KIO လက်နက် မချရန် ပြည်ပရောက် ကချင်အမျိုးသားများ တိုက်တွန်း

KIO လက်နက် မချရန် ပြည်ပရောက် ကချင်အမျိုးသားများ တိုက်တွန်း

ပြည်ပနိုင်ငံ အသီးသီးတွင် ရောက်ရှိနေသည့် မြန်မာပြည်မြောက်ပိုင်းမှ ကချင်အမျိုးသားများသည် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO ) လက်နက် မချရန် အလေးအနက် တိုက်တွန်း....

ပြည်ပနိုင်ငံ အသီးသီးတွင် ရောက်ရှိနေသည့် မြန်မာပြည်မြောက်ပိုင်းမှ ကချင်အမျိုးသားများသည် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO ) လက်နက် မချရန် အလေးအနက် တိုက်တွန်းခဲ့သည်။

မြန်မာစစ်အစိုးရထံ KIO လက်နက် မချရန် တိုင်းတစ်ပါး ၂၂ နိုင်ငံရောက် ကချင်အမျိုးသားများက သြဂုတ် ၂၇ ရက်စွဲဖြင့် “စုပေါင်းကြေငြာချက် တစ်စောင်” ကချင်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။
0525-gam-shawng
မလေးရှား၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ အင်္ဂလန်၊ စင်္ကာပူ၊ ဒိန်းမတ်၊ ဂျပန်၊ နော်ဝေး၊ သြစတြေးလျ၊ ဟော်လန်၊ နယူးဇီလန်၊ ဂျာမနီ၊ အစ္စရေး၊ အိန္ဒိယ၊  ဟောင်ကောင်၊ တရုတ်၊ ချက်၊ ဆွစ်ဇာလန်၊ ထိုင်း၊ ရိုးမေးနီးယား၊ ဆွီဒင်၊ ဖိလိပိုင်နိုင်ငံများတွင် ရောက်ရှိနေသော ကချင်အမျိုးသား များက ပူးပေါင်းထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ဤကြေငြာချက်ကို KIO ၏ “ရှေ့နိုင်ငံရေး လမ်းစဉ်ကို ဆုံးဖြတ်ချက် ပေးမည့် ပါတီကွန်ကရက် ညီလာခံကြီး” စတင်သော နေ့တွင် ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။

ကြေငြာစာတွင် သြဂုတ်လ ၂၂ ၊ မြန်မာစစ်အစိုးရမှ KIO အား လာမည့် စက်တင်ဘာ ၁ မှ  စတင်၍ လက်နက် အပ်နှံရန် ညွှန်ကြားချက်ကို ပြည်ပရောက် ကချင်အမျိုးသားများက “လုံးဝ လက်မခံဘဲ ကန့်ကွက်ကြောင်း” ဖော်ပြထားသည်။

ထို့အပြင် KIO သည် မြန်မာစစ်အစိုးရထံ လက်နက် မအပ်ဘဲ ကိုယ့်လူမျိုးနှင့် ကိုယ့်ဒေသ တည်တံ့ခိုင်မြဲရေး အတွက် ဆက်လက်ပြီး မှန်မှန်ကန်ကန်နှင့် စိတ်ဓာတ်ကျခြင်း မရှိဘဲ ဦးဆောင်ဦးရွက် ပြုသွားရန် လိုလားကြောင်း စာတွင် အကြံပြုထားသည်။

တစ်ဖက်တွင်လည်း KIO ၏ ကချင်အမျိုးသားများ လွတ်မြောက်ရေး ကြိုးပမ်းမှုအပေါ် ပြည်ပရောက် ကချင်များ စည်းစည်းလုံးလုံးဖြင့် မိမိတတ်နိုင်သည့် ဘက်က ပါဝင်ကူညီသွားမည် ဖြစ်ကြောင်း ကြေငြာစာတွင် ကတိပြု ထားသည်။

KIO သည် မြန်မာနိုင်ငံတွင် ‘၀’ တပ်ဖွဲ့ပြီးနောက် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပြီး ကချင်လက်နက်ကိုင် တပ်ဖွဲ့များတွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်မခံဘဲ တစ်ဖွဲ့တည်း ကျန်နေသည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ဖြစ်သည်။

ယခု ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် လိုင်ဇာဌာနချုပ်တွင် ကျင်းပနေသည့် KIO ပါတီကွန်ကရက်က ”KIO လက်နက်ချရေး၊ မချရေးနှင့် ရှေ့နိုင်ငံရေး လမ်းစဉ်” ကို ဆုံးဖြတ်သွားမည် ဖြစ်သည်။

 

 

 

 

 

Most read this week