မြန်မာစစ် ရဟတ်ယာဉ်အား KIO သတိပေးပစ်ခတ်

မြန်မာစစ် ရဟတ်ယာဉ်အား KIO သတိပေးပစ်ခတ်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် ရှိရာသို့ ဖြတ်ကျော်ပျံဝဲသော မြန်မာစစ်စိုးရ ရဟတ်ယာဉ် တစင်းအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်သားများ မနေ့က ပထမအကြိမ် သတိပေးပစ်ခတ်....

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် ရှိရာသို့ ဖြတ်ကျော်ပျံဝဲသော မြန်မာစစ်စိုးရ ရဟတ်ယာဉ် တစင်းအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်သားများ မနေ့က ပထမအကြိမ် သတိပေးပစ်ခတ်ခဲ့သည်။

အသိပေးခြင်း မရှိပဲ ကချင်ပြည်နယ်အရှေ့ဘက် တရုတ်နယ်စပ်အနီး KIA အလဲန်ဘွမ် (Alen Bum) ဗဟိုစစ်ဌာနချုပ် ဝေဟင်ပေါ် ဒေသအချိန် နေ့လည်ပိုင်း ၃ နာရီဝန်းကျင်တွင် ပျံဝဲခဲ့သည့် မြန်မာစစ်ရဟတ်ယာဉ်ကို KIA တပ်သားများ လက်နက်ငယ်ဖြင့် နှစ်ကြိမ် ပစ်ခတ်သတိပေးခဲ့ကြောင်း KIA က ပြောသည်။
090710-kio-laiza
၎င်းရဟတ်ယာဉ်သည် တရုတ်နယ်စပ်တလျှောက် မြောက်မှတောင် လိုင်စင်ဘွမ် (Laisin Bum) KIA စစ်အမာခံ စခန်းမှ Alen Bum နှင့် လိုင်ဇာ (Laiza) ဘက်ဆီသို့ ပျံဝဲဖြတ်သန်းကြောင်း သိရသည်။

ပစ်ခတ်ခံရပြီးနောက် ရဟတ်ယာဉ်သည် မြစ်ကြီးနားမြို့ဘက်သို့ ဦးတည်ပျံဝဲသွားကြောင်း မျက်မြင်သက်သေများ ပြောသည်။

စက်ဘာလ ၁၁ ရက်တွင်လည်း နံနက် ၃ နာရီခန့်တွင် ပထမဆုံးအကြိမ် မြန်မာ စစ်ဂျက်တိုက် လေယာဉ် တစ်စင်းက ယခု ရဟတ်ယာဉ် ပျံသန်းသွားသော လမ်းကြောင်းအတိုင်း လိုင်စင်ဘွမ်-အလဲန်ဘွမ်-လိုင်ဇာ တစ်လျှောက် ဖြတ်သန်းခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက်သည် အမေရိကန်မှ ဝေါလ်ထရိတ်စင်တာ (World Trade Center) အား မွတ်စလင် အကြမ်းဖက်သမားများ တိုက်ခိုက် ဖျက်ဆီးခဲ့သည့် ၉ နှစ်ပြည့် အထိမ်းအမှတ်နေ့လည်း ဖြစ်သည်။

နောက်ထပ် မြန်မာစစ်လေယာဉ်နှင့် ရဟတ်ယာဉ်များ KIO ဌာနချုပ်သို့ ကျူးကျော်ဝင်ရောက်ခြင်း မပြုလုပ်ရန် ယခုလို KIA မှ သတိပေးပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရသည်။

မိမိနယ်မြေသို့ အသိပေးခြင်း မရှိ ကျူးကျော်လာသော မြန်မာစစ်တပ်နှင့် စစ်လေယာဉ်များအား ပစ်ခတ်သွားမည် ဖြစ်ကြောင်းကို ကနဦးကတည်းက စစ်အစိုးရသို့ KIA အကြောင်းကြားထားပြီး ဖြစ်ကြောင်း KIA အရာရှိများ ပြောသည်။

ယခုလို မြန်မာစစ်အစိုးရ၏ ရန်စခြင်းကို ခံရသော်လည်း KIO သည် ၎င်းတို့ဘက်မှ ပြည်တွင်းစစ် စတင်မည် မဟုတ်ကြောင်း သိရသည်။

စစ်တပ်အုပ်ချုပ်နေသော မြန်မာနိုင်ငံရှိ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များတွင် ‘၀’ (UWSA) တပ်ပြီးနောက် KIOသည် အင်အားအကြီးဆုံး ဖြစ်သည်။

ယခုလ လဆန်းပိုင်းတွင်လည်း စစ်အစိုးရ၀န်ကြီးချုပ်နှင့် ၎င်း၏ ကြံ့ဖွံ့ပါတီခေါင်းဆောင် ဦးသိန်းစိန်က နိုဝင်ဘာ ၇ ရွေးကောက်ပွဲ နောက်ပိုင်းတွင် KIO အား ချေမှုန်းသွားမည်ဟု ပြောခဲ့သည်။

ဦးသိန်းစိန်က ၎င်းတို့ သစ္စာခံ ပန်ဝါ အခြေစိုက်နယ်ခြားစောင့်တပ် (ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K) နှင့် လ၀ါယန် အခြေစိုက် ပြည်သူ့စစ် (ယခင် KIO ခွဲထွက် ဦးလဆန်အောင်ဝါ ငြိမ်းချမ်းရေး အဖွဲ့) တို့အား မြစ်ကြီးနားသို့ ဆင့်ခေါ်၍ “KIO အား အရှေ့တောင်အာရှ တွင် ပထမဆုံး စံပြအဖြင့် ချေမှုန်းသွားမည်” ဟု ထုတ်ပြောခဲ့သည်။

 

 

 

Most read this week