ကချင် အမျိုးသားတို့ သမိုင်းကဗ္ဗည်း တင်သင့်ပြီ

ကချင် အမျိုးသားတို့ သမိုင်းကဗ္ဗည်း တင်သင့်ပြီ
by -
Maling Hkataw

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ခေါင်းဆောင် ဦးသိန်းစိန်က “ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကို အရှေ့တောင်အာရှ အာဆီယံ (Association of South East Asian Nations) မှာ စံပြအနေနဲ့ ရှင်းပစ်မယ်”  ဟု ခြိမ်းခြောက်....

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ခေါင်းဆောင် ဦးသိန်းစိန်က “ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကို အရှေ့တောင်အာရှ အာဆီယံ (Association of South East Asian Nations) မှာ စံပြအနေနဲ့ ရှင်းပစ်မယ်”  ဟု ခြိမ်းခြောက် ပြောဆိုခဲ့ခြင်းသည် မီးခဲပြာဖုံးဖြစ်နေသော ကချင်တမျိုးသားလုံးအား တပ်လှန့်လိုက်သော “တံပိုးမှုတ်သံ” ပင်ဖြစ်နေသည်။  ထိုတံပိုးသံအား သတိမမူ ဂူ မမြင်ဘဲနေပါက ကချင်လူထု တရပ်လုံးကို သေမင်းခေါ်သံအဖြစ်သို့ ပြောင်းလဲသွားစေလိမ့်မည်။

ယခုလ စက်တင်ဘာလဆန်းပိုင်းတွင် ဦးသိန်းစိန်သည် ၎င်းတို့သစ္စာခံ ပန်ဝါအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ (ယခင် ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K)) နှင့် လ၀ါယန်အခြေစိုက်ပြည်သူ့စစ်အဖွဲ့ (ယခင် KIO ခွဲထွက် ဗိုလ်မှူးကြီး လဆန်အောင်ဝါ) တို့အဖွဲ့ကို တွေ့ဆုံခဲ့စဉ် ခြိမ်းခြောက်ပြောဆိုမှုသည် ၎င်းတို့ကို သတိပေးခြင်းသာမက ကချင်တစ်မျိုးသားလုံးအား ခြိမ်းခြောက် လိုက်ခြင်းဖြင့် စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

thein-sein
ထိုပြောဆိုမှုက ကချင်လူမျိုးတို့ သားစဉ်မြေးဆက် နောင်လာ နောက်သားများ အတွက် အလေးအနက်ထား ဆုံးဖြတ်ချက်ချကာ ရပ်တည် ရှင်သန် သွားရန် အချိန်ကျရောက်လာပြီဖြစ်သည်။

ထို့အပြင် ဤအချက်က စစ်အစိုးရအုပ်ချုပ်သည့်ခေတ်အဆက်ဆက် ကျင့်သုံး လာသည့် တိုင်းရင်းသားချေမှုန်းရေးပေါ်လစီကို ထုတ်ဖော် ပြသ လိုက်ခြင်းလည်း ဖြစ်သည်။ စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရန် ကမ်းလှမ်းသည့် သြဂုတ် ၃၀ ရက်ထုတ် KIO ထုတ်ပြန် ချက်ကို စစ်အစိုးရက လုံးဝပယ်ချကာ ကချင် တိုင်းရင်းသား ချေမှုန်းရေးကိုသာ လူသိရှင်ကြား ကြွေးကြော်လိုက်ခြင်းပင်ဖြစ်သည်။

စစ်အစိုးရအနေဖြင့် KIO အဖွဲ့ လက်နက် မချခြင်းကြောင့် ၎င်းတို့သြဇာခံအဖြစ် သိမ်းကျုံးနိုင်ခြင်း မရှိသည့်အတွက် အပြီးတိုင်ချေမှုန်းပစ် ရမည်ဟူသော ၎င်းတို့အမြင်မှာ မှားယွင်းမှုကြီးတခုဖြစ်နေသည်။

အမှန်မြင်သင့်သည်မှာ အဘယ်ကြောင့် KIO လက်နက်ကိုင်ထားရသနည်းဟူသော အချက်သာဖြစ်သည်။ KIO ကြေညာချက်သည် KIO အတွက်လော။ ကချင်လူမျိုးအတွက်လော။ သို့မဟုတ် ပြည်ထောင်စုတစ်ခုလုံးအတွက်လော။ ဤအချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ကချင်သည် မြန်မာ၏ရန်သူမဟုတ်ပါ

ရှေးပဝေသဏီမှ ယနေ့အထိ ကချင်တို့သည် မည်သူ့ရန်သူမှ မဟုတ်ပါ။ ပြည်ထောင်စု မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် ပထမ ကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့တွင် ကချင်အမျိုးသားများသည် မဟာမိတ်ဖက်မှရပ်တည်ကာ (၁၀၁ လေးဝီးစ်တပ် (Lewis)) နှင့် အမေရိကန် ရိန်းဂျားစ်တပ် (American Rangers) တပ်သားများအနေဖြင့်) ကူညီတိုက်ခိုက်ခဲ့သည်။ ဖက်ဆစ်ဂျပန်တို့ကို ယခုအထက် မြန်မာပြည်မှ မောင်းထုတ်ရာတွင် အဓိက အခန်းကဏ္ဍမှပါဝင်ခဲ့သည်။ လွတ်လပ်ရေးတောင်းဆိုခဲ့စဉ်က ဗမာခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း နှင့်အတူ ကချင်အမျိုးသားခေါင်းဆောင်များ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး (Union of Burma) ပေါ်ထွန်းလာရေး အတွက် ပါဝင်ကြိုးပမ်းခဲ့သည်။

ဗမာခေါင်းဆောင်ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ပါလီမန်အစိုးရကာလ ကရင်တော်လှန်ရေးကိုတိုက်ခိုက်ချေမှုန်းကာ နိုင်ငံတော်ကို ကယ်တင် ခဲ့သည်။ မြန်မာ့တပ်မတော်တွင်လည်း ကချင်အမျိုးသားများ (ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းအုပ်အဖြစ် ဒုတိယဗိုလ်မှူးကြီး အယ်လ်ခွန်နောင်၊ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးများအဖြစ် တိုင်းမှူးလဘန်လ၊ တိုင်းမှူး အယ်လ်ကမ်ဖန် စသည်ဖြင့်) နိုင်ငံ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြသည့် သမိုင်းအထောက်အထားများ ရှိနေသည်။

သို့သော် ဗမာလူမျိုးအများစု ခေါင်းဆောင်သည့် မြန်မာစစ်အစိုးရအာဏာရှင်များက ကချင်လူမျိုးများကို ရန်သူသဖွယ် သဘောထား ဆက်ဆံပြောဆိုနေခြင်းသည်  ယခင်သမိုင်းနောက်ခံကို မျက်ကွယ်ပြုနေခြင်းဖြစ်ပြီး စိတ်မချမ်းမြေ့ဖွယ် ဖြစ်စေသည်မှာ အမှန်ပင် ဖြစ်သည်။

စစ်မှန်သောပြည်ထောင်စုစနစ် အစားထိုး လူမျိုးကြီးဝါဒ ကျင့်သုံးခြင်း

လွတ်လပ်ရေးရချိန်မှ ယခုအချိန်ထိ နိုင်ငံတော်အာဏာကိုဆုပ်ကိုင်ထားသည့် ဗမာစစ်ခေါင်းဆောင်များသည် အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒ၊ ဗုဒ္ဓဘာသာသွတ်သွင်းခြင်းဝါဒ သုံးခုဖြင့် ခရစ်ယာန်ဘာသာကိုးကွယ် ယုံကြည်သည့် ကချင်တိုင်းရင်းသားများကို ဖိနှိပ်ထားသည်။

“KIO အား အာဆီယံတွင်စံပြအဖြစ် ပထမဆုံးချေမှုန်းမည်” ဟုကြုံးဝါးပြောဆိုခဲ့သော ဗမာခေါင်းဆောင် သိန်းစိန်၏ ဆိုလိုရင်းသည်-

(၁) စစ်မှန်သောဒီမိုကရေစီကို မလိုလားခြင်း-
(၂) စစ်မှန်သောပြည်ထောင်စု ဖြစ်ပေါ်လာရေးကို မလိုလားခြင်း-
(၃) ပြည်ထောင်စု (Union of Burma) အစ သမိုင်းဝင် ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ပင်လုံစာချုပ်ကို ဖျက်ဆီးခြင်း-
(၄) စစ်မှန်သောပြည်ထောင်စုပြန်လည်ထူထောင်ရေးကို လိုလားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ရန်သူအဖြစ်သတ်မှတ်ခြင်း-
(၅) ပြည်တွင်းပြည်ပ ဒီမိုကရေစီလိုလားသူများကို ရန်သူအဖြစ်သတ်မှတ်ခြင်း-
(၆) ပင်လုံစာချုပ်အတိုင်း စစ်မှန်သောပြည်ထောင်စုကို လိုလားသော ကချင်တိုင်းရင်းသားများကို ရန်သူအဖြစ်သတ်မှတ်ခြင်း-
(၇) ဒီမိုကရေစီအရေခြုံ စစ်အာဏာရှင်စနစ် ဆက်တည်ဆောက်ခြင်း-
(၈) ပြည်ထောင်စု စိတ်ဓာတ်အပြည့်ဖြင့် စစ်မှန်သောဒီမိုကရေစီထူထောင်ရန် ကြိုးပမ်းသော KIO သည်  ပထမဆုံး ချေမှုန်းပစ်ရန်  ရန်သူအဖြစ် ဦးတည်လာခြင်း-
(၉) အာဏာရှင်စနစ်ခိုင်မြဲရေးဝါဒ၊ ဗမာလူမျိုးကြီးစိုးရေးဝါဒ၊ ဗုဒ္ဓဘာသာသွတ်သွင်းရေးဝါဒတို့ကို ဆက်ကျင့်သုံးရန်  
တို့ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်က KIO ထုတ်ပြန်ကြေငြာချက်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် ဒီမိုကရေစီပြည့်ဝသည့် စစ်မှန်သော ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းလာရေးအတွက် အားထုတ်ကြိုးပမ်းနေသူများသာဖြစ်သည်ကို ဖော်ညွန်းနေသည်။ ထို့အတူ ယခုအခါ ကချင်လူထုသော်လည်းကောင်း၊ မြန်မာနိုင်ငံသားများသော်လည်းကောင်း မျှော်လင့်သော ပန်းတိုင်မှာ KIO ၏ကြေငြာ ချက်နှင့် ထပ်တူဖြစ်နေသည်။ လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ အဆင့်အတန်းခွဲခြားမှုမရှိဘဲ တစ်ပြည်ထောင်သားများအားလုံးသည် စစ်မှန်သောဒီမိုကရေစီပြည်ထောင်စုကြီးကို လိုချင်တောင့်တ နေကြသူများသာဖြစ်သည်။

အလားတူပင် ပြည်တွင်းမှ လက်နက်ကိုင်အဖွဲ့အစည်း၊ လက်နက်မဲ့ အဖွဲ့အစည်းအားလုံး၏  “မျှော်လင့်ချက်” နှင့် “ပန်းတိုင်” မှာလည်း တစ်ထေရာတည်းဖြစ်သည်။ စစ်မှန်သော ဒီမိုကရေစီစနစ်နှင့် တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ဖြစ်သည်။ ထို့ကြောင့် KIO သည် ၎င်း ဒီမိုကရေစီကို ပုံဖော်နေသူများ အားလုံးနှင့် မိတ်ဆွေဖြစ်သည်။ ဆိုလိုရင်းမှာ စစ်အစိုးရ၏ KIO အား စံပြအဖြင့်ချေမှုန်းရေးမှာ စစ်မှန်သော ပြည်ထောင်စုလိုလားသူ လက်နက်ကိုင်၊ လက်နက်မဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအားလုံးတို့ကိုပါ စစ်ကြေငြာ လိုက်သလို ဖြစ်နေသည်။

စစ်အစိုးရသည် ၎င်းတို့မှတစ်ပါး ကျန်လူတန်စားအားလုံးကို လူသားအဖြစ်မမြင်

ယနေ့တိုင် စစ်အစိုးရသည် ၎င်းတှိ့ လက်တဆုတ်စာ အာဏာရှိသူများမှအပ ကျန်ရှိနေသည့် ပြည်သူလူထုများကို တန်ဖိုးထားခြင်း မရှိခြင်းကို အထက်ပါ ဦးသိန်းစိန်၏ ပြောဆိုချက်က သက်သေထူနေသည်။ ၎င်းတို့ကိုယ်ကို မင်းမျိုးမင်းနွယ်အဖြစ်ခံယူထားပြီး ကျန်လူတန်းစားများအား ကျွန်ပေါက်များသဖွယ်သဘောထားကာ နေပြည်တော်အတွက် အခွန်ခံစေခြင်း၊  ၎င်းတို့ရာဇသံ နာခံလိုက် လျှောက်စေခြင်း၊ ရှိခိုးကိုးကွယ်စေခြင်းကဲ့သို့ တိရိစ္ဆာန် သာသာဆက်ဆံသည်။

မြန်မာစစ်ခေါင်းဆောင်များက ၎င်းတို့မှအပ ကျန်လူတန်းစားများကို လူရိုင်း၊ တိရိစ္ဆာန်၊ အသိဥာဏ်မဲ့သူများ၊ လူပြိန်း၊ လူနုံ၊ လူအ၊ လူပေ၊ လူတေ များအဖြစ်သာ ယနေ့အထိ ထင်မြင်နေဆဲဖြစ်သည်။ KIO ကိုလည်း ထိုနည်းတူ မြင်နေခြင်းဖြစ်သည်။ ထို့ကြောင့် KIO မှ “စစ်မှန်သောပြည်ထောင်စု” ဟု စံနှုန်းထား ဆိုစေကာမူ စစ်အစိုးရမှာ “လူလားမမြောက်သေးသောသူများ၏ အဆင့်မရှိသော တောခြောက်သံ” အဖြစ်သာ ပမာမခန့် ထင်မြင်နေဆဲဖြစ်သည်။

ထို့အပြင် စစ်အစိုးရ၏ ဒီမိုကရေစီသည် ၎င်း၏ ကွဲပြားသောတိုင်းရင်းသားလူမျိုးများအား လူမျိုးသုန်းသတ်ဖြတ်ခြင်း (Heterogeneous Genocide) သာဖြစ်သည်။

ယနေ့ စစ်အစိုးရလမ်းခင်းနေသည့် အာဏာရှင်ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြည်သူများ ဆက်လက် လိုက်လျှောက်နေမည်လော။  စစ်အစိုးရ၏ ခြောက်လှန့်၊ သတ်ဖြတ်ခြင်းက တစ်မျိုး ချော့မြူ၊ ဖင်ပုတ်ခေါင်းပုတ် မြှောက်ပင့်ပြောဆို ဆက်ဆံခြင်းကတစ်ဖုံ နောက်ဆုံး မျိုးဖြုတ်သတ်ဖြတ်ခံရမည့်ဘ၀တွင် ပြည်သူများ ဆက် အသက်ရှင်နေထိုင်ကြမည်လော။ စိတ်ပိုင်းဖြတ်ကာ အဖြူအမည်း ဆုံးဖြတ်ရန် လိုအပ်ပြီဖြစ်သည်။ KIO သည် စစ်မှန်သောပြည်ထောင်စုအတွက် ကြိုးပမ်းနေပြီဖြစ်သည်။

အမှန်တရားဘက် လိုက်လျှောက်ခြင်း မရှိသူများအတွက် ခေတ်ကာလကုန်ဆုံးတော့မည်ဖြစ်သည်။ ယနေ့ KIO နှင့် ကချင်အမျိုးသား များသည် ရှောင်လွှဲ၍ မရသောမျက်မှောက်ကာလတွင် ၎င်းတို့ထင်မြင်ယူဆနေသလို မိမိတို့သည် လူရိုင်း တိရိစ္ဆာန်များ သာသာ လော။ လူနုံ လူအ လူပြိန်းများ ဖြစ်နေသလော။ သို့မဟုတ် ထိုအချက်များနှင့် ဆန့်ကျင်ဖက်များဖြစ်သည့် ပညာရှိများ ဖြစ်နေသလော ဆိုသည် ကိုမူ လက်တွေ့ပြသရန် အချိန်ကျရောက်လာပြီဖြစ်သည်။

KIO အနေနှင့်လည်း စစ်အစိုးရနှင့် နည်းမျိုးစုံ၊ အကြိမ်မရေမတွက်နိုင်အောင် တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့သော်လည်း အရာမထင် ဖြစ်ခဲ့သည့် အပြင် KIO နှင့် ကချင်လူထုသည် နအဖ စစ်အစိုးရ၏ လှည့်ဖျားသွေးဆောင်နေမှုအောက် အသက်ရှင်သန်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ တစုံတရာ ပြောင်းလဲမှု အဘယ်မျှရှိခဲ့သနည်းဆိုသည်ကို သုံးသပ်သင့်သည်။

KIO မည်သူနည်းဟူသောမေးခွန်းအတွက်အဖြေမှာ ကြေညာချက် ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ ဦးသိန်းစိန်၏ KIO အား ချေမှုန်းရေး ခေါင်းစဉ်သည် “လူသားတိုင်း အသက်ရှင်သန်ခွင့်ရှိသောဒီမိုကရေစီနှင့် ပြောင်းပြန်” ဖြစ်နေသည်။

ထို့ကြောင့် KIO သည် မည်သူမည်ဝါဖြစ်ကြောင်း၊ ကချင်အမျိုးသားများသည် မည်သူမည်ဝါဖြစ်ကြောင်း သမိုင်းတွင် ကဗ္ဗည်းတင်ရန်နှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ဖို့ရန် အချိန်ကျရောက်လာပါပြီ။

Most read this week