လောမြန်မာနယ်စပ်ရှိ စစ်အစိုးရ တပ်များအား နယ်ခြားစောင့်တပ်ဖွဲ့နှင့် အစားထိုး

လောမြန်မာနယ်စပ်ရှိ စစ်အစိုးရ တပ်များအား နယ်ခြားစောင့်တပ်ဖွဲ့နှင့် အစားထိုး
by -
ဇော်ကြီး

လောမြန်မာနယ်စပ်ရှိ မြန်မာစစ်အစိုးရ တပ်စခန်းများအား  မကြာသေးမီက အသစ် ဖွဲ့စည်းထားသည့် ဒေသခံ နယ်ခြားစောင့်တပ်ဖွဲ့များနှင့် အစားထိုး.....

လောမြန်မာနယ်စပ်ရှိ မြန်မာစစ်အစိုးရ တပ်စခန်းများအား  မကြာသေးမီက အသစ် ဖွဲ့စည်းထားသည့် ဒေသခံ နယ်ခြားစောင့်တပ်ဖွဲ့များနှင့် အစားထိုးလိုက်သည်။

မဲခေါင်မြစ် တလျှောက်ရှိ မြန်မာစစ်အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ ၅၇၁ နှင့် ၅၇၂ တို့ လှုပ်ရှားရာ ဒေသများအား ဒေသခံ လားဟူ ပြည်သူ့စစ်အဖွဲ့တစ်ခု ဖြစ်သည့် နယ်ခြားစောင့် တပ်ရင်းနံပါတ် ၁၀၀၉ နှင့် ယခုလ(၂၈) ရက် နေ့က အစားထိုးလိုက်သည်ဟု ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“နယ်ခြားစောင့် တပ်ရင်း အမှတ် ၁၀၀၉ က ခရီးထွက်သွားပြီ အကုန်လုံး။ နယ်စပ်ဖက် သွားမယ်လို့ ပြောတယ်။ လောနဲ့ မြန်မာနယ်စပ်လေ။ အရင်က အဲဒီနေရာမှာ ခမရ (၅၇၂၊၅၇၁) နေတာလေ။ အခု အဲဒီတပ်ရင်းတွေက နောက်တန်းပြန်ခဲ့ပြီ။ လားဟူတပ်နဲ့ အစားထိုးလိုက်တာပေါ့။”

နယ်ခြားစောင့်တပ်ရင်း ၁၀၀၉ တွင် လားဟူ အမျိုးသား ဗိုလ်မှူး ကျော်စိုးက တပ်ရင်းမှူး တာဝန်ယူထားပြီး ဒုရင်းမှူးတာဝန်အား စစ်အစိုးရတပ်မှ ဗိုလ်မှူး မြင့်သက်ဦးက တာဝန်ယူထားကာ တပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့် ရှိသည်ဟု သိရသည်။

ယင်းဒေသသည် မူးယစ်ဆေးခေါင်းဆောင် နော်ခမ်း ဦးဆောင်သည့် အဖွဲ့များ လှုပ်ရှားနေပြီး တိုက်ပွဲငယ်များ မကြာခနဆိုသလို ဖြစ်ပွားလေ့ရှိသည်။ ယခု လုပ်ရပ်သည် နယ်ခြားစောင့် တပ်ဖွဲ့များအား မူးယစ်ဆေးဝါး လုပ်ငန်းကို ပြုလုပ်နိုင်ရန် စစ်အစိုးရမှ တဖက်လှည့် နည်းဖြင့် ခွင့်ပြုလိုက်ခြင်းသာ ဖြစ်သည်ဟု တာချီလိတ်မြို့ခံ တစ်ဦးက ယခုလို ပြောသည်။

“သူတို့အတွက် လုပ်ခွင့် ပေးလိုက်တာပေါ့။ တကယ့် အစစ်အမှန် အဖွဲ့တွေ ထားရင်တော့ သူတို့ လုပ်ရင် သူတို့ ပြုတ်မှာလေ။ အခုလို လုပ်လိုက်တော့ အရေးယူဖို့လည်း မသင့်တော်ဘူး၊ လုပ်ပါလို့လည်း အမိန့် မပေးချင်တော့ မယုတ်မလွန် ပုံစံလေးနဲ့ ခွင့်ပေးလိုက်တာပေါ့။”

ထိုင်းနှင့်လော နိုင်ငံများသို့ နှစ်စဉ် ၀င်ရောက်နေသည့် မူးယစ်ဆေး အများစုမှာ ထိုဒေသမှ ဖြတ်သန်းလာခြင်း ဖြစ်ပြီး ဒေသခံ အာဏာပိုင် အဖွဲ့အစည်းများ အပါအ၀င် ပြည်သူ့စစ် တပ်ဖွဲ့များနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် သူများသည် ယခင်ကတည်းက ဆက်စပ်မှု ရှိနေသည်ဟု ရှမ်းသံတော်ဆင့်သတင်းဌာန လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

သို့သော် မူးယစ်ဆေးဝါးမှရသည့် အကျိုးအမြတ်များကို လားဟူ ပြည်သူ့စစ် တပ်ဖွဲ့များ အနေနှင့် အနည်းငယ်သာ ခံစားရနိုင်ပြီး အများအားဖြင့် ဒေသခံအာဏာပိုင် အဖွဲ့အစည်းများကသာ ခံစားရသည်ဟု ၎င်းက ဆက်ပြော သည်။

“အမြတ်အစွန်းတွေကို တဖက်တလှမ်းကနေ ရမှာကတော့ ဒေသခံ တပ်ရင်းမှူးတွေ တပ်ခွဲမှူးတွေကအစ ဗျူဟာမှူး ကနေ ကျိုင်းတုံတိုင်းမှူးအဆင့်အထိ အလိုအလျောက် သူတို့ လက်ဖျားငွေသီးမှာပေါ့ဗျာ”

ယင်းဒေသသည် အပစ်ရပ် မိန်းလားခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(NDAA) နှင့် အနီးစပ်ဆုံး ဖြစ်ပြီး ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း တပ်များလည်း လှုပ်ရှားနေသည့်အတွက် ယခု လုပ်ရပ်အပေါ် စစ်ရေး အရ ကြည့်လျှင် တိုင်းရင်းသား အချင်းချင်းကြား ရန်တိုက်ပေးလိုသည့် လုပ်ရပ်သာ ဖြစ်သည်ဟု ဦးစိန်ကြည်က သုံးသပ်ပြောဆိုသည်။

နယ်ခြားစောင့် တပ်ရင်းအမှတ် ၁၀၀၉ အား ဒေသခံပြည်သူ့စစ်များဖြင့် တာချီလိတ်ခရိုင် မိန်းကိုး ကျေးရွာအုပ်စု ဖတ်ဟိ ကျေးရွာတွင် ယခုနှစ် မေလ (၁၈) ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

 

 

 

 

 

 

 

 

 

Most read this week