နယ်စပ်မှ တင်သွင်းသည့် တရားမ၀င် ကုန်ပစ္စည်းများ ဖမ်းဆီးခံရ

နယ်စပ်မှ တင်သွင်းသည့် တရားမ၀င် ကုန်ပစ္စည်းများ ဖမ်းဆီးခံရ
by -
ဇော်ကြီး

ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့မှ မြန်မာပြည်တွင်းသို့ တင်သွင်းနေသည့် တရားမ၀င် ကုန်ပစ္စည်းများကို ဒေသအခြေစိုက် ဗျူဟာမှူး အမိန့်ဖြင့် ဖမ်းဆီး.....

ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့မှ မြန်မာပြည်တွင်းသို့ တင်သွင်းနေသည့် တရားမ၀င် ကုန်ပစ္စည်းများကို ဒေသအခြေစိုက် ဗျူဟာမှူး အမိန့်ဖြင့် ဖမ်းဆီးနေသည်။

ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့မှ တင်သွင်းလာသည့် လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းများအား မြ၀တီမြို့ အထွက် ဗျူဟာ ဂိတ်တွင် မြို့နယ်ဌာနပေါင်းစုံ အဖွဲ့မှ ၂၈ ရက်နေ့ ညနေ သုံးနာရီခန့်က ဖမ်းဆီးခဲ့သည်ဟု မျက်မြင်မြို့ခံ ကုန်သည် တစ်ဦးက ယခုလို ပြောသည်။

“ဟိုင်းလတ်တွေကို မနေ့က ၁၅ စီးလောက် ဖမ်းလိုက်တယ်။ တံတားကျိုးအပေါ်က ဗျူဟာဂိတ်မှာ ဖမ်းလိုက်တာ။ ဗျူဟာမှူး အမိန့်နဲ့လို့ ပြောတယ်။ ရဲမှူးတွေ၊ တပ်ရင်းမှူးတွေနဲ့ အကောက်ခွန်မှူးတွေ အကုန်ပါတယ်။”

၂၈ ရက်နေ့ နံနက်ပိုင်းအချိန်က မြ၀တီမြို့နယ် အခြေစိုက်  ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်နိုင်ဦးက ဌာနဆိုင်ရာများအား အစည်းဝေး ခေါ်၍ ဖမ်းခိုင်းခဲ့ရာ လိုင်စင်မဲ့ ကားများနှင့် အလုံပိတ် ၁၂ ဘီး ကားများ မပါဝင်ဘဲ ဟိုင်းလတ် ကားငယ်များကိုသာ ဖမ်းခြင်း ဖြစ်သည်ဟု မြို့ခံကုန်သည်က ဆက်ပြောသည်။

“အံ့သြဖို့ ကောင်းတာက မှန်လုံတွေကျတော့ လွတ်ပေးတယ်။ အဲဒီမှန်လုံတွေကျတော့ ပိုင်ရာဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ ကားတွေပေါ့။ အဲတာတွေကျတော့ လွတ်ပေးတယ်။ အခု ဖမ်းလိုက်တာက ဟိုင်းလတ်တွေချည်းပဲ။ ၀စ်သောက်ကားတွေ ကျတော့ အဲဒီမနက်ကပေါ့နော် မသွားရဘူး ဆိုပြီး ဂိတ်ကနေ ပြန်မောင်းထုတ်တယ်။”

မှန်လုံကားများနှင့် ၁၂ ဘီးတပ် ကုန်တင်ကားကြီးများတွင် အလားတူ စားသောက်ကုန်နှင့် အထည်အလိပ် ပစ္စည်းများ တင်ဆောင်ထား သော်လည်း ရန်ကုန် အကောက်အခွန် ဦးစီးဌာန ညွှန်ကြားရေးမှူး လက်မှတ်ဖြင့် လွတ်လပ်စွာ သွားလာနိုင်ကြသည်ဟု မြို့ခံကုန်သည် က ပြောသည်။

“ဂျူတီကြီးလို့ ခေါ်တာပေါ့နော်။ အဲတာကအခု ရန်ကုန်အရောက်ကို သိန်း ၁၈၀ နဲ့ ၁၉၀ ကြားမှာ ရှိတယ်။ ၁၂ ဘီးကား တစ်စီးမှာ ပစ္စည်းတွေ အကုန်တင်ပေါ့နော်။ အခွန်လွတ်လွတ် မလွတ်လွတ်၊ ယိုးဒယား ပစ္စည်းတွေ။ ကိုယ်တင်ချင်တဲ့ဟာ အကုန်လုံး တင်လို့ ရတယ်။ အဲဒီကားတွေက ညွန်မှူး လက်မှတ် ပါတယ်။”

ယခုလို ဖမ်းဆီးမှုကြောင့် ကုန်သည်ကြီးများ အနေနှင့် ထိခိုက်နစ်နာမှု မရှိသော်လည်း အလယ်အလတ်တန်းစား ကုန်သည်များ အထိနာ ကြသည်ဟု သိရသည်။

မြ၀တီ မဲဆောက် ကုန်စည်ကူးသန်းသွားလာခွင့် တံတားအား ယခုနှစ် ဇူလိုင်လကတည်းက ပိတ်ပင်ထားသော်လည်း အခြားဂိတ် ငယ်လေးများမှ နေ့စဉ် ကုန်စည် ဖြတ်သန်းမှုများ ရှိခဲ့သည်။

ယခုလ (၂၀) ရက်နေ့က ထိုင်းနိုင်ငံဖက်မှ တင်သွင်းလာသည့် တရားမ၀င် လိုင်စင်မဲ့ကား (၄၇) စီးအား သင်္ကန်း ညီနောင် ဗျူဟာဂိတ်တွင် ဖမ်းဆီးခဲ့ရာ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA တပ်ဖွဲ့၊ တပ်ရင်း ၉၀၂ တပ်ရင်းမှူး ဗိုလ်ကျော်သက်နှင့် ပတ်သက်သည့် ကား (၇) စီး ပါဝင်ခဲ့သည်။

DKBA မှ ယင်းကား (၇) စီး ပြန်လည်ရရှိရန် တောင်းဆိုခဲ့သော်လည်း ဒေသခံအာဏာပိုင်တို့က ပြန်မပေးသည့်အတွက် မြ၀တီ ရဲစခန်းအား DKBA တပ်ဖွဲ့ဝင်များက လက်နက် အပြည့်အစုံဖြင့် ၀ိုင်းရံခဲ့သည့် ပြဿနာ ဖြစ်ပွားခဲ့သည့် အရှိန်ကြောင့် လတ်တလော အခြေအနေအရ မြို့ပေါ် လုံခြုံရေးများ တင်းကြပ်ထားပြီး အရောင်းအ၀ယ် အနည်းငယ် ထိုင်းနေသည်ဟု သတင်းရသည်။

 

 

 

 

 

Most read this week