SSA တပ်မဟာ(၁)ကို တိုက်ခိုက်ဖို့ စစ်ရေးပြင်ဆင်နေ

SSA တပ်မဟာ(၁)ကို တိုက်ခိုက်ဖို့ စစ်ရေးပြင်ဆင်နေ
by -
ဇော်ကြီး

နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ငြင်းဆန်ထားသည့် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ(၁) တပ်ဖွဲ့ အား တိုက်ခိုက်ရန် စစ်အစိုးရဖက်က စစ်ရေးပြင်....

နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ငြင်းဆန်ထားသည့် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ(၁) တပ်ဖွဲ့ အား တိုက်ခိုက်ရန် စစ်အစိုးရဖက်က စစ်ရေးပြင်ဆင်နေသည်။

ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သည့် တပ်မဟာ(၁)တပ်ဖွဲ့အားတိုက်ခိုက်ရန် စစ်အစိုးရ၏ ဒေသ အခြေစိုက် တပ်မဟာ(၃) စစ်ဗျူဟာမှူးက အမိန့်ပေးထားသည်ဟု သတင်းရကြောင်း ရှမ်းပြည် တပ်မတော် SSA တောင်ပိုင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးလောဝ်ဆိုင်က ယခုလိုပြောသည်။

“အခုတလောတော့ ကျနော်တို့ ကြားသိရသလောက်တော့ တိုက်ဖို့တော့ သူတို့(စစ်အစိုးရ) ကတော့ သူတို့တပ်ကိုညွှန်ကြား ထားပါတယ်။ တွေ့တဲ့နေရာတိုင်းမှာ တိုက်ခိုက်ခိုင်းမယ့် ပုံစံမျိုး ဖြစ်နေပါတယ်။ နောက်ပြီးတော့ အရေးပါအရာရောက်တဲ့ အချက်အချာကျတဲ့တပ်တွေကို (Target) ရှာပြီးတော့ တိုက် ခိုင်းတာတွေလည်း ကျနော်တို့ကြားသိရပါတယ်။ ဆိုလိုတာကတော့ နအဖဖက်ကတော့ အသွင်မ ပြောင်းသေးတဲ့ SSA တပ်ဖွဲ့တွေကို လုံးဝအရေးယူဖို့တော့ သူတို့မှာ အမိန့်ချလာပြီဆိုတဲ့ ပုံစံမျိုးပေါက် နေပါတယ်။”

တပ်မဟာ(၁) တပ်ဖွဲ့ထိန်းချုပ်ရာဒေသအတွင်းရှိ  တပ်ဖွဲ့ဝင်များအား ထိုဒေသများမှ ရုတ်သိမ်းပေးရမည်ဟု ယခု လ (၂)ရက်နေ့က အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးက ဌာနေ ပြည်သူ့စစ်တပ် ဖွဲ့စည်းရေးကိုလက်ခံထားသည့် SSA မြောက်ပိုင်းတပ်ဖွဲ့ စိန်ကျောက် ဌာနချုပ် တာဝန်ရှိသူ မှတဆင့် နုတ်ဖြင့်အကြောင်းကြားခိုင်းခဲ့ကြောင်း ရှမ်း သံတော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

ထို့အပြင် ဒေသတွင်း စစ်အစိုးရတပ်အင်အားများတိုးလာကြောင်း “အခုလ(၃) ရက်နေ့က မိန်းယိုင်ကို လား ရှိုးဖက်ကနေ တုန်းဖိန်းကား စစ်သားတွေတင်လာတာ (၄) စီးရောက်လာ တယ်တဲ့။ နောက်ပြီးတော့ နအဖတပ်နဲ့ အတူလှုပ်ရှားဖို့ ပြည်သူ့စစ်တွေခေါ်ထားတယ်။ ဥပမာ ဗိုလ်မွန်းတို့၊ ၀မ့်ပန် ပြည်သူ့စစ်တို့၊ လောမားတို့ရဲ့ မိန်းဟျဲန်း ပြည်သူ့စစ်၊ နောက်ပြီးတော့ မိန်းခေး တပ်မဟာ(၃)က ပြည်သူ့စစ်၊ စိန် ကျောက်ပြည်သူ့စစ်။ တစ်ဖွဲ့ကို ဆယ်ဂဏန်းစီ လောက်ပါတယ်။” ဟု ၎င်းကဆက်ပြောသည်။

ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်ဖွဲ့အား ဌာနေပြည်သူ့စစ်တပ်ဖွဲ့စည်းရန် ဖိအားပေး လာသည့်အပေါ် တပ်မဟာ(၃)၊ တပ်မဟာ(၇)နှင့် ဌာနချုပ်ရှိတပ်ဖွဲ့ဝင်တချို့က လက်ခံခဲ့သော်လည်း တပ်မဟာ(၁)တပ်ဖွဲ့မှ လက် မခံငြင်းဆန်နေသည့်အပေါ် စစ်အစိုးရက ဆက်လက်ဖိအားပေးနေခဲ့ပြီး လွန်ခဲ့သည့် စက်တင်ဘာလည်ပိုင်းကစ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများကြောင့် နှစ်ဖက်စစ်ရေးပြင်ဆင်မှုများ ပိုမိုလာကြောင်း “တပ်မဟာ(၁)ဖက် ကတော့ အား လုံးတပ်လှန့်ထားပြီးတော့ အဲဒီတောထဲမှာပဲနေခိုင်းတယ်လို့ ကြားသိရတယ်။ နောက်ပြီးတော့မှ သူတို့ ဆက်ဆံလာတဲ့အတိုင်း ပြန်လည်ပြီးတော့တုံ့ပြန်ဖို့ အမိန့် ပေးထားတယ်။ ဆိုလိုတာကတော့ သူတို့ဖက် က တွေ့တဲ့နေရာတိုင်းမှာ ပစ်ခတ်ခိုင်းတယ်ဆိုလို့ ရှိရင်လည်း ကျနော်တို့ကလည်း တွေ့တဲ့ နေရာတိုင်း မှာ ပစ်ခတ်ခိုင်းတဲ့ သဘောပါလို့ သိရတယ်။”  ဟု ဗိုလ်မှူးလောဝ်ဆိုင်က ပြောသည်။

စစ်အစိုးရအနေနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား တိုက်ခိုက်ရာ၌ ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့များကို အသုံးချမြဲဖြစ်သည်။

ဌာနေပြည်သူ့စစ်တပ်ဖွဲ့စည်းရေးလက်ခံထားသည့် SSA မြောက်ပိုင်းတပ်ဖွဲ့ဝင်များအနေနှင့် ကာကွယ်ရေးဦးစီး ချုပ်၏ အမိန့်အောက်မှ လှုပ်ရှားရသော်လည်း အကယ်၍ စစ်အစိုးရက တပ်မဟာ(၁) တပ်ဖွဲ့အား ထိုးစစ်ဆင် တိုက်ခိုက်ရန် ညွှန်ကြားလာပါက လက်ခံမည် မဟုတ်ဟု ယူဆကြောင်း ဗိုလ်မှူးလောဝ်ဆိုင်က မှတ်ချက်ပေးသည်။

 

 

 

 

 

Most read this week