ဒေသခံများ ကြံ့ဖွံ့ပါတီကိုသာ မဲပေးရန် ဦးမထုနော် ပြည်သူ့စစ်အဖွဲ့မှ ခြိမ်းခြောက်နေ

ဒေသခံများ ကြံ့ဖွံ့ပါတီကိုသာ မဲပေးရန် ဦးမထုနော် ပြည်သူ့စစ်အဖွဲ့မှ ခြိမ်းခြောက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် မန်လျင်ကျေးရွာအုပ်စုရှိ ဦးမထုနော်ပြည်သူ့စစ်(ယခင် KDA ခေါ် ကချင်ကာကွယ်ရေး တပ်မတော်) ဒေသတွင် ကြံ့ဖွံ့ပါတီကို မဲမထည့်ပါက ရပ်ရွာမှ မောင်းထုတ်မည်ဟု ၎င်းတို့မှ ဒေသခံများကို ခြိမ်းခြောက်.....

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် မန်လျင်ကျေးရွာအုပ်စုရှိ ဦးမထုနော်ပြည်သူ့စစ်(ယခင် KDA ခေါ် ကချင်ကာကွယ်ရေး တပ်မတော်) ဒေသတွင် ကြံ့ဖွံ့ပါတီကို မဲမထည့်ပါက ရပ်ရွာမှ မောင်းထုတ်မည်ဟု ၎င်းတို့မှ ဒေသခံများကို ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်
mahtu-naw
“နင်တို့ မကြိုက်ဘူးဆိုတာ မပြောရဘူး၊ ကြိုက်တယ်ဆိုတာပဲ ပြောရမယ်၊ ငါအုပ်ချုပ်တဲ့ နေရာမှာ ကန့်ကွက်မဲ ထည့်ရင် သေမယ်” ဟု ကြံ့ဖွံ့ပါတီအတွက် မဲထည့်ရန် Kachin Defense Army (KDA) အဖွဲ့ဝင်မှ ခေါင်းဆောင်တစ်ဦး ပြောသည်။

ယင်းတို့ ကချင်တိုင်းရင်းသား အချင်းချင်း ခြိမ်းခြောက်ပြောဆိုနေခြင်းကို ဒေသခံများ အနေဖြင့် မငြင်းဆန်နိုင်ဘဲ စည်းကြပ်ခံနေရသည်။ ပြီးခဲ့သည့် သြဂုတ်လလယ်မှ စပြီး အခုလို ခြောက်လှန့်ပြောဆိုနေခြင်း ဖြစ်ကြောင်း ဒေသခံမှ ပြောသည်။

တစ်အိမ်တစ်ယောက်နှုန်းဖြင့် ရွာသားများအား စည်းဝေးခေါ်ယူကာ အကယ်၍ USDP ကြံ့ဖွံ့ပါတီကို မဲမပေးရင် ရပ်ရွာမှ မောင်းထုတ် လိုက်မည်ဟု ၎င်းပြည်သူ့စစ်မှ ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဧပြီ ၂၈ ရက်နေ့မှ စကာ KDA အား စစ်တပ်မတော် လက်အောက်ခံ ပြည်သူ့စစ် အဖြစ်သို့ ပြောင်းလည်းဖွဲ့စည်းလိုက်သည်။  KDA တပ်ဖွဲ့ဝင်အင်အား ၈၀၀ ကျော်အနက်မှ  ၄၀၀ ကျော်ဖြင့်သာ  ကောင်းခါး ပြည်သူ့စစ် ၁၊ ၂၊ ၃၊ ၄၊ ၅ ဟူ၍  ၅ ခု ဖွဲ့စည်းခဲ့သည်။

၂၀၀၈ ခုနှစ် လူထုဆန္ဒခံယူပွဲတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံရန် KDA အဖွဲ့သည် ဒေသခံများကို အတင်းဖိအား ပေးခဲ့ကြောင်း သိရသည်။

လာမည့် စက်တင်ဘာ (၂၈) ရက်နေ့တွင် သိန္နီမြို့နယ် လ၀က (လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဌာန)မှ မြို့နယ်တွင်းရှိ နမ့်ဇလတ်နှင့် မန်လျင် ကျေးရွာအုပ်စုမှ ဒေသခံများအတွက် နိုင်ငံသား စီစစ်ရေးကဒ် (မှတ်ပုံတင်)ကို အခမဲ့ ပြုလုပ်ပေးမည်ဟု သိရသည်။  ကြံ့ဖွံ့ပါတီကို မဲထည့်ရန် လူထုစည်းရုံးသည့် အနေဖြင့် ယင်းမှတ်ပုံတင်များ အခမဲ့ လုပ်ပေးနေခြင်း ဖြစ်သည်ဟု ဒေသခံများ ပြောသည်။

ယခုအခါ ရွေးချယ်ခွင့် မရှိတော့ဘဲ မလွဲမရှောင်သာ ကြံ့ဖွတ်ပါတီအား မဲထည့်ကြရတော့မည်ဟု ဒေသခံတိုင်းရင်းသားများမှ ပြောသည်။

 

 

 

 

 

Most read this week