ပဲခူးတိုင်းအတွင်း UMFNP ပါတီဝင်များ အနှောင့်အယှက်ပေးခံရ

ပဲခူးတိုင်းအတွင်း UMFNP ပါတီဝင်များ အနှောင့်အယှက်ပေးခံရ
by -
ဇော်ကြီး

ပဲခူးတိုင်း အနောက်ခြမ်း ရွှေတောင်မြို့နယ်၊ ပေါင်းကျိုးကျေးရွာတွင် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် (UMFNP) ပါတီမှ ပါတီလုပ်ငန်းများ ဆောင်ရွက်နေစဉ် အနှောင့်အယှက် ပေးခံခဲ့ရ....

ပဲခူးတိုင်း အနောက်ခြမ်း ရွှေတောင်မြို့နယ်၊ ပေါင်းကျိုးကျေးရွာတွင် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် (UMFNP) ပါတီမှ ပါတီလုပ်ငန်းများ ဆောင်ရွက်နေစဉ် အနှောင့်အယှက် ပေးခံခဲ့ရသည်။

ဦးကျော်ကျော်လွင် ဦးဆောင်သည့် ပါတီစည်းရုံးရေး အဖွဲ့မှ ယမန်နေ့ညတွင် ကျေးရွာအတွင်း ပါတီဝင်များအား ပါတီဝင်ကဒ်များ ထုတ်ပေးနေစဉ် စွမ်းအားရှင် အဖွဲ့ဝင်တစ်ဦးက အနှောင့်အယှက် ပေးခဲ့သည်ဟု ပါတီဥက္ကဌ ဦးအေးလွင်က ယခုလို ပြောသည်။

“သူက ပါတီဝင်ကဒ်ပြားတွေကို နောက်ကနေ ၀င်နိုက်တော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ပြောတာပေါ့ဗျာ။ ဒီလိုလုပ်လို့ မရဘူး။ ပါတီဝင်မယ်ဆိုလည်း ၀င်ပေါ့။ အဲဒီမှာ မခြေမငံတွေနဲ့ မင်းတို့ စည်းရုံးရေးလည်း လုပ်လို့ မရဘူး။ အစည်းအဝေးလည်း လုပ်လို့ မရဘူးပေါ့။ အဲတာ ပြန်ပြောတော့ ကျနော်တို့ စည်းရုံးရေးလည်း လုပ်တာ မဟုတ်ဖူး။ အစည်းအဝေးလည်း လုပ်တာ မဟုတ်ဖူးပေါ့။ စည်းရုံးပြီးသား လူတွေကို ကဒ်လာထုတ်ပေးတာပေါ့။ ဒီကဒ်တွေကို ပြန်တောင်းတော့ မင်းတို့ ကဒ်ကို ပြန်လည်းမပေးနိုင်ဘူး၊ ဖြဲပစ်လို့လည်း ရတယ် ဆိုပြီးတော့ ကဒ်ကို ဖြဲတယ်။ ကဒ်ဖြဲလို့ မရတော့ အဲဒီမှာ လုံးခြေပြီး လွင့်ပစ်တယ်တဲ့။”

၎င်းကျေးရွာနေ ကိုအုန်းသိန်း ဆိုသူက ယခုလို ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြစ်မှု မျိုးစုံဖြင့် ထောင်ကျဖူးကာ ကျေးရွာအတွင်း စွမ်းအားရှင် အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု သိရကြောင်း ဦးအေးလွင်က ဆက်ပြောသည်။   

နှစ်ဖက် အခြေအတင် ဖြစ်နေစဉ်တွင် ကိုအုန်းသိန်းမှ လေးဂွဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် တစ်ရွာတည်းနေ UMFNP ပါတီအဖွဲ့ဝင် ကိုအောင်လှိုင်ဝင်း၊ အဖွဲ့ခေါင်းဆောင် ဦးကျော်ကျော်လွင် တို့နှစ်ဦးနှင့်အတူ တခြားရွာသားများ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ပြောသည်။

“ဦးကျော်ကျော်လွင်ကတော့ နံရိုးတော်တော်နာသွားတယ်ပေါ့နော်။ အဲလိုလေးဂွနဲ့ ပစ်တော့ ကာတဲ့ အနေနဲ့ သူက ၀င်လုံးတော့ အဲဒီမှာ သူ့နံရိုးတော့ တော်တော်နာသွားတယ်တဲ့။ ကျန်တဲ့ ရွာခံလူတွေလည်း ၀ိုင်းကာ ကြတော့ ရွာခံလူတွေလည်း ထိတယ်တဲ့။”

UMFNP ပါတီမှ ဦးကျော်ကျော်လွင်နှင့်အတူ ပါတီဝင်များ ဖြစ်သည့် ဦးသိန်း၊ ဦးဟန်ကြည်၊ ကိုစန်းကို၊ ကိုတင်ကိုလတ် တို့ ငါးဦးတို့သည် ဒေသတွင်း စည်းရုံးရေး လုပ်ငန်းများနှင့် ပါတီလုပ်ငန်းများကို  ဆောင်ရွက်နေစဉ် ယခုလို ကြုံတွေ့ရခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များတွင် တာဝန်ရှိသည်ဟု “ကျနော်တို့ နိုင်ငံရေး လုပ်တဲ့ လူတွေမှာ ဒီလိုအကြမ်းဖက်ခံရတယ် ဆိုတာတော့ မဖြစ်သင့်ဘူးပေါ့။ အခုက ရဲတွေက လိုက်စောင့်ရှောက် ပြန်တော့လည်းပဲ ပြည်သူလူထုက အနားမကပ်ရဲဘူးလေ။ ရဲတွေ မပါတော့လည်း အဲလိုမျိုးဆိုတော့ နိုင်ငံရေးကိစ္စ တော်တော်ကို စွန့်လွတ်စွန့်စားပြီးတော့ လုပ်နေရတဲ့ အခြေအနေမျိုးတော့ ရောက်တာပေါ့ဗျာ။ ရွေးကောက် ပွဲလည်း လုပ်တော့မယ်ဆိုတော့ အဲလိုအခြေအနေတွေ မရှိအောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အာဏာပိုင်တွေမှာ တာဝန်ရှိတာပေါ့ဗျာ။ အဲလိုလုပ်ဖို့လည်း ကျနော်တို့ အနေနဲ့ တိုက်တွန်းချင်ပါတယ်” ဦးအေးလွင်က ပြောသည်။

ပါတီအဖွဲ့ဝင်များ အနှောင့်အယှက် ပေးခံခဲ့ရမှုသည် သြဂုတ်လ ၂၆ ရက်နေ့ည ကိုး နာရီကျော်အချိန်က ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ရွှေတောင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်ဟု သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီအား ရွေးကောက်ပွဲ ကော်မရှင်က ဧပြီလ ၂၂ ရက် နေ့တွင် မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီ၊ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) တို့နှင့် ယခုလ ၂၁ ရက်နေ့က မဟာမိတ်ပါတီ ဖွဲ့ထားခဲ့သည်။

 

 

 

 

 

 

 

Most read this week