SSA မြောက်ပိုင်း တပ်မဟာ (၁)က စစ်အစိုးရအား ပြည်သူ့စစ် ဖွဲ့ရန် လုံးဝငြင်းဆန်

SSA မြောက်ပိုင်း တပ်မဟာ (၁)က စစ်အစိုးရအား ပြည်သူ့စစ် ဖွဲ့ရန် လုံးဝငြင်းဆန်
by -
ဇော်ကြီး

စစ်အစိုးရ၏ နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ်တပ် ဖွဲ့စည်းရေးကို လက်မခံငြင်းဆန်ထားသည့် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းမှ တပ်မဟာ (၁) တပ်ဖွဲ့က စစ်အစိုးရအား စစ်ကြေငြာ....

စစ်အစိုးရ၏ နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ်တပ် ဖွဲ့စည်းရေးကို လက်မခံငြင်းဆန်ထားသည့် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းမှ တပ်မဟာ (၁) တပ်ဖွဲ့က စစ်အစိုးရအား စစ်ကြေငြာလိုက်သည်။

တပ်မဟာ (၁)၊ တပ်မဟာမှူး ဗိုလ်ချုပ် ပန်ဖက စစ်အစိုးရ၏ ဌာနေပြည်သူ့စစ်တပ် ဖွဲ့စည်းရေးကို လက်ခံထားသည့် စိန်ကျောက် ဌာနချုပ် လုံခြုံရေးမှူး ဗိုလ်မှူး လင်ကျင့်မှတဆင့် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးထံ နုတ်ဖြင့် အကြောင်းကြားခိုင်းခဲ့ကြောင်း ရှမ်း သံတော်ဆင့် သတင်း အယ်ဒီတာ ဦးစိန်ကြည်က ယခုလို ပြောသည်။

“ရမခတိုင်းရုံးကို သွားပြောလိုက်၊ တိုင်းမှူးကို သွားပြောလိုက်။ ငါတို့အတွက်လည်း ဒီနေ့ဟာ အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေး ကုန်ဆုံးပြီ။ သူတို့ သတ်မှတ်သလိုပဲ ငါတို့ သတ်မှတ်လိုက်ပြီလို့ ပြောတယ်။ အဲတာ တနည်းတဖုံအားဖြင့်တော့ ဒေသခံလူထု နားလည်တာကတော့ စစ်ကြေငြာလိုက်ပြီပေါ့ဗျာ။”

ယခုလ (၁၄) ရက်နေ့နှင့် (၂၀) ရက်နေ့က စစ်အစိုးရတပ်မှ တပ်မဟာ (၁) တပ်ဖွဲ့များအား စတင်ပစ်ခတ်ခဲ့ရာ တိုက်ပွဲငယ် နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်မှ ရဲဘော် တစ်ဦးနှင့်အတူ ၎င်းကိုင်ဆောင်သည့် MA 1 တစ်လက် ဆုံရှုံးခဲ့သည်။

တပ်မဟာ (၁) ဖက်မှ သိမ်းဆည်းရရှိသည့် လက်နက်အား ယခုလ (၂၅) ရက်နေ့က စစ်အစိုးရထံ ပြန်လည်ပေးအပ်ခဲ့ပြီးသော်လည်း မိုင်းရယ် ဒေသခံလှုပ်ရှားတပ် ဗျူဟာ (၁) ဗျူဟာမှူး ဗိုလ်မှူးကြီး ကြည်မြင့်က မကျေနပ်သဖြင့် စစ်အစိုးရတပ်သားအား ပစ်ခတ်ခဲ့သူ SSA တပ်မဟာ (၁)မှ တပ်သားနှင့် ၎င်း၏ တပ်စိတ်မှူးအား ဖမ်းဆီးပို့ပေးရမည်ဟု ကျေးရွာသူကြီးများမှတဆင့် တောင်းခံခိုင်းခဲ့သည်။ တပ်မဟာ (၁)ဘက် ယင်းတောင်းဆိုချက်ကို လက်မခံခဲ့ပေ။

စက်တင်ဘာလ ၂၉ ရက်နေ့ည သန်းခေါင်အချိန်ကလည်း ၀မ်ပုံကျေးရွာအုပ်စု ကုန်းညု ကျေးရွာရှိ တပ်မဟာ (၁) တပ်စခန်းတစ်ခုအား စစ်အစိုးရတပ်က လာရောက်ပစ်ခတ်ခဲ့သည့်အတွက် SSA ဖက်မှ ယမန်နေ့နံနက်က ပြန်လည်တုန့်ပြန်ပစ်ခတ်ခဲ့သည်ဟု ဦးစိန်ကြည်က ပြောသည်။

“သဘောက ၁၄ ရက်၊ ၂၀ ရက်၊  ၂၉ ရက် သန်းခေါင်ကျော်မှာ နအဖက သူတို့ကို အရင်ပစ်တာ သုံးခါလေ။ အဲတာကြောင့်  မနေ့ကမနက် စောစောမှာ သူတို့က အရင်သွားပစ်လိုက်တယ်။”

လတ်တလော ယင်းတိုက်ခိုက်မှုနှင် ပတ်သက်၍ ထိခိုက်ကျဆုံးမှု သတင်းကို အသေးစိတ် မသိရသေးပါ။

ယခုလို တိုက်ပွဲများ ဖြစ်ပွားလာသည့်အပေါ် အပစ်ရပ်နှင့် စစ်အစိုးရတို့ကြား ဖြစ်ပေါ်လာနိုင်သည့် အခြေအနေနှင့် ပတ်သက်၍ “အလားအလာက နအဖ အပေါ်မှာ မူတည်တာပေါ့။ သူတို့က ဆက်တိုက်ထိုးစစ်တွေ ဘာတွေလုပ်လို့ ရှိရင်တော့ တိုက်ပွဲက တနေရာပြီးတနေရာ ကူးစက်သွားဖို့ အလားအလာများတာပေါ့။ ဒါပေမယ့် နအဖဖက်က နည်းနည်းသျှိုထားမယ် မချဘူးဆိုရင်တော့ ဒီတပ်မဟာ (၁) ဖက်က ကြီးကြီးကျယ်ကျယ် တန်ပြန်ပြီးတော့ သွားတိုက်ဖို့ဆိုတာ ကျနာ် ထင်တယ် ငါးဆယ်၊ ငါးဆယ်ဘဲ” ဟု ဦးစိန်ကြည်က သုံးသပ်ပြောဆိုသည်။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား တပ်ဖွဲ့များအား နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် လွန်ခဲ့သည့်နှစ် ဧပြီလမှ စတင်ကာ ဖိအားပေးပြောဆိုခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် တပ်များဖက်က လက်မခံ ငြင်းဆန် ခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရဖက်မှ ယင်းကိစ္စအပေါ် စစ်ရေးနည်းအရ ဖြေရှင်းလာပါက ပူးပေါင်းခုခံသွားရန် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ မိန်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA မှ တပ်မဟာ (၁) တပ်ဖွဲ့နှင့် ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIA တို့က စစ်ရေး မဟာမိတ်အဖြစ် လွန်ခဲ့သည့် ဇူလိုင်လ နောင်းပိုင်းက ဖွဲ့စည်းခဲ့သည်။

 

 

 

 

 

 

Most read this week