ကချင်ပြည်နယ်မြို့နယ် ထက်ဝက်တွင် ရွေးကောက်ပွဲ ပယ်ဖျက်

ကချင်ပြည်နယ်မြို့နယ် ထက်ဝက်တွင် ရွေးကောက်ပွဲ ပယ်ဖျက်

မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်သည် တိုင်းရင်းသားပြည်နယ် ၅ ခု ကချင်၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်းတို့မှ  ၃၂ မြို့နယ်အတွင်း ရွေးကောက်ပွဲ ပယ်ဖျက်....

မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်သည် တိုင်းရင်းသားပြည်နယ် ၅ ခု ကချင်၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်းတို့မှ  ၃၂ မြို့နယ်အတွင်း ရွေးကောက်ပွဲ ပယ်ဖျက်ခဲ့ကြောင်း စက်တင်ဘာ ၁၆ တွင် ကြေငြာခဲ့သည်။

ကချင်ပြည်နယ်ရှိ စုစုပေါင်း ၁၈ မြို့နယ်မှ ၉ မြို့နယ်အတွင်း အထူးသဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ဒေသများတွင် ရွေးကောက်ပွဲ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

ချီဖွေ၊ ဝိုင်းမော်၊ အင်ဂျန်းယန်၊ ဆော့လော်၊ တနိုင်း၊ ဆွမ်ပရာဘွမ်၊ မန်စီ၊ မိုးမောက်၊ ရွှေကူ မြို့နယ်များမှ ကျေးရွာအုပ်စုပေါင်း ၆၈ ခု ပါဝင်သည်။
kachin-state_0920
သို့သော် မိုးမောက်၊ တနိုင်း၊ အင်ဂျန်းယန်၊ ချီဖွေ မြို့နယ်အတွင်း စစ်အစိုးရနှင့် ကြံ့ဖွတ်ပါတီ လက်ဝေခံ UDPKS (စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်၊ စဒက) မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသော မဲဆန္ဒနှယ်အတွင်းရှိ ကျေးရွာ အုပ်စုများမှာ ရွေးကောက်ပွဲကော်မရှင်၏ ပယ်ဖျက် စာရင်းတွင် မပါပါ။

ပယ်ဖျက်လိုက်သည့် ဒေသများသည် စစ်အစိုးရနှင့် ဆက်နွယ်သည့် ပါတီများ မဲဆွယ်စည်းရုံးနိုင်ခြေ မရှိသည့် နယ်မြေများ ဖြစ်သည်ဟု ပါတီရွေးကောက်ပွဲ ၀င်ခွင့် မရသည့် မြစ်ကြီးနားမှ ကချင်ပြည် တိုးတက်ရေးပါတီ (KSPP) အတွင်းရေးမှူး ဦးလုန်ဂျုံတူးရောက ပြောသည်။

တရုတ်-မြန်မာနယ်စပ် တစ်နေရာမှ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) တာဝန်ခံ ဦးအောင်ဝါက “ဒီနယ်မြေမှာ ဆိုရင် အဓိက နအဖကို ဆန့်ကျင်တော့ စိုးရိမ်ပုံရတယ်။ ဒါကြောင့်မို့ ဒီနယ်မြေမှာ ရွေးကောက်ပွဲကို မကျင်းပခြင်း ဖြစ်တယ်” ဟု သူ့အမြင် ပြောပြသည်။

ယခု ရွေးကောက်ပွဲ ကျင်းပခြင်း ပယ်ဖျက်ခံရသည့် ဒေသ အများစုတွင် ယခင် KIO ၏ ကူညီပူးပေါင်းဆောင်ရွက် မှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲကို ကျင်းပနိုင်ခဲ့သည်။

“ဒီအစိုးရက သူတို့ ကြိုက်တာ လုပ်နေကြတာပဲ။ ငါတို့ နည်းနည်းတောင် ဝင်မပါချင်ပါဘူး။ ငါတို့ တိုင်းရင်းသား တွေကို သူတို့ ဘေးဖယ်ထားကြတယ် ဆိုတော့ ငါတို့လည်း စိတ်မဝင်စားပါဘူး” ဟု ၀ိုင်းမော်မြို့နယ် ကေအိုင်အို ထိန်းချုပ်ဒေသမှ ဒေသခံတစ်ဦး ပြောသည်။

သူသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပစဉ်က ယခု ရွေးကောက်ပွဲ ပယ်ဖျက်ဒေသမှ မဲထည့်ခဲ့ဖူးသူလည်း ဖြစ်သည်။

အင်ဂျန်းယန်မြို့နယ်မှ ပြည်သူ တစ်ဦးကလည်း ယခု ပယ်ဖျက်မှုအပေါ် “ရွေးကောက်ပွဲ လုပ်လည်း၊ မလုပ်လည်း၊ သူတို့ နိုင်မှာပါ။ ပြောစရာ စကားတောင် မရှိတော့ဘူး” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် စစ်အစိုးရနှင့် ဆက်စပ်ခြင်း မရှိသည့် မည်သည့် ပါတီနှင့် မည်သည့် တသီးပုဂ္ဂလ ယှဉ်ပြိုင်သူ ကိုမျှ ကော်မရှင်မှ ရွေးကောက်ပွဲ ၀င်ခွင့် မပြုပါ။

 

 

 

 

Most read this week