KIO တပ်ဖွဲ့ဝင်များ ခရီးသွားလာရေး ကန့်သတ်ခံရ

KIO တပ်ဖွဲ့ဝင်များ ခရီးသွားလာရေး ကန့်သတ်ခံရ
by -
ဇော်ကြီး

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းပယ်ခဲ့ပြီးနောက် ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO အနေနှင့် ဒေသတွင်း ခရီးသွားလာရေး ကန့်သတ်ခံနေရ....

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းပယ်ခဲ့ပြီးနောက် ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO အနေနှင့် ဒေသတွင်း ခရီးသွားလာရေး ကန့်သတ်ခံနေရသည်။

KIO ဌာနချုပ်ရှိရာ တရုတ်ပြည်နယ်စပ် လိုင်ဇာဒေသနှင့် KIO အဖွဲ့ ရုံးစိုက်ရာ မြို့များသို့ သွားလာမှုများကို စစ်အစိုးရက ယခုရက်ပိုင်းအတွင်း ကန့်သတ်ခဲ့သည်ဟု အဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဆင်ဝါးက ယခုလို ပြောသည်။

“မြို့ဖက်ခရီးသွားလာရေးကို ကန့်သတ်တာပါ။ သူတို့ အစိုးရ အုပ်ချုပ်တဲ့ ဖက်ကို ကျနော်တို့ကို သွားလာရေး အရင်ကလို ခွင့်မပြုတော့တာပေါ့။ ခွင့်ပြုချက် တောင်းခံပြီးမှ သွားလို့တော့ ပြောတယ်။ ဒါပေမယ့် ခွင့်ပြုချက်က တောင်းရင်လည်း မပေးဘူးပေါ့။ အဲလိုဆိုတော့ မသွားနဲ့ ဆိုတဲ့ သဘောပေါ့။”

ယခင်က KIO တပ်ဖွဲ့ဝင်များ ခရီးသွားလာမည် ဆိုပါက စစ်ဖက်ရေးရာ လုံခြုံရေးမှတဆင့် မြောက်ပိုင်းတိုင်း တိုင်းမှူးထံ ကြိုတင်ခွင့်ပြုချက် တောင်းခံရသည်။

ယခုလို ကန့်သတ်လိုက်သည့်အပေါ် မြို့ပေါ် ဆက်ဆံရေး ရုံးများနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ဆက်သွယ်ရာ၌ “အခုလောလော ဆယ်တော့ ကျနော်တို့ အထဲမှာ လုပ်နေတဲ့ သူတွေကတော့ ပုံမှန်အတိုင်းပဲ ရှိနေပါသေးတယ်။ လူကိုယ်တိုင် သွားပြီး ဆက်သွယ်မှုတော့ အခက်အခဲ ရှိသွားတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံငြင်းပယ်ခဲ့သည့်အတွက် KIO အနေနှင့် ယခုလို ကန့်သတ်ခံရခြင်း ဖြစ်ပြီး ရေရှည်၌ အခက်အခဲ ဖြစ်လာနိုင်သည်ဟု ကချင်ပြည်နိုင်ငံရေးကို လေ့လာစောင့်ကြည့်နေသည့် ဦးအောင်ဝါက ယခုလို သုံးသပ်ပြောဆိုသည်။

“တဖြည်းဖြည်းနဲ့တော့ ဆက်ဆံရေးကတော့ ကျဲလာမယ့် အပိုင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကေအိုင်အို အနေနဲ့တော့ သူတော့ အတတ်နိုင်ဆုံး ညှိနိုင်းဆောင်ရွက်တဲ့ အပိုင်းတွေ ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်လာမလဲတော့ မသိဘူး။ အခု တဖြည်းဖြည်းနဲ့တော့ ကန့်သတ်တဲ့ အပိုင်းတွေ ရှိလာတယ်။ ဒါကြောင့်မို့ ဒီလိုသာ ကန့်သတ်မယ် ဆိုရင်တော့ ရေရှည်မှာ ကျတော့ အခက်အခဲတွေနဲ့ ပိုမိုတင်းမာလာတဲ့ အပိုင်းမျိုးတော့ ဖြစ်ပါလိမ့်မယ်။”

ထို့အပြင် KIO ဌာနချုပ် လိုင်ဇာမြို့နှင့် အနီးဆုံး ဖြစ်သည့် စစ်အစိုးရ၏ ဒေသခံခြေလျှင် တပ်ရင်း ခလရ (၁၄၂) အခြေစိုက်ရာ လဂျားယန် ဂိတ်စခန်း၌ ယခုရက်ပိုင်းအတွင်း သံဆူးကြိုးများ ကာရံ၍ စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများ အခက်အခဲ ဖြစ်နေသည်ဟု လိုင်ဇာဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“တောထဲ ၀င်ပြီး ဟင်းသီးဟင်းရွက် သွားရှာတဲ့ သူတွေနဲ့ တောင်ယာသွားတဲ့ သူတွေတော့ ခက်ကုန်တော့တာပေါ့။ တောထဲ ၀င်ဖို့ သူတို့ ကန့်သတ်ထားလိုက်တဲ့ သဘော ရှိတယ်။”

လတ်တလောအခြေအနေအရ စစ်အစိုးရတပ်များ အနေနှင့် သိသာထင်ရှားသည့် စစ်ရေးလှုပ်ရှားမှု မရှိသေးသော်လည်း KIO ဌာနချုပ်အနီးရှိ ၎င်းတို့၏ တပ်စခန်း ငယ်လေးများအား ပြန်လည်ရုတ်သိမ်း၍ စုစည်းထားသည်ဟု သတင်းရသည်။

 

 

 

 

Most read this week