စစ်အစိုးရ မဲရုံ စောင့်ကြည့်ရေး သင်တန်းတက်ရောက်သူများ နားမလည်

စစ်အစိုးရ မဲရုံ စောင့်ကြည့်ရေး သင်တန်းတက်ရောက်သူများ နားမလည်

ရွေးကောက်ပွဲကော်မရှင်မှ လူထုအား  မဲရုံစောင့်ကြည့်ရေး ပညာပေးသင်တန်း  ပို့ချပေးခဲ့ရာ တက်ရောက်သူများ အနေနဲ့ နားလည်သဘောပေါက်မှု မရှိ....

 

ရွေးကောက်ပွဲကော်မရှင်မှ လူထုအား  မဲရုံစောင့်ကြည့်ရေး ပညာပေးသင်တန်း  ပို့ချပေးခဲ့ရာ တက်ရောက်သူများ အနေနဲ့ နားလည်သဘောပေါက်မှု မရှိကြောင်း သင်တန်းတက်ခဲ့သူများ ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမဆောင်တွင် စက်တင်ဘာ ၁၂ ရက်နေ့၌ မနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ရွေးကောက်ပွဲဆိုင်ရာ မဲရုံစောင့်ကြည့်ရေး ပညာပေး သင်တန်းကို တစ်ရက် ပြုလုပ်ခဲ့သည်။

“အချိန်က အရမ်းတိုတယ်၊ သရုပ်ပြမှုကို တစ်ခါပဲ လုပ်လိုက်ရတယ်၊ လူအရမ်းများတယ် ဆိုတော့ ဘာမှ ကောင်းကောင်း မသိလိုက်ရဘူး” ဟု တက်ရောက်သူ တစ်ဦးမှ ပြောသည်။
0530-voter
ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကော်စီ (ပယက) အတွင်းရေးမှူး၊ ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ လူကြီးများနှင့် ဝါရင့် ရှေ့နေများမှ ဦးဆောင်ကာ သင်တန်းပို့ချခဲ့ခြင်း ဖြစ်သည်။

၎င်းသင်တန်း တက်ရောက်ခဲ့သူ ၅၂၂ ယောက် ရှိပြီး အများဆုံးမှာ  ပညာရေး ဝန်ထမ်းများ ဖြစ်သော ကျောင်းဆရာ/ ဆရာမများသာ ဖြစ်ကြောင်း သိရ သည်။

“ကျောင်းဝတ်စုံတွေနဲ့ သင်တန်း လာတက်ကြတယ်၊ အရပ်သား ဝတ်စုံတော့ သိပ်မတွေ့ရဘူး” ဟု သင်တန်း တက်ရောက်သူမှ ဆက်ပြောသည်။

မြစ်ကြီးနားမြို့အတွင်းရှိ ရွှေစက်ရပ်ကွက်မှ  ရွေးကောက်ပွဲ အကြောင်း မသိသော အဒေါ်ကြီး တစ်ယောက် အားလည်း ရပ်ကွက် လူကြီးမှ မဲရုံစောင့်ကြည့်ရန်အတွက် တာဝန်ပေးနေကြောင်း ၎င်းအဒေါ်ကြီးမှ ပြောသည်။

“ရပ်ကွက် ဥက္ကဌ လာခေါ်တယ်၊ ကျမက ဘာမှ မသိဘူး၊ သူတို့ ပြောတော့လည်း လုပ်ရမှာပေါ့” ဟု ရယက လူကြီးဆင့်ခေါ်မှုအပေါ် သဘောတူခဲ့ရကြောင်း ပြောသည်။

ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) မှ ဦးအောင်ဝါက “သူတို့ အဓိက သင်တန်း လုပ်တာက သူတို့ လူတွေပဲ။ အရင် ၂၀၀၈ တုန်းကလဲ သူတို့ လူတွေကိုသာ မဲရေတာ။ မဲရုံစောင့်ကြည့်တာတွေ သင်တန်းပေးခဲ့တယ်။ အရင် လည်း အဲလိုလုပ်တယ်။ အခုလည်း အဲလိုပဲ လုပ်ချင်လို့ မဲရုံစောင့်ကြည့်ရေး သင်တန်းပေးတာပါ။ သူတို့ မူဝါဒ အောင်မြင်ဖို့ လုပ်တာပါ။ သူတို့ လူအတွက်ပဲပေါ့” ဟု ပြောသည်။

စစ်အစိုးရမှ မဲရုံ စောင့်ကြည့်သူများအတွက် အချိန်တိုအတွင်းသာ ပညာပေး ပို့ချပေးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် သင်တန်းတက်ရောက်သူများဟာ ဘာမှ နားလည် သိရှိမှု မရှိခြင်း ဖြစ်သည်ဟု တက်ရောက်ခဲ့သူများ ပြောနေ ကြသည်။

စစ်အစိုးရပိုင် သတင်းစာများမှ ရွေးကောက်ပွဲကော်မရှင်က ရှမ်း၊ မွန်၊ ချင်း၊ ကယား(ကရင်နီ)၊ စကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန် စသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အဆင့်ဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် ချပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲ ကျင်းပရန် တစ်လကျော်သာ ကျန်ရှိချိန် ရွေးကောက်ပွဲ ကော်မရှင်မှ မဲရုံစောင့်ကြည့်ရေး ပညာပေးမှုများ လုပ်ဆောင်ပေးနေခဲ့သော်လည်း လူထုအား မဲထည့်ခြင်းဆိုင်ရာ နည်းလမ်းများကိုမူ ယခုထိ ပညာပေးမှု မရှိသေးပါ။

 

 

 

 

 

Most read this week