ကြံ့ဖွတ်ပါတီက မှတ်ပုံတင်၊ အိမ်ထောင်စု အခမဲ့လုပ်ပေးကာ လူထုမဲဆွယ်နေ

ကြံ့ဖွတ်ပါတီက မှတ်ပုံတင်၊ အိမ်ထောင်စု အခမဲ့လုပ်ပေးကာ လူထုမဲဆွယ်နေ

မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ် နမ္မတီးမြို့တွင် စစ်အစိုးရ၏ကြံ့ဖွတ်ပါတီ (USDP) က ဒေသခံပြည်သူများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုများ အခမဲ့လုပ်ပေးသည့်စနစ်ဖြင့် မဲဆွယ်စည်းရုံး....

မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ် နမ္မတီးမြို့တွင် စစ်အစိုးရ၏ကြံ့ဖွတ်ပါတီ (USDP) က ဒေသခံပြည်သူများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုများ အခမဲ့လုပ်ပေးသည့်စနစ်ဖြင့် မဲဆွယ်စည်းရုံး နေပါသည်။

စက်တင်ဘာ ၇ ရက် အင်္ဂါနေ့မှစ၍ “ကြံဖွတ်ပါတီဝင်ကဒ် ပြုလုပ်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားမှတ်ပုံတင် ကဒ်ပြားများ အခမဲ့လုပ်ပေးမည်” ဟု စည်းရုံးလာကြောင်း ဒေသခံများ ပြောသည်။

”မှတ်ပုံတင်လုပ်ပေးမယ်။ အိမ်ထောင်စုလုပ်ပေးမယ်။ ဒီကလူတွေတော့ ငွေမကုန်ပဲ လုပ်ယူနိုင်တယ် ဆိုတော့၊ လူတွေက ကိုယ့်အတွက်လည်း အကျိုးရှိတယ်၊ ခရီးထွက်ရင်လည်း အကျိုးရှိတယ် ဆိုပြီးတော့ လုပ်ကြတယ်။” ဟုဒေသခံတစ်ဦး ပြောပြပါသည်။
100910-usdp-card
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာယကအဖြစ် ကြီးမှူးခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးအသင်း (USDA) ကို “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ” (ကြံ့ဖွတ်ပါတီ) အဖြစ်ပြောင်းလဲပြီး ရွေးကောက်ပွဲအတွက် မဲဆွယ် နေခြင်းဖြစ်သည်။

ကြံ့ဖွတ်ပါတီသည် နမ္မတီးရပ်ကွက်လူကြီးများကို ၎င်းတို့ပါတီအတွက် လူထုစည်းရုံးရေးများလုပ်ဆောင်စေပြီး၊ ပါတီဝင် ကဒ်ရပြီးသူတိုင်း ကိုလည်း တစ်ဦးလျှင် နောက်ထပ်လူ ၄/၅ ယောက်ရအောင် ပြန်စည်းရုံးခိုင်းနေကြောင်း ဒေသခံများမှ သိရသည်။

ရွေးချယ်စရာ အခွင့်အရေးမရှိသည့် ဒေသခံပြည်သူများအနေဖြင့် “ကြံ့ဖွတ်ပါတီဝင်ကဒ်သည် မှတ်ပုံတင်ထက် ပိုအရေးပါပြီး ခရီးသွားလာရာတွေ အသုံးဝင်လှသဖြင့် ၎င်းကဒ်ကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း” သိရသည်။

“ဒေသခံတွေက ဘာမှန်းတောင်မသိကြပါဘူး။ နည်းနည်းနားလည်တဲ့လူတွေတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နိုင်အောင်၊ မတရားသဖြင့်လည်း သူတို့လုပ်မယ်ဆိုတော့၊ ငါတို့ ထူးထူးခြားခြား တခြားတော့ မလုပ်နိုင်ဘူး။ ၃/၄ နှစ်တော့ သူတို့ နိုင်အောင် သူတို့လုပ်မှာ။ အဲတာကြောင့် သူတို့လုပ်ပေးတဲ့ဒီကဒ်က အကျိုးရှိတယ်။ သုံးလို့ရတယ် ဆိုလို့တာ လုပ်နေ ကြတာ။” ဟု ဒေသခံမှ ဆက်ပြောသည်။

ကြံ့ဖွတ်ပါတီဝင်ကဒ်၌ ဓါတ်ပုံနဲ့ တကွ အမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်များပါရှိသည်။

ပါတီဝင်ကဒ်ကိုနောက်ထပ် တစ်လနီးပါးဆက်လက်လုပ်ပေးမည်ဖြစ်ပြီး ယခုလက်ရှိ နမ္မတီးမြို့တွင် ယင်းကဒ်ပြုလုပ်ထားသူ အယောက် ၃၀၀၀ နီးပါး ရှိပြီ ဖြစ်ကြောင်း သိရသည်။

USDP ပါတီသည် ကြံ့ဖွတ်အသင်းကို ကြံ့ဖွတ်ပါတီအဖြစ် မတ်လ ၂၉၊ ၂၀၁၀ တွင် ပြောင်းလဲဖွဲ့စည်းပြီး ဇွန် ၈ ရက်နေ့တွင် တရားဝင်ပါတီဖြစ်လာသည်။ ကြံ့ဖွတ်အသင်း (USDA) ကို ၁၉၉၃ စက်တင်ဘာ ၁၅ တွင် ဖွဲ့စည်းကာ ပါတီအဖြစ်သို့ မပြောင်းခင် အသင်းဝင် ၂၆ သန်း ကျော် ရှိသည်။ ယင်းကိန်းဂဏန်းသည် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော် ဖြစ်သည်။

လာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီ (USDP) သည် ပါတီကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော် ယှဉ်ပြိုင်မည်ဖြစ်သည်။

Most read this week