စစ်အစိုးရ တောင်းဆိုမှုကို အပစ်ရပ် အဖွဲ့များ ငြင်းပယ်

စစ်အစိုးရ တောင်းဆိုမှုကို အပစ်ရပ် အဖွဲ့များ ငြင်းပယ်
by -
ဇော်ကြီး

ရှမ်းပြည်နယ်အရှေ့ခြမ်းရှိ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက ဖိအားပေးတောင်းဆိုလာသည့်အပေါ် ထပ်မံငြင်းပယ်...

ရှမ်းပြည်နယ်အရှေ့ခြမ်းရှိ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက ဖိအားပေးတောင်းဆိုလာသည့်အပေါ် ထပ်မံငြင်းပယ် လိုက်သည်။

စစ်အစိုးရ၏ စစ်ဖက်ရေးရာ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က နယ်ခြားစောင့်တပ် (သို့မဟုတ်) ဌာနေပြည်သူ့ စစ်တပ် ဖွဲ့ရေးထက် လုံးဝလက်နက်ချရမည်ဟု ပြောဆိုခဲ့မှုအပေါ် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် မိန်းလား ခေါ် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA) ခေါင်းဆောင်တို့က ငြင်းပယ် လိုက်သည်ဟု ရှမ်းသံတော်ဆင့်သတင်းအယ်ဒီတာ ဦးစိန်ကြည်က ယခုလို ပြောသည်။

“မနေ့က မိန်းလန်းနဲ့ ပန်ဆန်း အဖွဲ့နှစ်ဖွဲ့ အစည်းအဝေး လုပ်ပြီးတော့ ဆုံးဖြတ်ချက် ချလိုက်ပြီ။ မနေ့က ညနေပိုင်း လောက်မှာ ဗိုလ်ရဲမြင့်ဆီ စာပြန်လိုက်ပြီ။ စကားလုံး ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့လေးတွေ သုံးပြီးမှ အကြောင်းပြန်လိုက်တယ်။ အဓိပ္ပါယ်က အနှစ်ချုပ်လိုက်လို့ရှိရင် သူတို့က လက်မခံဘူး။”

“၀” နှင့် မိန်းလား အဖွဲ့ခေါင်းဆောင်များ ယခုလ ၂၀ ရက်နေ့က ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ ဆွေးနွေးခဲ့စဉ် နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရေး ကိစ္စများ သတ်မှတ်ရက် ကုန်ဆုံးသွားသည့်အတွက် လုံးဝလက်နက်ချရမည်ဟု  ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောကြောင်း ဦးစိန်ကြည်က ဆက်ပြောသည်။

“အခုနောက်ဆုံး မနေ့က သိရတာ။ ရဲမြင့် ပြောတာက နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဘာညာဆိုတာ အခွင့်အရေး မရှိတော့ဘူး။ သူ့သက်တမ်း ကုန်ဆုံးသွားပြီ။ လုံးဝလက်နက် ချရေးပဲ ပြောတယ်တဲ့။ အဲတာ စက်တင်ဘာ (၁) ရက် နောက်ဆုံး ထားပြီးတော့မှ လုပ်မလုပ်၊ လက်ခံမခံ အကြောင်းပြန်ဖို့ပဲ။”

ထို့အပြင် လာမည့် နိုဝင်ဘာလ (၇) ရက်နေ့တွင် စစ်အစိုးရ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၀ နယ်မြေအတွင်း ပြုလုပ်ရန် မဖြစ်နိုင်သေးကြောင်း အနုနည်းဖြင့် တုန့်ပြန်ပြောဆိုခဲ့သည်ဟု သိရသည်။

နှစ်ဖက် တင်းမာသည့် အခြေအနေဟု မဆိုသာသော်လည်း ယခုရက်ပိုင်းအတွင်း ပန်ဆန်းမြို့ပေါ်၌ ယခင်က နှင့်မတူပဲ ငြိမ်သက်နေပြီး မြို့ပေါ်ရှိ စစ်အစိုးရ တပ်ဖွဲ့ဝင်များအား စခန်းတာဝန်ရှိသူများက အကြောင်းမဲ့ ပြင်ပထွက်ခွင့်ကို ပိတ်ပင်ထားသည်ဟု အမည် မဖော်လိုသည့် “၀”တပ်ဖွဲ့ဝင်တစ်ယောက်က ယခုလို ပြောသည်။

“ဈေးသွားဈေးလာတာကလွဲလို့ ဘယ်မှ မထွက်ခိုင်းဘူးကော။ သူတို့ လူကြီးတွေ။ သူတို့ နေရာ ပတ်ပတ်လည်မှာ စောင့်ထားပြီကော။ မြို့ထဲမှာလည်း ညကိုးနာရီဆိုရင် လူသွားလူလာတောင် မရှိတော့ဘူး။ တိတ်ဆိတ်နေတာပဲ။”

ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ မိန်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် ဗိုလ်ချုပ် ပန်ဖ ဦးဆောင်သည့် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်ဖွဲ့ ခေါင်းဆောင်များ လွန်ခဲ့သည့်လ နောက်ဆုံးအပတ်က ၀ဒေသ ပန်ဆန်းမြို့တွင် စစ်ရေး မဟာမိတ် ဖွဲ့ထားသည် ဟု သတင်းရရှိသည်။

 

 

 

 

 

 

Most read this week