကြမည် ဖြစ်သည်။

lasang-awng-waရွေးကောက်ပွဲကော်မရှင်သည် ထိုခေါင်းဆောင်များအား ရွေးကောက်ပွဲ ၀င်ခွင့် ပေးသော်လည်း စစ်အစိုးရနှင့် ဆက်နွယ်ခြင်း မရှိသည့် အခြား ကချင်ပါတီများနှင့် တသီးပုဂ္ဂလများကိုမူ ရွေးကောက်ပွဲ ၀င်ခွင့် မပေးခဲ့ပါ။

အထူးသဖြင့် ပန်ဝါအခြေစိုက် နယ်ခြားစောင့်တပ် (ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော် NDA-K) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၊ လ၀ါယန်ဌါနေပြည်သူ့စစ် (ယခင် လဆန်အောင်ဝါ ငြိမ်းချမ်းရေးအဖွဲ့) ခေါင်းဆောင် ဦးလဆန်အောင်ဝါနှင့် ခေါင်လန်ဖူး အခြေစိုက် သောင်းကျန်သူ ဆန့်ကျင်ရေးအဖွဲ့ (ယခု ရ၀မ်ပြည်သူ့စစ် အဖွဲ့) ခေါင်းဆောင် ဦးတန်ဂူးတန်တို့သည် ၎င်းတို့ အခြေစိုက်ရာဒေသ အသီးသီးမှ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ဦးဇခုန်တိန့်ယိန်းသည် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ကချင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၄ (ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်) မှ ယှဉ်ပြိုင်မည် ဖြစ်သည်။

ဦးလဆန်အောင်ဝါက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အတွက် ၀ိုင်းမော်မဲဆန္ဒနယ် အမှတ် ၂ မှ တသီးပုဂ္ဂလ အနေဖြင့် အရွေးခံမည် ဖြစ်သည်။

နောက်ပြီး စီးပွားရေးသမား ရ၀မ်ပြည်သူ့စစ် ခေါင်းဆောင် ဦးတန်ဂူးတန်သည် စစ်အစိုးရ ကြံ့ဖွံ့ပါတီကနေ အမျိုးသားလွှတ်တော် ပူတာအို ခရိုင် အမတ်နေရာအတွက် ယှဉ်ပြိုင်မည် ဖြစ်သည်။

နယ်ခြားစောင့်တပ်သို့ အသွင်မပြောင်းမီ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော New Democratic Army-Kachin (NDA-K) သည် ဒုတိယ အင်အားအကြီးဆုံး ကချင်လက်နက်ကိုင် အဖွဲ့လည်း ဖြစ်ခဲ့သည်။

နယ်ခြားစောင့်တပ် (Border Guard Force, BGF) ပြောင်းလဲရေးကို ၎င်းနောက်လိုက်များနှင့် ကချင်ပြည်သူများ ကန့်ကွက်သည့်ကြားမှ မူရင်း NDA-K တပ်ရင်း ၃ ရင်းကို BGF တပ်ရင်း ၃ ရင်းသို့ ပြီးခဲ့သည့် ၂၀၀၉၊ နိုဝင်ဘာလတွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ခွဲထွက်အဖွဲ့ လဆန်အောင်ဝါငြိမ်းချမ်းရေး အဖွဲ့သည် လ၀ါယန် ဌါနေပြည်သူ့စစ်နှင့် ဂွေထူဌါနေ ပြည်သူ့စစ် အဖြစ်သို့ ပြီးခဲ့သည် ၂၀၀၉၊ အောက်တိုဘာတွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ဦးတန်ဂူးတန် (ခ) ဦးအတန် ခေါင်းဆောင်သော သောင်းကျန်သူ ဆန့်ကျင်ရေးအဖွဲ့ (ရ၀မ်သီးသန့်လက်နက်ကိုင်တပ်ဖွဲ့) ကိုလည်း ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ပြည်သူ့စစ်တပ်ဖွဲ့သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။

အခြားတစ်ဖက်တွင် KIO ဒု-ဥက္ကဌအဆင့်-၂ ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) အား စစ်အစိုးရ ထိန်းချုပ်သော ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ၀င်ခွင့် မပြုခဲ့ပါ။

Kachin State Progressive Party (KSPP) အား ရွေးကောက်ပွဲ ၀င်ခွင့် မပြုသည့် အဓိက အကြောင်းရင်းသည် စစ်အစိုးရက လက်နက်ချရန် ညွှန်ကြားမှုကို ငြင်းခဲ့သည့် KIO နှင့် KSPP ကြား ဆက်နွယ်မှု ရှိသည်ဟု ကော်မရှင် ယုံကြည်ထားသောကြောင့် ဖြစ်သည်။

ရွေးကောက်ပွဲ မ၀င်နိုင်သော်လည်း KSPP ပါတီခေါင်းဆောင်များအား စစ်ထောက်လှမ်းရေးများက နေ့စဉ် စောင့်ကြည့်နေသဖြင့် ပါတီအား စက်တင်ဘာ ၂၅ ရက်နေ့တွင် လူသိရှင်ကြား ဖျက်သိမ်းလိုက်သည်။

ကချင်ပြည်နယ်မှ ရွေးကောက်ပွဲ ၀င်မည့် ပါတီများတွင် ကြံ့ဖွံ့ပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (NUP)၊ စည်းလုံး ညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (UDPKS)၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ ပါဝင်သည်။

၎င်းပါတီများတွင် စစ်အစိုးရနှင့် ဆက်နွယ်မှု ရှိသည့် USDP၊ NUP နှင့် UDPKS တို့ကို အတိုက်ခံပါတီများ အနေဖြင့် NDF နှင့် SNDP က ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ကချင်ပြည်နယ်တွင် KSPP ရွေးကောက်ပွဲ ၀င်ခွင့် မရခြင်းကြောင့် မဲဆန္ဒရှင်များအတွက် မိမိဆန္ဒမဲပေးရန် ပါတီမရှိသည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ကချင်မဲဆန္ဒရှင်များ ပြောပါသည်။

 

 

 

 

 

Most read this week