မြန်မာအလုပ်သမားများ ဖမ်းဆီးငွေညှစ်ခံနေရ

မြန်မာအလုပ်သမားများ ဖမ်းဆီးငွေညှစ်ခံနေရ
by -
ဇော်ကြီး

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့တွင် တရားဝင် လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဒေသခံအာဏာပိုင်တို့က ဖမ်းဆီးငွေညှစ်မှုများ ...

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့တွင် တရားဝင် လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဒေသခံအာဏာပိုင်တို့က ဖမ်းဆီးငွေညှစ်မှုများ ဖြစ်ပေါ်နေသည်။

ဖမ်းဆီးခံရသူများသည် ယာယီနိုင်ငံကူးလက်မှတ်နှင့် အလုပ်သမား မှတ်ပုံတင် ကိုင်ဆောင်ထားသူများ ပါဝင်သည်ဟု အဖမ်းခံခဲ့ရသည့် အလုပ်သမား တစ်ဦးက ယခုလို ပြောသည်။

“ကျနော့မှာ အထောက်အထားတွေ အပြည့်အစုံ ရှိလျှက်နဲ့ ဘာကြောင့် ဖမ်းတာလည်းလို့ မေးကြည့်တော့ ဖမ်းချင်လို့ ဖမ်းတယ်လို့ပဲ ပြောတယ်။ ပြီးတော့ ကျနော့ကို ရုံးကို မခေါ်သွားပဲနဲ့  တနေရာကို ခေါ်သွားပြီး ချောင်ပိတ်ပြီးတော့ ရှာဖွေမွေနှောက်တယ်။ တစ်မျိုးပြီးတစ်မျိုး စစ်ကြည့်ပြီးတော့ ပိုက်ဆံ နှစ်ထောင် တောင်းတယ်။ မရရင် ရုံးတင်တရားစွဲမယ် ဆိုပြီး စာရွက်ပေါ်မှာ လက်မှတ် ထိုးခိုင်းတယ်လေ။ နောက်ဆုံးတော့ ကျနော်လည်း မတတ်နိုင်တော့လို့ ပိုက်ဆံ နှစ်ထောင် ပေးလိုက်တော့မှ ကျနော့ စာရွက်တွေ ပြန်ပေးတယ်။”

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် အလုပ်သမားများ အနေနှင့် လူဝင်မှုကြီးကြပ်ရေး ဌာနသို့ သုံးလတကြိမ် ပုံမှန်သတင်းပို့အကြောင်းကြားရန် အသွားလမ်းတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ၎င်းနည်းတူ အဖမ်းခံရသူများလည်း ရှိကြောင်း ယခုလို ဆက်ပြောသည်။

“ကျနော့လိုပဲ နောက်နှစ်ယောက်ကို ဖမ်းလာတယ်။ မိန်းမ နှစ်ယောက်ပဲ။ သူတို့လည်း စာအုပ်တွေနဲ့ပဲ။ ကျနော် မေးကြည့်တယ်။ ဘာဖြစ်လို့ ဖမ်းတာလည်းဆိုတော့ မသိဘူးလေတဲ့။ ဈေးလာဝယ်တာတဲ့။ သူတို့ကိုကျတော့ တစ်ယောက်ကို နှစ်ထောင်နဲ့ လေးထောင် တောင်းတယ်။ မိန်းခလေးတွေဆို ငိုယိုနေတာပဲ။”

ယခုလ ၁၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ယခုလဆန်းပိုင်းမှ စတင်၍ နေ့စဉ် ဖမ်းဆီးမှုများ ရှိနေသည့်အတွက် အလုပ်သမားများ အနေနှင့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော်လည်း လွတ်လပ်စွာ သွားလာခွင့် မရှိသည့်အတွက် အခက်အခဲ ဖြစ်နေသည်ဟု သိရသည်။

အလားတူ ဈေးအတွင်း အလုပ်လုပ်ကိုင်နေသည့် အခြားအလုပ်သမား တစ်ဦးကလည်း လွန်ခဲ့သည့် တစ်ပတ်ခန့်က ၎င်းကြုံတွေ့ခဲ့ပုံကို ယခုလို ပြောသည်။

“ကျနော်တို့ လမ်းထိပ်မှာပဲ ထားဝယ်သား လင်မယားလေး နှစ်ယောက် ဘယ်ကလာကြမှန်းတော့ မသိဘူးဗျ။ အဲတာ သူတို့ကို ပုလိပ် စစ်တယ်။ စစ်တော့ နှစ်ယောက် စလုံးမှာ ပတ်စပို့စ် ပါတယ်။ ဘတ်ကတော့ တခြားနေရာကပဲ။ ဖူးကက်ကတော့ မဟုတ်ဘူး။ သူတို့လည်း လာလည်တာ ထင်တယ်။ အဲတာ တစ်ယောက်ကို တစ်သောင်းခွဲ ထိသွားတယ်။ ပြောတော့ သူတို့က ပတ်စပို့စ် ရှိရင် အကုန်လုံး သွားလာလို့ ရတယ် ဆိုပြီးတော့ ပြောထားကြတယ် ရုံးတွေကတော့။ အခုတကယ်တန်း ကျတော့ ဘာမှလည်း မဟုတ်ပါလား။”

ထို့အပြင် ကားဂိတ်များတွင်လည်း “ဒီမှာ ကျနော်တို့ နေရာက ဈေးဆိုတော့ လိုင်းကားဂိတ် ဆုံတာကိုး။ ဘယ်ပဲသွားသွား ဒီကပဲ သွားကြတာ များတယ်လေ။ အဲတာ တချို့ကားတွေ ထွက်နေပြီ။ အဲတာ လှမ်းတားပြီးတော့ကို လိုက်ဆွဲချတာ။ ဆွဲချပြီး ဘတ်စစ်တာ။  ကျနော်တို့ ဖူးကက်က ပိုပြီး ဆိုးမယ် ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ စားရမှန်း သိတော့ အိနြေ္ဒကို မရှိကြတော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။

ထိုင်းအာဏာပိုင်အချို့ အနေနှင့် ဥပဒေပိုင်းဆိုင်ရာ အသိပညာ နည်းပါး၍တကြောင်း ယခင်ကတည်းက မြန်မာအလုပ်သမားများအပေါ် ငွေညှစ်တတ်သည့် အလေ့အထများ ရှိခဲ့ခြင်းကြောင့် ယခုလို ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်း အစိုးရအလုပ်သမားရေးဌာန တာဝန်ခံ ကိုသက်ခိုင်က ယခုလို ပြောသည်။

“ဒီဥစ္စာတွေ အကုန်လုံး ပြည်စုံနေလျှက်နဲ့ လုပ်ငန်းခွင်မှာ မဟုတ်ဘဲနဲ့ ယာယီ ပတ်စပို့စ် ရှိလျှက်နဲ့ ဖမ်းခွင့် သူတို့မှာ မရှိဘူး။ ယာယီ ပတ်စ်ပို့က တနိုင်ငံလုံး သွားခွင့် ရှိတယ်။ ဒါတရားဝင် ကြော်ငြာပြီး လုပ်ထားတာ။ အဲဒီတော့ အခုလည်း နည်းနည်းပါးပါး ခြောက်လှန့်ကြည့်လိုက်လို့ အလုပ်သမားက ကြောက်တတ်လှန့်တတ်ပြီး ငွေထုတ်ပေးမယ့် အနေအထားမျိုး ရှိရင် သူတို့က ယူသွားတာတွေ အမြဲတမ်း ရှိတယ်။”

မြန်မာအလုပ်သမားများ အနေနှင့် တရားဝင် အထောက်အထား ခိုင်လုံပါက သတ္တိ ရှိကြရန်နှင့် ငွေညှစ်သည့် ရဲ၏ ကား၊ ဆိုင်ကယ် နံပါတ်များနှင့် ဦးထုတ်မှ နံပါတ်များကို မှတ်သားပြီး နီးစပ်ရာ အလုပ်သမားရေး ဆောင်ရွက်နေသူများထံ ချက်ချင်း အကြောင်းကြားရန် လိုအပ်သည်ဟု ဆက်ပြောသည်။

အကယ်၍ သက်ဆိုင်ရာ အာဏာပိုင်က ဖမ်းဆီးပြီး အကြောင်းမဲ့ လက်မှတ် ထိုးခိုင်းပါက “လက်မှတ်တို့ ဘာတို့ ထိုးခိုင်းတယ်ဆိုရင် မထိုးပါနဲ့ အရင်ဦးဆုံး ဖုန်းဆက်ခွင့်တောင်း။ ဒါအလုပ် သမားတွေအတွက် အရေးကြီးတယ်။ ကိုယ့်ရဲ့ မိဘဆွေမျိုး အသိုင်းအ၀ိုင်းကနေတဆင့် အလုပ်သမားရေး ဆောင်ရွက်နေသူတွေ ဆီကို ဆက်သွယ်အကြောင်းကြားပါ။ လက်မှတ်ထိုးလိုက်ရင် သူတို့ ရေးချင်ရာ ရေးထားတဲ့ စွဲချက်တွေဆိုရင် အလုပ်သမားက ဘာမှ မတတ်နိုင်တော့ဘူး။ သူတို့ တင်တဲ့ စွဲချက်အတိုင်း လိုက်ပြီး ဥပဒေကို ရင်ဆိုင်ရတဲ့သဘော ဖြစ်တတ်တယ်”  ဟု ကိုသက်ခိုင်က ပြောသည်။

ထိုင်းနိုင်ငံရှိ တရားဝင်နိုင်ငံခြားသား အလုပ်သမားများအနက် အလုပ်သမား လက်မှတ် သက်တမ်း တိုးမြှင့်မထားသူများအား ဖမ်းဆီးရန် ယခုနှစ် ဇွန်လ (၂) ရက်နေ့က ထိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း ဒေသအလိုက် ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်ကို မြန်မာအလုပ်သမားများ ခံစားရခြင်း ဖြစ်သည်ဟု ကိုသက်ခိုင်က သုံးသပ်ပြောဆိုသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းကျော်ရှိသည့်အနက် ထက်ဝက်ခန့်မှာ တရားမ၀င် အလုပ်သမားများ ဖြစ်ပြီး ၎င်းတို့အား တရားဝင် အလုပ်သမား မှတ်ပုံတင် ပြုလုပ်ပေးမည်ဟု သတင်းရရှိသည်။

 

 

 

 

 

 

 

Most read this week