KSPP ခေါင်းဆောင်များ တသီးပုဂ္ဂလလို ရွေးကောက်ပွဲ ၀င်မည်

KSPP ခေါင်းဆောင်များ တသီးပုဂ္ဂလလို ရွေးကောက်ပွဲ ၀င်မည်

ကချင်တိုးတက်ရေးပါတီ (KSPP) ပါတီသည် ပါတီမှတ်ပုံတင် မရရှိနိုင်တော့သဖြင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် တွေအဖြစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်.....

ကချင်တိုးတက်ရေးပါတီ (KSPP) ပါတီသည် ပါတီမှတ်ပုံတင် မရရှိနိုင်တော့သဖြင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် တွေအဖြစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် သြဂုတ်၂၉ ရက်နေ့ စာရင်း ပေးပြီး ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်၏ ကိုယ်စားလှယ်လောင်းအမတ် လျှောက်လွှာ တင်ရန် သက်မှတ်ထားသည့် သြဂုတ် ၃၀ ရက်နေ့ ကျော်လွန်သွားပြီ ဖြစ်၍ KSPP ပါတီ နိုင်ငံရေး မှတ်ပုံ မရရှိနိုင်တော့ကြောင်း ပါတီအဖွဲ့ဝင် တစ်ဦးမှ ပြောသည်။
080410-dr_tu_ja
KSPP ပါတီမှ တသီးပုဂ္ဂလ ကိုယ်စားလှယ် အနေဖြစ် ဒေါက်တာ တူးဂျာ အပါအဝင် ပါတီခေါင်ေးဆာင်၁၂ ဦး သည် မြစ်ကြီးနား၊ ဗန်မော်၊ ၀ိုင်းမော်၊ ပူတာအို၊ အင်ဂျန့်ယန်၊ ဆွမ်ပရာဘွမ် စသည့် နေရာများတွင် ပါဝင်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

၎င်းကချင်ပါတီမှ အတွင်းရေးမှုး ဦးမီထွယ်ဇော်လတ်နှင့်အတူ အဖွဲ့ဝင်၂ ဦး ပြီးခဲ့သည့် အပတ် သြဂုတ်၂၉ ရက်နေ့တွင် ပူတာအိုသို့ မဲဆန္ဒနယ်တွင် ဝင်ဖို့ သွားရောက်ပြီး ဖြစ်သည်။ အဖွဲ့ဝင် လမိုင်ဂွမ်ဂျာသည်လည်း မြစ်ကြီးနား မြို့နယ်မှ မဲဆန္ဓနယ်မြေတွင် တသီးပုဂ္ဂလဖြင့် ပါဝင်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ KSPP အနေနဲ့ ကချင်ပြည်သူတွေကို အများကြီး စည်းရုံးထားပြီ ဖြစ်လို့ တကယ် အရွေးခံတဲ့ အချိန်မှာ KSPP အနေနဲ့ ပါဝင်မှု မရှိလာရင် မကောင်းဘူးဗျာ။ ကျွန်တော်တို့ကို ကချင်ပြည်သူတွေ အနေနဲ့ တိုက်တွန်းလို့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်” ဟု ပါတီအလုပ်အမှုဆောင် တစ်ဦး ပြောသည်။

KSPP ပါတီသည် ကေအိုင်အိုမှ ဒေါက်တာ တူးဂျာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးတို့ ပြီးခဲ့သည့်နှစ် စက်တင်ဘာလဆန်းပိုင်း၌ ကေအိုင်အိုမှ နှုတ်ထွက်ခဲ့ပြီး လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ ဝင်ပြိုင်ရန် KSPP ပါတီကို တည်ထောင်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်ထံ ဧပြီ ၅ ရက်နေ့ကတည်းက ပါတီမှတ်ပုံတင် လျှောက်ထားခဲ့သော်လည်း ကော်မရှင်မှ KSPP ပါတီနှင့်အတူ အခြားကချင်ပါတီ ၃ ပါတီတို့ကိုလည်း နိုင်ငံရေး မှတ်ပုံတင် မချပေးခဲ့ပါ။

KSPP ပါတီသည် ကေအိုင်အိုနဲ့ ဆက်စပ်နေသော ကချင်ပါတီတစ်ခု ဖြစ်သောကြောင့် ပါတီတည်ထောင်ခွင့် ပြုမည် မဟုတ်ဟု အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်း ပြောကြားခဲ့သော်လည်း KSPP ပါတီ အနေနဲ့ ပါတီမှတ်ပုံတင် ရရန် ဆက်လက်စောင့်မျှော်ခဲ့ခြင်း ဖြစ်သည်။

ကိုယ်စားလှယ်လောင်း စာရင်းသွင်းရန် ရက်ကျော်လွန်ခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်မှ “ပြန်ကြားတဲ့ စာတွေ၊ ဖုန်း ဘာမှ မလာ” ကြောင်း ပါတီဝင် တစ်ဦးမှ ပြောသည်။

လာမည့် နိုဝင်လာလ ၇ ရက်နေ့ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် နှိုင်ငံရေး မှတ်ပုံတင်ရ ပါတီမှာ ၄၂ ပါတီ ဖြစ်ပြီး အမတ်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသည်မှာ ၃၂ ပါတီသာ ရှိသည်။

 

 

 

 

 

Most read this week